Friday, January 02, 2015

သမ္မတအိမ်တော်တွင် သတင်းယူမည့် သတင်းထောက်များ ဇန်နဝါရီ ၁၅ နောက်ဆုံးထားလျှောက်ထားရမည်



သမ္မတအိမ်တော်တွင် သတင်းရယူလိုသည့် သတင်းထောက်များအနေဖြင့် ဇန်နဝါရီ ၁၅ ရက်နောက်ဆုံးထား၍ ရန်ကုန်မြို့၊ အမှတ် ၄ ဝင်္ကဘာလမ်းရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲတွင် လျှောက်ထားရမည်ဖြစ်သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
သမ္မတအိမ်တော်တွင် သတင်းယူလိုသည့် သတင်းထောက်များသည် အနည်းဆုံး အကြီးတန်းသတင်းထောက် ဖြစ်ရမည်ဖြစ်ပြီး လုပ်သက် ငါးနှစ်ရှိရမည်ဖြစ်သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးသီဟစောက “သူများနိုင်ငံတွေမှာလည်း သမ္မတသတင်းယူတဲ့ သတင်းထောက် တွေ ထားတယ်။ ဒါက ပထမဆုံးအကြိမ်ပါ စမ်းသပ်ကြည့်တာပေါ့။ သတင်းထောက်တွေအနေနဲ့ သတင်းရယူခွင့်တွေ ပိုရှိလာတာ ပေါ့။”ဟုပြောသည်။

သမ္မတအိမ်တော်တွင် သတင်းရယူခွင့်ရသည့် သတင်းထောက်များအတွက် သမ္မတအိမ်တော်ဝန်းတွင် ရုံးခန်းထားရှိပေးမည်ဖြစ်ပြီး သမ္မတအိမ်တော်မှ ပြုလုပ်သည့် ပွဲများသို့ သတင်းတက်ရောက်ရယူခွင့် ရရှိမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ရွေးချယ်ခံရသော သမ္မတအိမ်တော်သတင်းထောက်များအနေဖြင့် သတင်းယူချိန် ဝတ်ဆင်သည့် ဝတ်စုံတွင် ပါတီ သို့မဟုတ် အကြောင်းအရာတစ်ခုကို ကိုယ်စားပြုသည့် အမှတ်အသားများ၊ ကြွေးကြော်သံများ၊ ဆောင်ပုဒ်များ မပါရှိရဟု သတ်မှတ်ထားသည့်ပြီး သမ္မတအိမ်တော် သတင်းထောက်အဖြစ်သာ သီးသန့်တာဝန် ပေးအပ်ထားသူဖြစ်ရမည်ဟု စည်းကမ်းချက်တွင် ပါရှိသည်။

ယင်းအပြင် သမ္မတအိမ်တော်မှ ချမှတ်ထားသည့် လုံခြုံရေး စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အိမ်တော်အသိအမှတ်ပြု ကတ်ပြား ပြန်လည်သိမ်းဆည်းခြင်းကို ခံရမည်ဖြစ်သည်။ 

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သမ္မတအိမ်တော်တွင် သတင်းရယူရန် ကျင့်ဝတ်နှင့်ညီသည့် သတင်း ထောက်များကို ရွေးချယ်မည်ဟု ဒီဇင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List