Monday, December 29, 2014

ပျောက်ဆုံးနေသည့် အဲအေးရှားလေယာဉ် ပင်လယ်ကြမ်းပြင်အောက် ရောက်နေခြင်း ဖြစ်နိုင်ဟုဆို


ပျောက်ဆုံးနေသည့် အဲအေးရှား လေယာဉ်သည် ပျက်ကျသွားပြီး ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်တွင် နစ်မြုပ် နေခြင်း ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အမျိုးသား ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီ (BASARNAS)၏ အကြီးအကဲက မှတ်ချက်ပြု ပြောကြားခဲ့သည်။

လူပေါင်း (၁၆၂)ဦးကို တင်ဆောင်ပြီး စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ပျောက်ဆုံးသွားသော လေယာဉ်၏ အလားအလာသည် အဆိုးဆုံးဘက်သို့ ဦးတည်နေနိုင်ကြောင်း BASARNAS ၏ ညွှန်ကြားရေးမှူးချုပ် ဘမ်ဘန်း ဆိုလစ္စတိုက ဆိုသည်။

“ကျွန်တော်တို့ ရထားတဲ့ ကိုဩဒိနိတ် သတ်မှတ်ချက်တွေရယ်၊ လေယာဉ်ပျက်ကျနိုင်တဲ့ ခန့်မှန်းနေရာတွေ ရယ်ကို အခြေခံပြီး ခြုံငုံစဉ်းစားကြည့်တဲ့အခါ လေယာဉ်ဟာ ပင်လယ်ကြမ်းပြင် အောက်ခြေထိ ရောက်နေ တာမျိုး ဖြစ်နိုင်ခြေ များနေတယ်”ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ဘမ်ဘန်းက “ဒါက ကနဦးအဆင့် သံသယ သဘောထားမျှသာ ဖြစ်ပါတယ်။ လက်ရှိ ရှာဖွေရေး လုပ်ငန်း စဉ်တွေရဲ့ တိုးတက်မှု အနေအထားတွေကို အခြေခံပြီး ရလဒ်ပိုင်း အပြောင်းအလဲတွေ ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်”ဟုလည်း ပြောဆိုသွားသည်။ ရှာဖွေရေး လုပ်ငန်းစဉ်များကို ဒီဇင်ဘာ ၂၉ ရက်တွင် ဘန်ကာကျွန်းနှင့် ကာလီမန်တန်တို့ကြား၌ ဖြန့်ကျက်သွားမည်ဟုလည်း ဘမ်ဘန်းက အတည်ပြုထားသည်။

၎င်းက “လောလောဆယ် ကျွန်တော်တို့ ကြုံနေတာက နည်းပညာပိုင်း အားနည်းနေတာပါ။ အခုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်ပြီး တခြားနိုင်ငံတွေက နည်းပညာ အကူအညီတွေ ရယူနိုင်ဖို့ တောင်းခံထားပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ကို ဆက်သွယ်ထားပါတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။

Airbus A320-200 အမျိုးအစား လေယာဉ်သည် ဒီဇင်ဘာ ၂၈ ရက်တွင် အင်ဒိုနီးရှား အရှေ့ဘက် ဂျာဗားကျွန်းရှိ ဆူရာဘာယာမှ စင်ကာပူသို့ ဦးတည်ပျံသန်းရင်း ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ လေယာဉ်နှင့် အဆက်အသွယ် မပြတ်တောက်မီတွင် လေယာဉ်မှူးများက မုန်တိုင်းထန်သည့် ရာသီဥတုကြောင့် လမ်းကြောင်းပြောင်း ပျံသန်းရန် ခွင့်ပြုချက် တောင်းခံသွားခဲ့သေးကြောင်းလည်း သိရသည်။

လတ်တလောတွင် စင်ကာပူ၊ မလေးရှားနှင့် ဩစတြေးလျတို့သည် အင်ဒိုနီးရှားကို အကူအညီပေးပြီး ဂျာဗားပင်လယ် အလယ်ပိုင်းသို့ ရေယာဉ်များ၊ လေယာဥင်္များ စေလွှတ်ကာ လေယာဉ်ကို လိုက်လံ ရှာဖွေနေသည်။ အမေရိကန် ပြည်ထောင်စု ကလည်း အဆိုပါ ဖြစ်ရပ်တွင် မိမိတို့ ပါဝင်ကူညီရန် အသင့်ရှိကြောင်း ကမ်းလှမ်း ထားသည်။

Ref: Channelnewsasia
7Day News Journal

No comments:

Post a Comment

My Blog List