Thursday, January 01, 2015

သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များ ဂျပန်နှင့် ပူးပေါင်းပြီး မာစတာဘွဲ့ပေးမည်



သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်၌ ဖွင့်ထားသော တက္ကသိုလ် များတွင် မာစတာတန်း တက်ရောက်နေသူများ အတွက် ဂျပန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုနှင့် ပူးပေါင်းပြီး မာစတာဘွဲ့ပေးမည့် အစီအစဉ်ကို ၂၀၁၅ ခုနှစ်တွင် စတင်မည်ဟု ပူးပေါင်းမည့် ဂျပန်နိုင်ငံ၊ မီယာဇာကီ အမျိုးသား တက္ကသိုလ်၊ အင်ဂျင်နီယာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ သီသီဇင်က ပြောသည်။
အဆိုပါအစီအစဉ်ကို ၂၀၁၅ အောက်တိုဘာလ၌ စတင်မည်ဖြစ်ပြီး ပြည်တွင်း တက္ကသိုလ်များတွင် မာစတာဘွဲ့အတွက် တစ်နှစ် တက်ရောက်၍ ကျန်တစ်နှစ်ကို မီယာဇာကီတက္ကသိုလ်တွင် တက်ရောက်ရမည် ဖြစ်ကာ ယင်းတက္ကသိုလ်မှ ဘွဲ့ရရှိမည် ဖြစ်သည်။

ဂျပန်နိုင်ငံ၊ မီယာဇာကီ အမျိုးသားတက္ကသိုလ်နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနတို့ သုတေသနနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန်၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန အုပ်ချုပ် စီမံခန့်ခွဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် ဂျပန်နိုင်ငံ၊ မီ ယာဇာကီတက္ကသိုလ်တို့အကြား ကျောင်းသားများ အပြန်အလှန် စေလွှတ်ခြင်း၊ သင်ကြားမှုများ ပူးပေါင်း ဆောင်ရွက်ခြင်း အစရှိသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အဆိုပါတက္ကသိုလ်များ၏ ပါမောက္ခချုပ်များနှင့် ညှိနှိုင်းမှုများဆောင်ရွက်နေမှုများကို ယခုနှစ်အတွင်း စတင်လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာသီသီဇင်က “ကျွန်မတို့က တစ်နှစ်ပဲ သွားရပြီးတော့ သူတို့နိုင်ငံရဲ့ မာစတာဘွဲ့ ထပ်ပြီးရတဲ့အတွက် အရမ်း အကျိုးရှိမယ်လို့ ထင်ပါတယ်။ Double Degree Program အကျုံးဝင်တဲ့ ကျောင်းသားတွေက ဟိုဘက်မှာလည်း ကျောင်းလခ ပေးစရာမလိုဘဲ တက်ရမှာဖြစ်တဲ့အတွက် အရမ်းကိုအကျိုးအမြတ် ရှိတဲ့အစီအစဉ်လို့ ထင်တယ်” ဟု ပြောသည်။

တက်ရောက်ခွင့်ရမည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ တက္ကသိုလ်က ရွေးချယ်ပေးမည် ဖြစ်သည်။

အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာစိုးက “ငွေကုန်ကြေးကျမများ ဘဲ တက္ကသိုလ် ၀င်ခွင့်တစ်ခု ရသွားမယ်။ မြန်မာပြည်ရဲ့ တက္ကသိုလ်တွေရဲ့ အဆင့်အတန်းက ဂျပန်မှာရှိတဲ့ တက္ကသိုလ်တစ်ခုနဲ့ အဆင့်တူ သင်နိုင်ကြားနိုင်တယ်။ ကျွန်တော်တို့ဆီက စာသင်ကြားပေးလိုက်တဲ့ ကျောင်းသားတွေကို သူတို့ကလက်ခံမယ်။ တက္ကသိုလ်ရဲ့ အဆင့်အတန်းကို ညှိနှိုင်းပြီးသား ဖြစ်သွားတယ်” ဟု ပြောသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက် အောက်ရှိ ဖွင့်ထားသော တက္ကသိုလ်များမှာ နည်းပညာတက္ကသိုလ် ၃၁ ကျောင်း၊ ကွန်ပျူတာတက္ကသိုလ် ၂၅ ကျောင်းတို့ ဖြစ်သည်။

ဂျပန်နိုင်ငံ၊ မီယာဇာကီ အမျိုးသား တက္ကသိုလ်နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့်နည်း ပညာ ဝန်ကြီးဌာနတို့ သုတေသနနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန် နားလည်မှု စာချွန်လွှာကို ၂၀၁၄ ခုနှစ် ဧပြီ ၁၄ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ယင်းတက္ကသိုလ်၏ မြန်မာပြည်ဆိုင်ရာ ရုံးခွဲကို ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၌ ဖွင့်လှစ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List