Friday, January 02, 2015

အကြမ်းဖက်မှု ရပ်တန့်ရေး အင်းလျားကန်တွင် ပါဖောမန့်ပြုလုပ်


မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပြဿနာများအပေါ် အစိုးရမှ အကြမ်းဖက် ဖြိုခွင်းနေမှုများကို ရပ်တန့်ရေး လှုပ်ရှားမှုတစ်ခုကို ရန်ကုန်မြို့ရှိ လူငယ်အဖွဲ့အစည်း ငါးခု ပူးပေါင်းကာ ရန်ကုန်မြို့၊ အင်းလျားကန်ပေါင်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်တွင် ပြုလုပ်ခဲ့သည်။

အစိုးရအနေနှင့် အကြမ်းဖက်မှုများကို ရပ်တန့်ပြီး တရားဥပဒေစိုးမိုးစေရန် ရည်ရွယ်သည့် အဆိုပါ လှုပ်ရှားမှု တွင် ရန်ကုန်-လိုင်ဇာ လမ်းလျှောက်အဖွဲ့၊ အဖြူရောင်တွဲလက်များ၊ ရန်ကုန်လူငယ်ကွန်ရက်၊ Generation Wave နှင့် National Youth Congress အဖွဲ့များမှ လူငယ် ၂၀ ဝန်းကျင်က ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်တွင် တရားမျှတမှု သင်္ကေတဖြစ်သည့် Lady Justice ရုပ်ပုံသဏ္ဌာန် ဝတ်ဆင်ပြသခဲ့ခြင်း ဖြစ်သည်။

မကြာခင်က ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် အဓိကရုဏ်း၊ မိကျောင်းကန်သပိတ် အပါအဝင် အခြားသော ပြဿနာများကို အစိုးရက အကြမ်းဖက်ဖြိုခွင်းခြင်းများ ပြုလုပ်ခဲ့ပြီး နောက်နောင်တွင် ယင်းသို့မပြု လုပ်ဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာရန်အတွက် အဆိုပါလှုပ်ရှားမှုကို ပြုလုပ်ခြင်း ဖြစ်ကြောင်း National Youth Congress မှ ကိုသက်ဆွေဝင်းက ပြောကြားသည်။

“ဖြစ်သမျှ ပြဿနာတိုင်းကို တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်၊ အကြမ်းဖက်တယ် ဆိုတာကြီးက ဘယ်လိုမှ လက်ခံလို့မရဘူး၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တစ်ခုမှ အကြမ်းဖက်တယ် ဆိုတာက အရမ်းကို ရှက်ဖို့ကောင်းတဲ့ ကိစ္စပါ။ ဒီဟာကို ကျွန်တော်တို့ အနေနဲ့ ဖြစ်သမျှ ပြဿနာကို နောက်ထပ် ထပ်ပြီးတော့ နိုင်ငံရေး ပြဿနာတွေ ထပ်ဖြစ်လာလို့ရှိရင် အဲဒီ ပြဿနာတွေကို အစိုးရအနေနဲ့ အကြမ်းမဖက်ဘဲနဲ့ တွေ့ ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့အတွက် ကျွန်တော်တို့ တောင်းဆိုခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယခုပြုလုပ်သည့် လှုပ်ရှားမှုကို အဆိုပါ အဖွဲ့အစည်းငါးခု ပူးပေါင်းဖွဲ့စည်းထားသည့် အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် တရားမျှတမှု ပေါ်ပေါက်ရေး လှုပ်ရှားမှု ကော်မတီ အဖြစ် ဖွဲ့စည်းကာ ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်ထဲတွင်လည်း အလားတူ လှုပ်ရှားမှုများအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သင်တန်းများပေးခဲ့သည့် ဥရောပသမဂ္ဂနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် ကဗျာရွတ်ခြင်း၊ သီချင်းများ တီးခတ်သီဆိုခြင်းနှင့် ငြိမ်းချမ်းရေး စကားစုများ ရေးထိုး ထားသည့် စာရွက်များကို သစ်ပင်များတွင် ချိတ်ဆွဲခြင်းများလည်း ပြုလုပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List