Wednesday, December 31, 2014

ပါလက်စတိုင်းအရေး ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို လုံခြုံရေးကောင်စီ ပယ်ချ


ပါလက်စတိုင်း နယ်နိမိတ် အများအပြားကို သိမ်းပိုက်ထားသည့် အစ္စရေးများ သုံးနှစ်အတွင်း အပြီးသတ် ဖယ်ရှားပေးရေး ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပယ်ချလိုက်သည်။ အာရပ် ၂၂ နိုင်ငံနှင့် ပါလက်စတိုင်းအာဏာပိုင်များ သဘောတူညီခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်မူကြမ်းကို ဂျော်ဒန်နိုင် ငံက အဆိုတင်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် ရွေးကောက်တင်မြှောက်ခံ အဖွဲ့ဝင် ၁၀ နိုင်ငံတို့အနက် ၈ နိုင်ငံမှ ထောက်ခံမဲ ပေးခဲ့ပြီး အမေရိကန်နှင့် သြစတြေးလျတို့က ကန့်ကွက်မဲပေးခဲ့ကြသည်။

အစ္စရေးမှ ပြစ်တင်ရှုတ်ချထားသည့် ယင်းဆုံးဖြတ်ချက်မူကြမ်းကို အနည်းဆုံး အဖွဲ့ဝင် ၉ နိုင်ငံ ထောက်ခံ မှသာ အတည်ပြုနိုင်မည် ဖြစ်သည်။

သို့ရာတွင် ယင်းသို့ အဖွဲ့ဝင် ၉ နိုင်ငံမှ ထောက်ခံသော်လည်း အမေရိကန်က ဗီတိုအာဏာသုံးလျက် ပယ် ဖျက်နိုင်သည်။

အမေရိကန်၏ ကုလသံတမန် ဆာမန်သာက "ဒီမူကြမ်းကို ကန့်ကွက်မဲ ပေးခဲ့ပါတယ်၊ ငြိမ်းချမ်းရေးဆွေးနွေး မှုတွေနဲ့သာ နှစ်နိုင်ငံအကြား ပြေလည် သင့်မြတ်အောင် ဆောင်ရွက်သင့်ပါတယ်" ဟု ပြောသည်။

ဂျော်ဒန်နိုင်ငံ၏ ကုလသံအမတ် ဒိုင်နာကာဝါက စစ်ပွဲများကို ဖြေရှင်းရန် ထောက်ခံမဲ ပေးသင့်သည်ဟု ဆိုခဲ့သည်။ 

ထိုဆုံးဖြတ်ချက်မူကြမ်းအရ အစ္စရေးအနေဖြင့် ၎င်းတို့ သိမ်းပိုက်ထားသည့် ပါလက်စတိုင်း နယ်နိမိတ်များမှ သုံးနှစ်အတွင်း လုံးဝဖယ်ရှားပေးရမည် ဖြစ်ကာ ငြိမ်းချမ်းရေး သဘောတူညီမှုတခုကို တစ်နှစ်အတွင်း ဖော်ဆောင်ပေးရမည် ဖြစ်သည်။

၁၉၆၇ ခုနှစ်က ပေါ်ပေါက်ခဲ့သည့် စစ်ပွဲမတိုင်မီမှစ၍ အနောက်ဘက် ကမ်းပါးဒေသ၊ ဂျေရုဆလင်အရှေ့ ပိုင်းနှင့် ဂါကမ်းမြောင်ဒေသတို့တွင် ရှိနေနှင့်ပြီးသား နယ်နိမိတ်စည်းမျဉ်းများအတိုင်း ပြန်လည် ဆွေးနွေး သတ်မှတ်ပေးရမည်ဟုလည်း ဆိုထားသည်။

ကုလသမဂ္ဂတွင် ပါလက်စတိုင်းတို့ သုံးလကြာ ထောက်ခံလျက် လှုံ့ဆော်တောင်းဆိုလာခဲ့သော်လည်း ယခုလို အဆုံးသတ်သွားခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ နံနက်က အာရပ်နိုင်ငံများမှ သံတမန် ၂၂ ဦးတို့ တံခါးပိတ်ဆွေးနွေးခဲ့ပြီးနောက် မူကြမ်းအတည် ပြုရေးကို တနေ့တည်းနှင့် မဲခွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျော်လင်းထွန်း
Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List