Monday, December 29, 2014

အဲအေးရှားလေယာဉ် ပျောက်ဆုံးမှုကို MH370 ဖြစ်ရပ်နှင့် မနှိုင်းယှဉ်သင့်ဟု ဩစတြေးလျ ဝန်ကြီးချုပ် ပြောကြား


အဲအေးရှားလေယာဉ် ပျောက်ဆုံးနေသော အခြေအနေသည် မလေးရှား လေကြောင်းလိုင်းပိုင် MH370 ပျောက်ဆုံးမှုကဲ့သို့ ပဟေဠိဆန်ဆန် အခြေအနေမျိုး မဟုတ်နိုင်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့တ်က ပြောကြားခဲ့သည်။

ဩစတြေးလျသည် ယခုနှစ် မတ်လ ၈ ရက်က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်းစဉ် အကြောင်း ရင်းမသိရဘဲ ပျောက်ကွယ်သွားသည့် MH370 လေယာဉ်ကို လိုက်လံရှာဖွေရာတွင် ဦးဆောင်ဦးရွက် ပြုနေသည့် နိုင်ငံဖြစ်သည်။ MH370 လေယာဉ်သည် လူပေါင်း (၂၃၈)ဦးနှင့်အတူ အဆက်အသွယ် ပြတ်တောက်သွားပြီး ယနေ့အချိန်ထိ ယင်း၏ ကံကြမ္မာကို တိတိကျကျ မသိရချေ။

ဒီဇင်ဘာ ၂၈ ရက်က စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ဂျာဗားပင်လယ်ပြင်ထက် အဆက်အသွယ်ပြတ် တောက် ပျောက်ဆုံးသွားသည့် အဲအေးရှား လေယာဉ်မှာမူ MH370 ကဲ့သို့ ပဟေဠိဆန်သော ကိစ္စများကို ဖြစ်လာစေနိုင်မည် မဟုတ်ဟု အက်ဘော့တ်က ယူဆထားသည်။

“တချို့က ဒီဖြစ်ရပ်ကို MH370နဲ့ ချိန်ထိုးခိုင်းနှိုင်း ပြောဆိုနေကြတယ်။ ဒါကတော့ တကယ့် အမှားကြီးတစ်ခု ပဲလို့ ကျွန်တော် ထင်ပါတယ်”ဟု ဩစတြေးလျ ဝန်ကြီးချုပ်က 2GB ရေဒီယိုသို့ ပြောကြားခဲ့သည်။ ၎င်းက “MH370 ဟာ ကျွန်တော်တို့ ကြုံဖူးသမျှ အကြီးကျယ်ဆုံး ပဟေဠိကြီးတစ်ခု ဖြစ်နေခဲ့တယ်။ အဲအေးရှား လေယာဉ်ပျောက်ဆုံးမှုကတော့ ဒီလို လျှို့ဝှက်ဆန်းကျယ် မဆန်နိုင်ပါဘူး။ လေယာဉ်က ပုံမှန် သတ်မှတ် လမ်းကြောင်းအတိုင်း၊ ပုံမှန် အစီအစဉ်အတိုင်း ပျံသန်းနေရာကနေ ရာသီဥတု ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံသွားတာပါ။ MH370 ဖြစ်ရပ်လို ဆန်းကျယ်နက်နဲတာမျိုး မရှိပါဘူး”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

အဲအေးရှား၏ ခရီးစဉ်အမှတ် QZ8601၊ Airbus A320-200 အမျိုးအစား ခရီးသည်တင် လေယာဉ်သည် လူပေါင်း (၁၆၂)ဦးကို တင်ဆောင်ပျံသန်းရင်း ဆိုးရွားသော ရာသီဥတုကြောင့် လမ်းကြောင်းပြောင်း ပျံသန်းခွင့်ပြုရန် လေကြောင်းထိန်းသိမ်းရေး မျှော်စင်သို့ ဆက်သွယ် အကြောင်းကြားခဲ့ပြီး မကြာမီတွင် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားခဲ့သည်။

Ref: Asiaone News
7Day News Journal

No comments:

Post a Comment

My Blog List