Tuesday, December 30, 2014

၁၂ ကြိမ်မြောက် လွှတ်တော်တွင် အခြေခံဥပဒေကို အပြီးပြင်မည်ဆို



ဇန်န၀ါရီ ၁၉ ရက်တွင် စတင်ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို အပြီးအပြတ် ဆောင်ရွက်နိုင်မည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ချောင်းဦးမဲဆန္ဒနယ် အမတ် ဦးစောလှထွန်းက မဇ္ဈိမကို ပြောသည်။
“အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ ဘယ်ပုဒ်မတွေကို ပြင်မလဲဆိုတာ လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ပြင်ရမယ့် ပုဒ်မစာရင်း ထွက်လာပါမယ်။ ပြီးရင် အခြေခံဥပဒေပြင် ဆင်ရေး အကောင်အထည်ဖော်မှုလုပ်ငန်း ကော်မတီ ကတစ်ဆင့် ပြည်ထောင် စုလွှတ်တော် ဥပဒေကြမ်း ကော်မတီကို လွှဲရပါမယ်၊ ဒီ ၁၂ ကြိမ်မြောက် အစည်း အဝေးမှာပဲ အပြီးပြင်သွားမှာပါ” ဟု ဦးစောလှထွန်းက ပြောသည်။

လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဗုဒ်္ဓ ဘာသာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေအပါအဝင် မျိုးစောင့်ဥပဒေ လေးမျိုး၊ ၂၀၁၅-၁၆ ဘတ်ဂျက် ဥပဒေကြမ်း၊ ၂၀၁၅-၁၆ အမျိုးသား စီမံကိန်း ဥပဒေ၊ ၂၀၁၄ အခွန်အကောက် ဆိုင်ရာ ဥပဒေစသည့် ဥပဒေများကိုလည်း လွှတ်တော်က လက်ခံဆွေးနွေးသွားမည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရာတွင် ပုဒ်မ ၄၃၆ နှင့် ၉၅(စ) တို့ကမူ အများမျှော်လင့် ထားသလို ဖြစ်မလာနိုင်ဟုလည်း အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောသည်။

“လာမယ့် ၁၂ ကြိမ်မြောက်မှာ ၄၃၆ နဲ့ ၅၉(စ) က အောင်မှတ်မရနိုင်ဘူး၊ မမျှော်လင့်ပါနဲ့။ လေးပွင့်ဆိုင်နဲ့ ခြောက်ပွင့်ဆိုင်တွေ လည်း ဘာမှဖြစ်မလာနိုင်ဘူး။ အစ်မကြီး နေကောင်းလား။ အစ်မကြီးက တွေ့ချင် တယ်ဆိုလို့ မောင်လေးတို့ တွေရတာ ဆိုတာလောက်နဲ့ပြီးသွားမှာပဲ။ နီးစပ်တာက ၁၂ ပွင့်ဆိုင်ကိစ္စနဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေ စီးပွားလုပ်ကိုင်ခွင့်တွေ ပိုရ လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

အခြေခံဥပဒေ ဇယား (၁) (၂) တို့ကို အပြည့်အ၀ အကောင်အထည်ဖော် လာနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များ၏ ၁၂ ပွင့်ဆိုင်ကိစ္စကို အနိုင်ပေး အတည်ဖြစ်သွားနိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ထို့အတူ အစိုးရအဖွဲ့က ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းထားသည့် မျိုးစောင့် ဥပဒေလေးမျိုးတို့နှင့် ပတ်သက်ပြီး “သမ္မတ ကလည်း အမတ်ဦးရေအများဆုံး ဖြစ်တဲ့ အာဏာရပါတီကပဲ။ ဒီကိစ္စက ပါတီတွင်း ကြိုချ ပြထားပြီးမှ ဆုံးဖြတ်တာ မျိုး ဆိုတော့ ဒီဥပဒေတွေ အောင်မှတ် ရနိုင်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောဆို သည်။

သမ္မတနှင့် ပြည်ထောင်စု နာယကကြီးတို့ နေရာ၊ အာဏာကိစ္စများတွင် အကွဲအပြဲ ရှိနိုင်သော်လည်း သဘောထားကွဲစရာ မရှိဟုလည်း ၎င်းကပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List