Friday, January 02, 2015

၂၀၁၅ နှစ်သစ်ကို ဆန္ဒပြပွဲများဖြင့် မြန်မာပြည်သူများ ကြိုဆို


၂၀၁၅ ခုနှစ်၏ ပထမဆုံးနေ့ ဇန်န၀ါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၏ မြို့များဖြစ်သည် ရန်ကုန်၊ မန္တလေးမြို့၊ ညောင်ရွှေမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ လက်ပံတောင်းပဋိပက္ခ၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုသည် တိုင်းရင်းသားများအတွက် လုံလောက်သော တွေ့ဆုံမှုမဟုတ်၊ အလုပ်သ မားပြဿနာ စသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်

လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး ဒီမိုကရေစီအင်အားစု၊ မြန်မာ့တက်ကြွလှုပ်ရှားသူများအဖွဲ့ တို့ပါဝင်သည့် အင်အား ၅၀ခန့်သည် နေ့လယ် ၁ နာရီတွင် စုဝေးကာ မြို့တော်ခန်းမရှေ့၌ စတင်ဆန္ဒဖော် ထုတ်ခဲ့ပြီး တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

ဒီမိုကရေစီအင်အားစုမှ ဦးဘမြင့်က “ဒေါ်ခင်ဝင်းကို အသက်ရှုံးဆုံးအောင်လုပ်တဲ့ကိစ္စနှင့်ပတ်သက်လို့ ဆန္ဒပြခြင်းဖြစ်တယ်။ လူတွေကို လွယ်လွယ်ကူကူနဲ့ ပစ်သတ်နေတာ မဖြစ်သင့်တဲ့ကိစ္စပဲ။ တရုတ်ပြည်က ဝမ်ပေါင်ကုမ္ပဏီကို  ဖိအားပေးချင်လို့ ဆန္ဒပြခြင်းဖြစ်တယ်။ ဝမ်ပေါင်ကုမ္ပဏီက မြန်မာလူမျိုးအတွက် အကျိုး မဖြစ်ထွန်းဘူး။ ဝမ်ပေါင်ကုမ္ပဏီ ထွက်သွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သွားရောက်ဆန္ဒပြခြင်းဖြစ်တယ်"ဟု ပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်သူများက လက်ပန်းတောင်းတောင်ဒေသ သိမ်းဆီးခံမြေများ ပြန်လည်ရရှိရေး၊ ဒေါ်ခင်ဝင်းအား သတ်သူ ဖေါ်ထုတ်ပေးရေး၊ ဒေါ်ခင်ဝင်းကို သတ်မိန့်ပေးသူ ဖေါ်ထုတ်ပေးရေး၊ မြေသိမ်းခံ တောင်သူများကို နှိမ်နှင်းရေး ချက်ချင်းရပ် အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

မန္တလေး

လက်ပံတောင်းတောင် လူသတ်အကြမ်းဖက်မှုကို အစိုးရမှ တာဝန်ယူဖြေရှင်းပေးနိုင်ရန် မန္တလေးမြို့ရှိ နိုင်ငံရေးအင်အားစုများ အပါအဝင် ဗကသကျောင်းသာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံဃာတော်များ ပါဝင်သည့် ဆန္ဒထုတ်ဖော် တောင်းဆိုပွဲကို ဇန်န၀ါရီ ၁ ရက်၊ မွန်းလွဲ ၁ နာရီအချိန် တစ်သုံးလုံး လှုပ်ရှားမှု အဖြစ် မြတောင်ကျောင်းတိုက်ရှေ့မှ စတင်ဆန္ဒဖော်ထုတ်တောင်းဆိုကြသည်။

ဆန္ဒထုတ်ဖော်ပွဲနှင့် တစ်ဆက်တည်း မန္တလေးနိုင်ငံရေးအင်အားစုများမှ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေများကို ခြံစည်းရိုးတိုးချဲ့ခတ်ရာမှ အာဏာပိုင်တို့၏ သေနတ်ပစ်ခတ် ဖြိုခွင်းခြင်းကို အချက် ၇ ချက်ပါ သဘောထား ကြေညာချက်တစ်စောင်နှင့် အချက် ၅ ချက်ပါ တောင်းဆိုချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

 “လက်ပံတောင်းတောင်မှာ ခုချိန်ထိ အစိုးရကတာဝန်ယူမှု၊ တာဝန်ခံမှုမရှိ၊ ဖြေရှင်းတာမရှိတဲ့အတွက် ဖြေ ရှင်းပေးဖို ဆန္ဒထုတ်ဖော်ရတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်မှုဖြစ်စဉ် တွေ က မကြာမကြာဖြစ်နေတယ်။ ကိုပါကြီး၊ လိုင်ဇာ၊ လက်ပံတောင်းက ဒေါ်ခင်ဝင်း။  ဒီလိုမျိုး အကြမ်းဖက်မှုဖြစ် စဉ်တွေက နိုင်ငံသူနိုင်ငံသားတွေရဲ့ လုံခြုံရေးကိုထိခိုက်လာတယ်။ နောင်တစ်ချိန်မှာ ကျွန်တော်တို့အိမ်ကို မရောက်လာဘူးလို ပြောမရဘူး" ဟု ဒီမိုကရေစီအရေး စဉ်ဆက်မပျက်လှုပ်ရှားမှု အင်အားစုမှ အထက် မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်က မဇ္ဈိမကိုပြောသည်။

“လက်ပံတောင်းကိစ္စမှာ အစိုးရတစ်ခုတည်းမဟုတ်ဘူး၊ ဦးပိုင်ရော၊ ဝမ်ပေါင်ရော တာဝန်ရှိပါတယ်။  ဒီကနေ ဒီလိုလုပ်နေတဲ့ကိစ္စမှာ တရုတ်ဆန့်ကျင်ရေး လုပ်နေတာမဟုတ်ပါဘူး။ တရုတ်အစိုးရအနေနဲ့၊ နိုင်ငံတကာက ကမ္ဘာ့ခေါင်းဆောင်တွေသိအောင် လုပ်ဆောင်နေရခြင်း ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီမှ ကိုအောင်မြင်ကလည်း “အစိုးရအနေဖြင့် လူသတ်ဖြစ်စဉ်များကို ဖော်ထုတ်ပေါ်ရန် လိုအပ်ကြောင်း၊ ဖော်ထုတ်ပေးခြင်းမရှိပါက လူသတ် အစိုးရအဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း" ပြောသည်။

“လူထုက နေရာအနှံ့ဆန္ဒပြနေကြတယ်။ ဒီလိုအချိန်မှာအစိုးရအနေနဲ့၊ လွှတ်တော်အနေနဲ့ ပြည်သူရဲ့ ဆန္ဒကိုမျက်ကွယ်ပြုမနေပါနဲ့။ ကျွန်တော်တို့ တောင်းဆိုနေတာက အမှန်တရားရရှိဖိုပါ"ဟု ကိုအောင်မြင်က ပြောသည်။

ဆန္ဒထုတ်ဖော်ခဲ့ကြရာတွင် မန္တလေးမြို့မှ နိုင်ငံရေးအင်အားစုများသာမက ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့၊ မြစ်သား၊ မတ္တရာ၊တံတာဦး၊ သပိတ်ကျင်း၊ ကန့်ဘလူစသည့် မြို့နယ်များမှ တောင်သူများအပါအ၀င် အင်အား ၅၀၀ ခန့်မှ လူသတ်အစိုးရအလိုမရှိ၊ ဦးပိုင်ဝမ်ပေါင်အလိုမရှိ၊ လယ်သမားရန်သူ တို့ရန်သူ၊ အလုပ်သမား ရန်သူတို့ရန်သူ၊ ကျောင်းသားရန်သူတို့ရန်သူ၊ ပြည်သူရန်သူတိုရန်သူ၊ လက်ပံတောင်းအရေး ဖြေရှင်းပေး၊ လူသတ်ကောင်များ နုတ်ထွက်ပေးစသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ညောင်ရွှေ

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် တိုင်းရင်းသားများအတွက် လုံလောက်သော တွေ့ဆုံမှုမဟုတ်ကြောင်း အပါအ၀င် အချက်ခြောက်ချက်ကို အင်းတိုင်းရင်းသားများက ဇန်န၀ါရီ ၁ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၌ တောင်းဆိုဆန္ဒထုတ်ဖော်သည်။

မြန်မာတစ်နိုင်ငံလုံး၏ အရေးကိစ္စများ ဖြေရှင်းရန် အတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုသည် လုံလောက်သော တွေ့ဆုံမှုမဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အချက်များ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က “ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို ကန့်ကွက်တာ ကျွန်တော်တို့ ပါတီရဲ့ သဘောထားမဟုတ်ပါဘူး၊ ကျွန်တော်တို့က ဘယ်နှစ်ပွင့် ပဲဖြစ်ဖြစ် တွေ့ဆုံမှုကို ကြိုဆိုပါတယ်”ဟု ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် အင်းတိုင်းရင်းသား သုံးထောင်ကျော်က ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ 

စစ်ကိုင်း

စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ စိန်သရဖူအထပ်သားစက်ရုံမှ အလုပ်သမားတစ်ရာကျော်သည် ဇန်န၀ါရီ ၁ ရက်တွင် စက်ရုံကို သပိတ်မှောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

အလုပ်ရှင်နှင့် အလုပ်သမားစာချုပ်ချုပ်ဆိုရေး ညှိနှိုင်းနေစဉ်တွင် အလုပ်ရှင်ဘက်က စာချုပ်တွင် လက်မှတ်မ ထိုးသူများကို အလုပ်ဆင်းခွင့်မပေးဟု ဆိုကာ စက်ရုံသို့ ၀င်ခွင့်မပေးခဲ့သဖြင့် အလုပ်သမားများမှာ စက်ရုံ အပြင်ဘက်တွင် စောင့်ဆိုင်းနေရာမှ နေ့ခင်း ၂ နာရီခန့်တွင် ထိုင်သပိတ် လှုပ်ရှားမှုကို စတင်ခဲ့ခြင်းဖြစ်သည် ဟု ၎င်းက ပြောသည်။

ဦးအောင်လင်းက “အလုပ်သမားဝန်ကြီးဌာနက ညွှန်ချုပ်ဦးဝင်းရှိန်ကို အကြောင်းကြားထားပါတယ်။ အခု စက်ရုံပိုင်ရှင်ကလည်း နိုင်ငံခြားသားလို့ သိရပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ မူအရ နိုင်ငံသားအခွင့်အရေး ကို ထိခိုက်မခံနိုင်ပါဘူး" ဟု ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List