Wednesday, December 31, 2014

ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တာက ဖွဲ့စည်းပုံပြင်ဆင်ရေး ခက်နေတာက သူရဦးရွှေမန်း


တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးက နီးတစ်ခါဝေးတစ်လှည့် အတက်အကျ အနိမ့်အမြင့်အလိုက် သွားနေတာတွေကို မြင်တွေ့ ရပါတယ်။ဆွေးနွေးမှုတွေ စတင်ခဲ့တဲ့ ၂ဝ၁၃ ခု နှစ် မြစ်ကြီးနားဆွေးနွေးမှုကစတင်လို့ ရေတွက်ကြည့်မယ် ဆိုရင် ပြီးခဲ့တဲ့ စက်တင်ဘာလဆွေးနွေးပွဲဟာ ခြောက်ကြိမ်မြောက်ဆွေးနွေး ပွဲဖြစ်ခဲ့ပြီး တကယ်လို့ ဇန်နဝါရီ လဆွေးနွေးမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင် ခုနစ်ကြိမ်မြောက် ဖြစ်လာတော့မှာပါ။

ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲတွေကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့သြဂုတ် လဆွေးနွေးပွဲမှာ အရင် ဆွေးနွေးမှုတွေ တုန်းက အဓိကတစ်ဆို့နေတဲ့ အချက်ဖြစ်တဲ့ နိုင်ငံရေးဆွေး နွေးပွဲရလဒ်အပေါ် မူတည်ပြီး ဖက်ဒရယ်ပြည် ထောင်စု ထူထောင်ရေးကို သဘောတူညီသည် ဆိုတဲ့အချက်နဲ့ပတ်သက်လို့ အပစ်ရပ်စာချုပ်မှာ ထည့် သွင်းနိုင်ခဲ့တဲ့အထိ အခြေအနေကောင်းခဲ့တာ တွေ့ရပါ တယ်။

အဲဒီဆွေးနွေးပွဲနောက်ပိုင်းမှာတော့ သိကြတဲ့အ တိုင်းပါပဲ စက်တင်ဘာဆွေးနွေးပွဲမှာတော့ အခြေအနေ တွေက မကောင်းခဲ့သလို ငြိမ်းချမ်းရေးဖြစ်စဉ်ကလည်း တိုက်ပွဲတွေနဲ့ ထိတွေ့မှုတွေအကြားမှာ နိမ့်တစ် ခါမြင့် တစ်လှည့်နဲ့ တစ်ခါတစ်ခါ လမ်းမှာရပ်တန့်နေတာတွေ ဖြစ်လိုက်ပါပဲ။ ချုပ်ကြည့်မယ်ဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က (Genuine Federal) စစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပုံစံအထိ တောင်းဆိုနေတာနဲ့ အစိုးရဘက်က အဲဒီလောက်အဆင့်အထိပေးဖို့ အသင့် မဖြစ်သေးတာတွေ ကြောင့်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေး ပွဲတွေပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွေ ဆက်ဖြစ်နေသေး တယ်ဆိုတဲ့အနေအထားကတော့ အဆိုးထဲကအ ကောင်းလို့ပြောရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ UPWC နဲ့ NCCT ညှိနှိုင်းရေးဆွေးနွေးပွဲ အပြီးမှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးပွဲတွေကို ဇန်နဝါရီလအတွင်းမှာ ပြန်လည်ဆွေးနွေး ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာလည်း တွေ့ရပါတယ်။ တစ်ချိန်တည်းမှာလိုလိုပဲ အဲဒီကာ လတွေအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဥပဒေ ကြမ်းတွေကို လွှတ်တော်မှာ တင်သွင်းဆွေးနွေးကြတော့ မှာ ဖြစ်ပါတယ်။ လွှတ်တော်က ဇန်နဝါရီ ၁၉ရက်လောက် မှာ စမှာဖြစ်ပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ ဆွေးနွေးဖြစ်ရင်လည်း အဲဒီကာလလောက်မှာပဲ ဆွေးနွေးဖြစ် မှာပါ။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးမှုတွေနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးနေတာဟာ လမ်းကြောင်းချင်းမတူ ဘူးလို့ ယူဆစရာရှိပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးက ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေနိုင် တဲ့ ကိစ္စတွေရှိနေတဲ့ အတွက် ဇန်နဝါရီလအတွင်း ပြန် လည်ပြုလုပ်ကျင်းပမယ့် လွှတ်တော်မှာ ဖွဲ့စည်းပုံပြင် ဆင်ရေးဆွေးနွေးမှုတွေကလည်း ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် အတိုင်းအတာတစ်ရပ်အထိ အရေးပါနေတာ တော့ အမှန်ပါပဲ။

တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှု
**************************************
လက်ရှိတိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုတွေ ကို ကြည့်မယ်ဆိုရင် ရှစ်ပြည်နယ်လို ကိစ္စတွေရှိသလို ရှိ ပြီးသားဖွဲ့စည်းပုံအပေါ်မှာ အခွင့်အရေးတိုးမြှင့်ရလာ ဖို့ဆိုတဲ့ ချဉ်းကပ်မှုမျိုးလည်းရှိနေပါတယ်။ လက်ရှိ ရှိနေ တဲ့ ပြည်နယ်နှင့်တိုင်း ၁၄ခုကိုအခြေခံထားတဲ့ ၂ဝဝ၈ ဖွဲ့ စည်းပုံမှာ တိုင်းရင်းသားတွေအတွက် လွယ်လွယ် ကူကူ နဲ့ ဘယ်အချက်တွေက မြန်မြန်ပြင်လို့ရတယ်ဆိုတာနဲ့ အဲ ဒီလိုပြင်လိုက်တာနဲ့ ပြည်တွင်းစစ်ချုပ် ငြိမ်းရေးအတွက် ဘယ်လိုအထောက် အကူပြုနိုင်တယ်ဆိုတာ တတ်နိုင်သမျှ လေ့လာကြည့်ရအောင်ပါ။ နောက် အပြီးအဟန့်အတား ဖြစ်စေတာက ဘာလဲဆိုတာကိုလည်း ဆက်လေ့လာ ကြည့်ပါ့မယ်။

တိုင်းရင်းသားအရေးတွေနဲ့ ပတ် သက်လို့တော့ တိုင်းရင်းသားပါတီ တွေအပါအဝင် ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ရွေးချယ်မှုတွေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေကနေတစ်ဆင့် ရွေးချယ်ဖို့ တင်ပြထားပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တစ် ဦးကတော့ ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရွေး ချယ်မှုကို လက်ရှိအတိုင်းပဲ သမ္မတကနေ ရွေးချယ်မှုပုံစံ အတိုင်းပဲ ထားသင့်တယ်လို့ ပြီးခဲ့တဲ့လွှတ်တော်အစည်း အဝေးတွေတုန်းက ဆွေးနွေးသွားတာ တွေ့ရပါတယ်။

တပ်မတော်အနေနဲ့ ခုလိုပြောနေပေမယ့် လည်း အတည်ယူလို့မရနိုင်ပါဘူး။ ပြီးခဲ့တဲ့နိုဝင်ဘာလ တုန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆွေးနွေးနေတုန်း အချိန်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား ဆွေးနွေးပွဲ အဆင်မပြေမှုတွေကနေ တင်းမာမှု တွေရှိနေတဲ့အတွက် အဲဒီလို ထုတ်ဖော်ပြောဆိုလာ တာ လို့ ယူဆလို့ရပါတယ်။ အခုကတော့ အစိုးရနဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေအကြား ဆွေးနွေးပွဲ တွေကလည်း ပြန်ဖြစ်နေတာရယ်၊ တပ်မတော်အနေနဲ့ ပြည်နယ်တွေ တိုင်းတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ငြိမ်းချမ်းရေးအထောက်အကူပြုဖို့အတွက် ရည်ရွယ်ပြီး ပေးနိုင်တာကလည်း စဉ်းစားစရာ အချက်တစ်ချက် ပါပဲ။ ဒါကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကို အလိုချင်ဆုံး သူတွေက တပ်မတော်သား တွေဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုထားတာကြောင့်ဖြစ်သလို မကြာသေးမီကပဲ သူ့ရဲ့ ငြိမ်းချမ်းရေး အတွက် လမ်းညွှန်ချက်ခြောက်ချက်ထဲက အချို့ စကားလုံးတွေ ဖြုတ်ပေးခဲ့တာကြည့်ရင် သိနိုင်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ရွေး ချယ်မှုနဲ့ပတ်သက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ကိုကြည့်မယ်ဆိုရင် အဲဒီပုဒ်မကိုပြင်ဖို့အတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆(က)မှာလို ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပစရာ မလိုပါဘူး။ လွှတ်တော် ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုနဲ့ လူထုဆန္ဒခံယူပွဲမလိုဘဲ ပုဒ်မ ၄၃၆(ခ)အရသာ ပြင်ဆင် ရမှာပါ။

ဒါ့အပြင် ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့ တွေမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြီးမှူး ကနေ အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးတွေ ဖြစ်နေတဲ့ကိစ္စကလည်း ထိုနည်းလည်းကောင်းပါပဲ။ ပြည်ထောင်စု လွှတ် တော်ရဲ့ ဥပဒေပြုခွင့်နဲ့ပတ်သက်တဲ့ အချို့ကိစ္စရပ်တွေ ကို ပြည်နယ်လွှတ်တော်တွေကို ခွဲဝေပေးဖို့ ကိစ္စ၊ ပြည် နယ်နဲ့တိုင်းဒေသကြီး အစိုးရတွေ ကောက်ခံရမယ့် အခွန် ဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နောက်ဆက်တွဲဇယား (၁)၊ (၂) ၊(၅)စတဲ့အခန်း တွေကို ပြင်ဆင်နိုင်ဖို့ကလည်း ခက်ခဲတဲ့ကိစ္စတွေမဟုတ် ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုကြပါတယ်။

ပြင်လိုက်တာနဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်တော့မဟုတ်သေး
****************************************************************
အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက် တာနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပုံစံဖြစ်လာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ဖက်ဒရယ်စနစ်မှာ အရေးကြီးဆုံး အချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သွေဖည် ခြင်းမရှိတဲ့ ပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေ တွေရှိရပါမယ်။ ပြည်နယ်အလိုက် ကာကွယ်ရေး တပ်တွေ ရှိရမှာဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်ရဲတပ်ဖွဲ့တွေက လည်း ပြည်နယ်အစိုးရတွေရဲ့ လက်အောက် မှာရှိရပါမယ်။ ဖက်ဒရယ်စနစ်မှာ များသောအားဖြင့် ကာကွယ် ရေး၊ ပြည်ထဲရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြား ရေး ကိစ္စတွေကို ဗဟိုအစိုးရက တိုက်ရိုက်ကိုင်တွယ်ရမှာဖြစ်ပြီး ရဲတပ် ဖွဲ့တာဝန်တွေကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာနလက် အောက်မှာဆိုရင် ဘယ်လိုလုပ်ရမယ်၊ ပြည်နယ်နဲ့တိုင်း ဒေသကြီးအောက်မှာရှိတဲ့ ရဲတပ် ဖွဲ့တွေက ဘယ်လိုဆို တာ တိတိကျကျ ပြဋ္ဌာန်းထားရမှာဖြစ်ပါတယ်။ လော လောဆယ်အခြေအနေအ ရတော့ အဲဒီလောက်အဆင့် ရောက်ဖို့ တော်တော်လိုပါသေးတယ်။ ဒါပေမဲ့ တိုင်း တွေ ပြည်နယ်တွေကို ဗဟိုကနေသင့်တင့်လျောက်ပတ် တဲ့အာဏာနဲ့ သယံဇာတခွဲဝေမှုတွေ စပေးထားနိုင်မယ်ဆိုရင် နောက် အစိုးရသက်တမ်း နှစ်ကြိမ်လောက်အတွင်း မှာကို စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင် နိုင်ဖို့ လမ်းစ ဖွင့်ပေးရာရောက်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ကိုကျော်လင်းဦး ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးပြုလုပ်ရာမှာ အနာဂတ် မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ကို ဦး တည်ပြီး အခုကတည်းက တစ်ဆင့်ချင်းစီ ပြင်သင့်တာ တွေကို မြန်မြန်ထက်ထက်ပြင်သွားဖို့လိုတယ်လို့ သူ့ရဲ့ ဒီမို ကရေစီတူဒေးသတင်းစာပါ ဆောင်းပါးမှာ ရေးသားထားပါတယ်။

ဖွဲ့စည်းပုံပြင်ပေးရင် အပစ်မြန်မြန်ရပ်ရေး တွန်းအားဖြစ်မယ်
**************************************************************
လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တွေ အ နေနဲ့ တောင်းဆိုနေတာက စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စုဖြစ်ပါတယ်။ သို့သော် တစ်ဖက်မှာလည်း သူတို့ အနေနဲ့ တဖြည်းဖြည်းသွားရမယ်ဆိုတဲ့မူက အခိုင်အမာ ရှိပြီးဖြစ်ပါတယ်။ နောက်တစ်ချက်က သူတို့အနေနဲ့ တိုင်း ရင်းသားအခွင့်အရေးအတွက် အာမခံချက်တွေကို မူဝါဒ အရ ခိုင်ခိုင်မာမာရချင်နေတာလည်း ကျွန်တော့်ရဲ့ သုံးနှစ်တာ သူတို့အဖွဲ့တွေ ကိုလေ့လာမှုတွေအရ တွေ့ရပါတယ်။

လက်ရှိအချိန်မှာဆိုရင် တိုင်းရင်းသားလက် နက်ကိုင်တွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီ အချို့ကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာ တွေ့ရပြီး ဖွဲ့စည်းပုံပြင်ပေးရင် ၉ဝ ရွေးကောက် ပွဲအနိုင်ရ တိုင်းရင်းသား ပါတီတွေအနေနဲ့ ရွေးကောက်ပွဲဝင်လာ ဖွယ် အနေအထားရှိနေတာကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ သဘောဆန္ဒတစ်ရပ်ကို လှစ်ဟပြသ နေသလို ဖြစ်နေပါတယ်။
လက်ရှိအခြေခံဥပဒေပြင်ဆင်မှုတွေမှာ ပြည် နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက် လို့ မြန်မြန်ဆန်ဆန်ပြုပြင်နိုင်ခဲ့ရင် ဥပဒေတစ်ရပ်ကဲ့သို့ ပေါ်လာခဲ့ရင် တိုက်ရိုက်မဟုတ်ရင်တောင်မှ သွယ်ဝိုက် သောနည်းအားဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေး ထိုးဖို့အတွက် တွန်းအားဖြစ်စေ ပါလိမ့် မယ်လို့လည်း လေ့လာသူတွေက တညီတညွတ်တည်း သုံးသပ်ကြပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော်ဝင်းက လက်ရှိမှာ အမေရိကန်ပြည်ထောင်စုလို ဖက်ဒရယ်ပုံစံ ကို ချက်ချင်းသွားဖို့ အခက်အခဲ ရှိနေတယ်ဆိုရင်တောင် နောင်တစ်ချိန်မှာ ဖက်ဒရယ်ကို မဖြစ်မနေသွားရမှာဖြစ် တဲ့အတွက် လက်ရှိအချိန်ကတည်းက ဖက်ဒရေစီပုံစံ (တပြည်ထောင်ပုံစံမဟုတ် ဖက်ဒရယ်လည်းမဟုတ် ကြား အဆင့်)လူမျိုးဘာသာစကားနှင့် ယဉ်ကျေးမှုအရ ဖက် ဒရယ်သဘောဆောင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး တို့တွင် ဗဟိုချုပ်ကိုင်မှုထားသည့်ပုံစံကို စဉ်းစားသင့်တယ် လို့ သူ့ရဲ့ ဖက်ဒရယ် လစ်ဇင်နဲ့ပတ်သက်တဲ့ အကြံပြုစာ တမ်းမှာ ထည့်သွင်းအကြံပြုထားပါတယ်။
ခက်တာက လွှတ်တော်နာယက
***********************************
ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မှာ ငြိမ်းချမ်းရေးမြန်မြန်ရဖို့ အဟန့်အတားတစ်ရပ်က လည်း ပေါ်လာဖွယ်ရှိနေတာကတော့ စိုးရွံ့စရာဖြစ်မိပါ တယ်။ ဒါကတော့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနဲ့ ပြည်ထောင် စုလွှတ်တော် နာယကအဖြစ် တာဝန်ယူနေတဲ့ လွှတ်တော် နာယကသူရဦးရွှေမန်းရဲ့ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်း မှုတွေမှာ ဖြေဆိုထားမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဗွီအို အေအမေရိကန်အသံနဲ့ တွေ့ဆုံမေးမြန်းမှုမှာဆိုရင် ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်မှုမှာ ထွက်ပေါ် လာတဲ့ ဥပဒေကြမ်းဟာ လာမယ့် ၂ဝ၁၅ရွေးကောက်ပွဲအပြီး ၂ဝ၁၆နှစ်ဆန်းပိုင်းမှာ ဖွဲ့စည်းရမယ့် လွှတ်တော်မှာမှ အတည်ပြုပေးရမှာ ဖြစ်တဲ့အကြောင်းနဲ့ အရေးကြီးတဲ့ ပြင်ဆင်မှုတွေဖြစ်တဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တွေကနေ ပြည်နယ်အစိုးရဝန်ကြီးချုပ် ခန့်အပ်မှုမျိုး တရားသူကြီးရွေးချယ်မှုမျိုး စတဲ့ကိစ္စရပ်တွေကို အခုလွှတ် တော် သက်တမ်းအတွင်း ပြုပြင်လိုက်မယ်ဆိုရင် လက်ရှိ အစိုးရတရား စီရင်ရေး စတဲ့ကဏ္ဍတွေမှာ ရှုပ်ထွေးမှု တွေ ဖြစ်လာလိမ့်မယ်လို့ ဆိုထားတာကြောင့်ပဲ ဖြစ်ပါ တယ်။
အဲဒီဥပဒေကြမ်းထဲက လူထုဆန္ဒခံယူပွဲလုပ်စရာ တွေကို လာမယ့်မေလအတွင်း လူထုဆန္ဒခံယူပွဲလုပ်ရ မယ်။ လာမယ့်၂ဝ၁၆မှာစတင်မယ့် ပထမအကြိမ်မြောက် လွှတ်တော်မှာမှ အတည်ပြုရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

တကယ်တော့ သူ့ရဲ့ပြောဆိုချက်တွေဟာ အချို့ ခက်ခက်ခဲခဲပြင်ရမယ့် ပုဒ်မတွေအတွက် ဆီလျော် ကောင်းဆီလျော်မှာ ဖြစ်ပေမယ့် ပြည်သူ့ဆန္ဒခံယူပွဲ လုပ် စရာမလိုတဲ့ ပုဒ်မတွေနဲ့ပတ်သက်လို့ အချိန်ဆွဲမယ့်စကား မျိုးပြောတာကတော့ ခုလို ပြည်တွင်းငြိမ်းချမ်းရေးအ တွက် အရေးကြီးနေတဲ့ ကာလမျိုးမှာ ဆီလျော်မှုသိပ်ရှိ လှတာမဟုတ်ပါဘူး။ သူပြောတဲ့အတိုင်းသာ သွားမယ် ဆိုရင် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ်မှာပါ အများ ကြီးသက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် လာမယ့် ပထမနှစ်ဝက်လောက်အတွင်းသာ အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးနိုင်ခဲ့ရင် တစ်ဖက်နဲ့တစ်ဖက် လက်တစ်ကမ်းအကွာမှာသာရှိတဲ့ တပ်မတော်နဲ့တိုင်းရင်း သားတပ်တွေအကြား လာမယ့်၂ဝ၁၅ရွေးကောက်ပွဲပြီး တဲ့အထိ မပစ်ကြမခတ်ကြတော့ဘူးလို့ တွက်လို့ရသ လားလို့လည်း တိုင်းရင်းသား အင်အားစုတွေက မေးခွန်း ထုတ်ကြပါတယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအာမခံ ချက်အတွက် သော့တချို့ကို သူရဦးရွှေမန်းကိုင်ထား တယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရ အဖွဲ့တို့ရဲ့ ဆွေးနွေးမှုတွေမှာ လွှတ်တော်ဘက်ကနေ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေတဲ့ ဦးသိန်းဇော် ကလည်း စက်တင်ဘာငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အပစ် ရပ် လက်မှတ်ရေးထိုးပြီးရင် စာချုပ်ကို အတည်ပြုဖို့ဆို တဲ့ ပြဋ္ဌာန်းချက်မျိုး ဖွဲ့စည်းပုံမှာမရှိတာကြောင့် လွှတ်တော် မှာ လာရောက်ဆွေးနွေးရမယ်ဆိုတဲ့ သဘောမျိုး ပြော ဆိုမှုတွေကြောင့်လည်း လွှတ်တော် အပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ နဂိုကတည်းက အမြင်စောင်း နေတဲ့အတွက် သူရ ဦးရွှေမန်းရဲ့ ခုလိုပြောဆိုမှုတွေက လည်း အမြင်စောင်းစရာဖြစ်စေမှာ မလွဲဧကန်ပါပဲ။ သူရဦးရွှေမန်းက ဘာရည်ရွယ်ချက်နဲ့ ခုလို ပြောခဲ့တာလဲ။ ခုလိုလုပ်နေတာလဲ။ လွှတ်တော်က ဥပ ဒေအရ လုပ်ပိုင်ခွင့်ရှိ တယ်ဆိုပြီး တစ်ဖက်သတ်လုပ်မလို့ လားလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က မေးခွန်းထုတ်ပါတယ်။ ခုချိန်မှာပြင် လိုက်နိုင်ရင်တော့ အပစ်ရပ်ရေးအတွက် နီးစပ်တာပေါ့ လို့ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောသည်။

သူရဦးရွှေမန်းရဲ့ ပြောဆိုမှုတွေအတိုင်း သွား မယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် နှောင့်နှေးမှုတွေ ဖြစ်ပေါ်စေပြီး မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင် တယ်လို့ တိုင်းရင်းသားအင်အားစုတွေက တညီ တညွတ်တည်း ဆိုကြပါတယ်။ ၂ဝ၁၅ မတိုင်ခင် တိုင်းရင်းသားအ ရေးနဲ့ ပတ်သက်တဲ့ ပုဒ်မတွေက လွယ်လွယ်ကူကူနဲ့ ပြင် လို့ရပါတယ်။

ဒီအစိုးရသက်တမ်းအတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရကိစ္စတွေက ချက်ချင်းဖြတ်သွား တာကောင်း ပါတယ်။ ၂ဝ၁၆ တအားနောက်ကျတဲ့အ ပြင် ငြိမ်းချမ်းရေးအတွက် အမျိုးမျိုးဖြစ်သွားနိုင်တယ်လို့ ကွန်ဟိန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောပါတယ်။ဒေါ်ဒွဲဘူကတော့ ၂ဝ၁၆ မှ အတည်ပြုမယ် ဆိုရင်၂ဝ၂ဝ မှပြည်နယ်ဝန်ကြီးချုပ်တွေကိုရွေးရမှာ လား။ ဘယ်လိုလုပ် ငြိမ်းချမ်းရေးအတွက် အထောက် အကူဖြစ်နိုင်မလဲလို့ မေးခွန်းထုတ်ပါတယ်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်းကတော့ တိုင်းရင်းသားလက်နက်ကိုင် တွေက ဆင့်ကဲပြောင်းလဲမှုကိုလက်ခံဖို့ ခက်သူတွေများ ပါတယ်။ သူတို့နဲ့ငြိမ်းချမ်းရေးလုပ်ချင်တယ်ဆိုရင် တစ် ဖက်ကလည်း ဗဟိုချုပ်ကိုင်မှုတွေ တကယ်လျှော့ချနေပြီ ဖြစ်ကြောင်း သက်သေပြဖို့လိုတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကိစ္စကတော့ အခုပြင်ဆင်မှုသည် လာမည့် ၂ဝ၁၆ တွင်စတင်မည့် အစိုးရသက်တမ်း တွင် စတင်အကျုံးဝင် မည်ဆိုပြီး ပြင်လိုက်လို့ရတာပဲ။ ၂ဝ၁၆ မှာစမယ့်လွှတ် တော်မှာမှ အတည်ပြုမယ် ဆိုရင် ငြိမ်းချမ်းရေးက ကြာ သွားမယ်။ တိုင်းရင်းသားတွေအတွက် ပေးသင့်ပေးထိုက် တာ ပေးနိုင်တာကို မြန်မြန်ပေးပြီး လူမျိုးကြီးဝါဒမဟုတ် ဘူးဆိုတာကို ချေဖျက်ပြဖို့လိုနေပြီလို့ သုံးသပ်ပါတယ်။

Yangon Media Group

No comments:

Post a Comment

My Blog List