Tuesday, December 30, 2014

တက္ကသိုလ်များတွင် မကြာမီပြုလုပ်တော့မည့် ကျောင်းသားအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ရှင်းလင်း


မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းများတွင် မကြာမီပြုလုပ်တော့မည့် ကျောင်းသားအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး တက္ကသိုလ်ကျောင်း သားသမဂ္ဂများက ဒီဇင်ဘာ ၂၉ ရက်တွင် သတင်းစာရှင်း လင်းခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကျောင်းအာဏာပိုင်များမှ ဒီမိုကရေစီနည်းကျမဟုတ်ဘဲ ပြုလုပ်မည့် ကျောင်းတွင်း ရွေးကောက်ပွဲဖြစ်သဖြင့် တ.က.သ များ အနေဖြင့် မလိုလားကြောင်း၊ ကျောင်းအာဏာပိုင်များ အနေဖြင့် ကျောင်းသား အားလုံးသိရှိအောင်နှင့် ပွင့်လင်းမြင်သာမှုရှိအောင် ပြုလုပ်ပေးပြီးမှသာ ကျောင်းသား
ရွေးကောက်ပွဲကိုပြုလုပ်ရန် လိုလားကြောင်းရှင်းလင်းပြောကြား ခဲ့ကြသည်။

ထို့ပြင် ထိုသို့ကျောင်းအာဏာပိုင်များက ကျောင်းသားအသင်းအဖွဲ့ဖွဲ့စည်းခြင်းသည် ဒီမိုကရေစီနည်းလမ်း မကျဘဲ လက်ဦးမှုရယူကာ ဖွဲ့စည်းခြင်းဖြစ်သဖြင့် တက္ကသိုလ် ၁၉ ခုရှိ ကျောင်းသားသမဂ္ဂများက အချက် ငါးချက်ပါ သဘောထားကြေညာချက်ကိုလည်း ဒီဇင်ဘာ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်ထဲတွင် ကျောင်းသားအသင်းအဖွဲ့များအတွက် ပြုလုပ်မည့် ကျောင်းတွင်း ရွေးကောက်ပွဲ များကို ကျောင်းသားကိုယ်စားလှယ်၊ ဆရာကိုယ်စားလှယ်နှင့် ကျောင်းအာဏာပိုင်တို့ ပါဝင်သည့် ကျောင်း တွင်းရွေးကောက်ပွဲကော်မရှင်က ကျင်းပပြုလုပ်ပေးရန်၊ လက်ရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂများကိုလည်း ဖျက်သိမ်းသွားမည်မဟုတ်ဘဲ ကျောင်းအာဏာပိုင်များမှ လက်ရှိသမဂ္ဂအားလုံးကို အသိအမှတ်ပြုရမည်ဖြစ် ပြီး မကြာမီဖွဲ့စည်းတော့မည့် ကျောင်းသားအသင်းအဖွဲ့နှင့် တန်းတူလုပ်ပိုင်ခွင့်နှင့် အခွင့်အရေးအားလုံး ပေးအပ်ရမည်ဖြစ်ကြောင်းစသည်ဖြင့် ပါရှိသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဠ ကိုဇေယျာလွင်က“တစ်ချို့ ကျောင်းတွေမှာဆိုရင် အဲဒီလိုကျောင်းသားအသင်းအဖွဲ့တွေ ဖွဲ့စည်းမှုတွေပြုလုပ်ပြီးပြီလို့ တောင်ကြားရတယ်။ လက်သင့်ရာကျောင်း သားတွေပဲ ခေါ်သွားတဲ့အဖွဲ့အစည်းတွေ မဖြစ်စေချင်ဘူး။ ဒီမိုကရေစီနည်းကျကျ၊ ရွေးကောက်ပွဲတွေ၊ ဖွဲ့စည်း ပုံတွေ၊ ဘာတွေလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းတာဝန်တွေ တိတိကျကျရှိစေချင်တယ်။ လက်ရှိဖွဲ့စည်းပြီးသား ကျောင်းသားသမဂ္ဂတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိစေချင်တယ်။ အဲဒီလိုမှမဟုတ်ရင် အစိုးရကပြု လုပ်နေတဲ့ ကျောင်းသားအသင်းဖွဲ့ စည်းမှုတွေက ကျောင်းသားသမဂ္ဂတွေကို ဘေးဖယ်ထုတ်ချင်တဲ့သဘော ပဲ” ဟု ပြောကြားသည်။

“ကိုလိုနီခေတ် ၁၉၃၁ ခုနှစ်လောက်တုန်းကတောင်မှ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဖွဲ့စည်းပုံ၊ ရွေးကောက်တင်မြှောက်ပုံ၊ လုပ်ငန်းတာဝန်တွေက အားလုံး စနစ်တကျ ဖွဲ့စည်းခဲ့တယ်။ အစိုးရကလည်း ခွင့်ပြုခဲ့တယ်။ ကိုယ့်လူမျိုးတွေအုပ်ချုပ်တဲ့ အစိုးရကျမှ တက္ကသိုလ်ကျောင်းတွေ ရဲ့ကျောင်းသားအဖွဲ့အစည်း ဖွဲ့စည်းပုံတွေ တိတိကျကျမရှိဘူး  ဖြစ်နေတယ်”ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုနန်းလင်းက ဆိုသည်။

အမျိုးသားပညာရေးဥပဒေအား အလိုမရှိကြောင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် များ၏ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားလာခြင်းနှင့် နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သော “ကျောင်းသားယူနီယံ” အသုံးအနှုန်း ထွက်ပေါ်လာခဲ့ပြီးသည့်နောက်  တက္ကသိုလ်များတွင် ကျောင်းသားအဖွဲ့ (ယာယီ) ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းရန်စီစဉ်လာခဲ့ခြင်း ဖြစ်သည်။
    
ဉာဏ်ဝင်းရှိန်၊  သက်မင်း
Eleven Media Group

No comments:

Post a Comment

My Blog List