Tuesday, December 30, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင် မဝင် မကြေငြာသေး


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို တရားဝင်ကြေငြာပြီးမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ဝင်၊ မဝင်ကို အသိပေးထုတ်ပြန်မည်ဟု အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပါတီဌာနချုပ်၌ ယနေ့ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

“ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပလဲ။ ကျင်းပမယ်လို့ တရားဝင်ကြေငြာတဲ့ အချိန်ကျလို့ရှိရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှာ လား၊ မယှဉ်ပြိုင်ဘူးလားဆိုတာကို တရားဝင်ကြေငြာ မှာဖြစ်ပါတယ်၊ အခုအချိန်က ရွေးကောက်ပွဲကို ကျင်းပမှာလား။ ဘယ်တော့ကျင်းပမယ်ဆိုတာကို တရားဝင် 
ကြေငြာထားခြင်းမရှိသေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် လာမည့် ၂၀၁၅ တွင်သာမက နိုင်ငံအတွက်စိုးရိမ်သည်မှာ ပြည်သူလူထု ဆုံဖြတ်ချက်မှားမည်ကို ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

“ဘာပဲဖြစ်ဖြစ် ဘယ်လိုပြဿနာတွေ ပေါ်လာပေါ်လာ၊ ကျွန်မ ခဏခဏပြောတယ်။ ပြဿနာက အရေးကြီးတာ မဟုတ်ဘူး။ ပြဿနာကို ဖြေရှင်းတာက အရေးကြီးတာလို့။ အဲတော့ ပြည်သူလူထုတွေ ဆုံးဖြတ်ချက်မှန်မယ် ဆိုလို့ရှိရင် ဘာကိုမှ စိုးရိမ်စရာ မရှိဘူး။ ပြဿနာဆိုတာကတော့ ပေါ်လာမှာလဲ။ နောက်ပြီးတော့ မိတ်ဆွေများ၊ 
သူငယ်ချင်းများ၊ မိသားစုအတွင်းမှာတောင်မှ နှစ်ယောက်ဆိုတာဟာ အတွေးအခေါ်ချင်းတူတာ မဟုတ်ပါ ဘူး။ မတူတဲ့ အတွေးအခေါ်တွေ မတူတဲ့ အမြင်တွေရှိမှာပဲ။ ဒါကအရေးမကြီးဘူး။ ဒီဟာတွေကို ပြေလည် အောင် ဖြေရှင်းတတ်ဖို့က အရေးကြီးတယ်။ အဲတော့ ဘာကို ကျွန်မအစိုးရိမ်ဆုံးလဲ ဆိုတော့ ဘာပဲဖြစ်ဖြစ် ပြည်သူ လူထု ဆုံးဖြတ်ချက်မှားမှာကိုပဲ စိုးရိမ်တယ်။ ကျန်တာ ဘာမှ မစိုးရိမ်ပါဘူး” ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ရွေးကောက်ပွဲကို လာမည့် ၂၀၁၅ နိုဝင်ဘာလ အကုန်တွင် ကျင်းပမည်ဟု ပြောဆိုထားသော်လည်း ရက်အတိအကျကိုမူ သြဂုတ်လတွင်မှ ကြေငြာမည်ဟု အနုပညာရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးသည်။

သော်ဇင်စိုး
The Myanma Age

No comments:

Post a Comment

My Blog List