Friday, January 02, 2015

သုံးရောင်ခြယ် ဒေါင်းအလံကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ လွှင့်တင်



ရန်ကုန်မြို့တော်၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်း အကြားရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က လက်ရှိတရားဝင် အသုံးပြုနေသည့် နိုင်ငံတော်အလံကို ဖြုတ်ချ၍ ဒေါင်းရုပ်ပါ သုံးရောင် ခြယ်အလံကို လွှင့်တင်ထားသည်ကို တွေ့ရှိရကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
တရားလွှတ်တော်၊ နာရီစင်ရှိ အလံတိုင်တွင် အဆိုပါ သုံးရောင်ခြယ် ဒေါင်းအလံကို မည်သည့်အချိန်ကတည်းက လွှင့်တင် ထားသည်ကို မသိရှိရသော်လည်း အဆိုပါနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်က မြို့တော်ခန်းမရှေ့တွင် လူတစ်စုက လက်ပံ တောင်းတောင် ပြဿနာအတွက် ဆန္ဒထုတ်ဖော်ခဲ့ရာမှ လူအများ ဝိုင်းအုံလာစဉ်တွင် တဆင့်စကားကြောင့် လူအများ သတိပြု မိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

“ဘယ်အချိန်ကတည်းက လွှင့်ထားလဲတော့ မသိဘူး၊ ကျွန်တော်တို့လည်း အမှတ်တမဲ့ပဲ၊ တစ်ယောက်ပြော တစ်ယောက် ပြောနဲ့ ကျွန်တော်တို့လည်း သိရတာ” ဟု အဆိုပါ တရားလွှတ်တော် အနီးရှိ မိကျောင်းကန် သပိတ်စခန်းမှ ဦးခင်မောင်မြင့် က ပြောဆိုသည်။

အဆိုပါအလံမှာ လွတ်လပ်ရေး မရမီ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အကြား၊ ဂျပန်ခေတ်တွင် အသုံးပြုခဲ့သည့် အလယ်တွင် ကနေသည့် ဒေါင်းရုပ်ပါရှိပြီး ဝါစိမ်းနီ သုံးရောင်ခြယ် နောက်ခံအရောင် သဏ္ဌာန်ဖြစ်ကြောင်း၊ ယင်းသို့ တွေ့ရှိရပြီး မကြာ ခင်တွင် သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက အလံကို ပြန်လည်ဖြုတ်ချသွားကြောင်း မဟာဗန္ဓုလပန်းခြံအနီးတွင် ဆန္ဒ ထုတ်ဖော်နေသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားနေသူများက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံသို့ The Voice မှ နှစ်ကြိမ်တိုင် သွားရောက်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူများက တစ်စုံတစ်ရာ ပြောဆိုခြင်းမပြုပေ။

ယင်းသို့ နိုင်ငံတော်အလံ လွဲမှားလွှင့်တင်ထားမှု ဖြစ်ပေါ်ပြီးနောက် တရားလွှတ်တော်ဝင်း တံခါးကို နှစ်နာရီခန့် ပိတ်ထား ခဲ့ပြီး လက်ထပ်မင်္ဂလာ လက်မှတ်ရေးထိုးမည့်သူများ အပါအဝင် မည်သူ့ကိုမျှ ဝင်ခွင့်မပြုခဲ့ပေ။

သို့သော် မွန်းလွဲ ၂ နာရီက ဖြုတ်ချခဲ့သည့် အလံတိုင်တွင် တရားဝင် ပြဋ္ဌာန်းထားသည့် ကြယ်ဖြူပါ သုံးရောင်ခြယ်အလံကို ညနေ ၄ နာရီ ဝန်းကျင်တွင် ပြန်လည်လွှင့်တင်ထားသည်ကို တွေ့ရှိရသည်။ 

လက်ရှိ တရားဝင် ပြဋ္ဌာန်းထားသည့် ကြယ်ဖြူပါ သုံးရောင်ခြယ်အလံကို အဆိုပါ အဆောက်အအုံတွင် ယခင်က အမြဲမပြတ် လွှင့်တင်ထားခြင်း ဖြစ်ပြီး အဆိုပါဖြစ်စဉ်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တရားရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အမှုဖွင့်ထားပြီး ယင်းသို့ ဒေါင်းအလံနှင့် လဲလှယ်လွှင့်တင်သူကို ၂၀၁၀ ပြည့်နှစ် နိုင်ငံတော်အလံဥပဒေ၊ ပုဒ်မ ၁၆ ဖြင့် အမှုဖွင့်ထားကာ စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှူးက The Voice သို့ ပြောကြားသည်။

နိုင်ငံတော်အလံ မှားယွင်းလွှင့်တင်မှုအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို အလံတော် ဥပဒေအရ တရားစွဲဆိုနိုင်ပြီး ၁၉၈၈ ခုနှစ်က အလားတူဖြစ်ရပ်မျိုး ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် ဖြစ်ပွားခဲ့ဖူးကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

“မြို့နယ်သမဝါယမဦးစီးမှူး ရုံးမှာ ဖြစ်တာ ဦးနုအစိုးရ လက်ထက်က အသုံးပြုတဲ့ ကြယ်ငါးပွင့် အလံကို လွှင့်ထားတာ ဦးစီးမှူးရယ်၊ ရုံးအုပ်ရယ်၊ ညစောင့်ရယ် သုံးဦးကို တရားစွဲခံရတယ်၊ အဲဒီတုန်းကတော့ တပ်မတော် အာဏာသိမ်းခါစ၊ ၈၈ အရေးအခင်းမှာ အလံတွေကလည်း အမျိုးမျိုးကိုင်ခဲ့တာ ဆိုတော့ ညစောင့်က မသိလို့ မှားလွှင့်မိတာ။ ဒါပေမဲ့ သူထောင်ကျ သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိ အသုံးပြုနေသည့် ဝါ၊ စိမ်း၊ နီ နောက်ခံ အရောင်ပေါ်တွင် ကြယ်ဖြူပါရှိသည့် အလံတော်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် တရားဝင် အတည်ပြု ထားခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ် အတွင်းက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံတွင် အဆိုပါ အလံတော်ကို ပြောင်းပြန် တပ်ဆင်ခဲ့ ဖူးသည်။

The Voice Weekly

No comments:

Post a Comment

My Blog List