Tuesday, December 30, 2014

အာဖဂန်ရှိ နိုင်ငံခြား တပ်ဖွဲ့များ၏ သမိုင်းမှတ်တိုင်အား အိုဘားမား ချီးကျူး



အာဖဂန်နစ္စတန်တွင် တိုက်ခိုက်ရေး လုပ်ငန်းစဉ် တရားဝင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည့် နေတိုးတပ်ဖွဲ့၏ သမိုင်းမှတ် တိုင်နှင့် ပတ်သတ်၍ အမေရိကန် သမ္မတ အိုဘားမားက ဒီဇင်ဘာလ ၂၈ ရက်က ချီးကျူး ပြောဆိုခဲ့သော်လည်း အာဖဂန် နစ္စတန် နိုင်ငံမှာ အန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်နေဆဲ ဖြစ်ကြောင်း လည်း သတိပေးခဲ့သည်။
အာဖဂန်နစ္စတန်တွင် နေတိုး တပ်ဖွဲ့များ၏ ၁၃ နှစ်ကြာ တိုက်ခိုက်ရေး လုပ်ငန်းစဉ်များအား တရားဝင် အဆုံးသတ် လိုက်သည့် အခမ်းအနား ကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နေတိုး တပ်ဖွဲ့များက ဆင်နွှဲခဲ့သော ၁၃ နှစ်ကြာ စစ်ပွဲမှာ အာဖဂန်နစ္စတန် နိုင်ငံတွင် ပိုမို ပြင်းထန်သော အကြမ်းဖက် သူပုန်ထမှု များကို ဖြစ်ပေါ်စေခဲ့သည်။

ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အမေရိကန် ဦးဆောင်သော အပြည်ပြည်ဆိုင်ရာ လုံခြုံရေး အထောက်အကူပြု တပ်ဖွဲ့ (ISAF) ၏ တိုက်ခိုက်ရေး လုပ်ငန်း တာဝန်များ ၏ နေရာတွင် နေတိုးတပ်ဖွဲ့၏ လေ့ကျင့် သင်ကြားပေးရေးနှင့် ကူညီ ပံ့ပိုးရေး လုပ်ငန်း တာဝန်များဖြင့် အစားထိုး တော့ မည် ဖြစ်သည်။ ထိုအခမ်းအနားမှာ အမေရိကန် နိုင်ငံအတွက် သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ကြောင်းလည်း သမ္မတ အိုဘားမား က ပြောခဲ့သည်။

“လွန်ခဲ့တဲ့ ၁၃ နှစ်ကျော် ကာလ ၉/၁၁ (စက်တင်ဘာ ၁၁ ရက်) တိုက်ခိုက်မှုမှာ ကျွန်တော်တို့ နိုင်ငံက အပြစ်မဲ့တဲ့ လူ ၃၀၀၀ နီးပါး အသက် ဆုံးရှုံး ခဲ့ကြရ ကတည်းက ကျွန်တော်တို့ဟာ အာဖဂန် စစ်ပွဲကို စတင်ခဲ့ ပါတယ်” ဟု ကြေညာချက် တစ်စောင်ထဲတွင် အိုဘားမားက ဆိုထား သည်။ “ကျွန်တော်တို့ရဲ့ စစ်ယူနီဖောင်းဝတ် အမျိုးသား၊ အမျိုးသမီးတွေရဲ့ အကြီးအကျယ် စွန့်လွှတ် အနစ်နာခံမှု တွေရဲ့ ကျေးဇူးနဲ့ အာဖဂန် က တိုက်ခိုက်ရေး လုပ်ငန်း တာဝန်တွေကို ကျွန်တော်တို့ အခု အဆုံးသတ်လိုက် နိုင်ပါပြီ။ အမေရိကန် နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အရှည်လျားဆုံး စစ်ပွဲဟာ နိဂုံးချုပ် သွားပါပြီ” ဟု ဆိုခဲ့သည်။

အာဖဂန် နစ္စတန်တွင် တာဝန်ထမ်းဆောင် ခဲ့ကြသော တပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်းရေး ဝန်ထမ်းများ ကိုလည်း ကျေးဇူးတင်ကြောင်း သမ္မတ အိုဘားမားက ပြောကြားခဲ့ပြီး၊ “အယ်လ်ခိုင်းဒါ အဖွဲ့ရဲ့ အဓိက ခေါင်းဆောင်တွေကို ချေမှုန်းနိုင်ခဲ့တာ၊ အိုစမာဘင်လာဒင်ကို ဒဏ်ခတ်နိုင်ခဲ့တာ နဲ့ အကြမ်းဖက် အစီအစဉ်တွေကို ဟန့်တား နိုင်ခဲ့ပြီးတော့ မရေမတွက်နိုင်တဲ့ အမေရိကန် နိုင်ငံသားတွေရဲ့အသက်တွေကို ကယ်တင် နိုင်ခဲ့တာတွေ အတွက် သူတို့ကို ကျွန်တော် ချီးကျူး ဂုဏ်ပြု လိုက်ပါတယ်”ဟုလည်း ဆိုခဲ့သည်။

“သူတို့ရဲ့ တာဝန်ထမ်းဆောင်မှု တွေကြောင့် ကျွန်တော်တို့ လုံခြုံမှု ပိုရှိလာ ခဲ့ပြီးတော့ ကျွန်တော်တို့ နိုင်ငံ ဟာလည်း ပိုပြီးတော့ ဘေးကင်း လုံခြုံလာခဲ့ပါတယ်” ဟု အိုဘားမားက ဆိုသည်။

ထို့ပြင် အခြေအနေများ တိုးတက် ကောင်းမွန် လာအောင် တာဝန် ထမ်းဆောင်ရင်း ရှည်လျားသော အာဖဂန်စစ်ပွဲ အတွင်း ဒဏ်ရာရရှိ ခဲ့ကြသူများနှင့် ကျဆုံးသွားခဲ့ကြ ရသူ များအား ချီးကျူး ဂုဏ်ပြုကြောင်း အိုဘားမားက ထည့်သွင်း ပြောဆို ခဲ့သည်။ အာဖဂန်စစ်ပွဲ အတွင်း အမေရိကန် စစ်သား ၂၂၀၀ ကျော် ကျဆုံးခဲ့ကြ ရသည်။

သို့ရာတွင် “အာဖဂန်နစ္စတန်ဟာ အန္တရာယ်ရှိတဲ့ နေရာတစ်ခု ဖြစ်နေတုန်း ပါပဲ။ ဒါကြောင့်မို့ အာဖဂန် ပြည်သူတွေနဲ့ အာဖရန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ သူတို့နိုင်ငံကို ဆက်လက် ကာကွယ် နိုင်ဖို့ အတွက် ကြီးမားတဲ့ စွန့်လွှတ် အနစ်နာခံမှု တွေကို ဆက်လုပ်သွား ကြရမှာပါ” ဟုလည်း အိုဘားမားက ပြောခဲ့သည်။

အာဖဂန် အစိုးရနှင့် အပြန်အလှန် သဘောတူညီချက် တစ်ရပ် အရ အာဖဂန် နစ္စတန်တွင် နိုင်ငံခြား တပ်ဖွဲ့ဝင် အရေ အတွက် ၁၂၅၀၀ ခန့်ကို ဆက်လက် ထားရှိမည် ဖြစ်သည်။ သို့ရာတွင် ထိုနိုင်ငံခြား တပ်ဖွဲ့များသည် တိုက်ခိုက်ရေးတွင် တိုက်ရိုက် ပါဝင်မည် မဟုတ်ဘဲ၊ တာလီဘန် များအား ဆန့်ကျင် တိုက်ခိုက် နေကြသော အာဖဂန် စစ်တပ်နှင့် ရဲတပ်ဖွဲ့ တို့အား ကူညီရန် အတွက် ဖြစ်သည်။ ထိုအရေ အတွက်မှာ နိုင် ငံခြား တပ်ဖွဲ့ဝင် အရေအတွက် အများဆုံးအချိန်ဖြစ်သည့် ၂၀၁၁ ခုနှစ်က အရေအတွက် ၁၃၀၀၀၀ ထက် များစွာ လျော့နည်း သွားခြင်း ဖြစ် သည်။ တာလီဘန်များသည် အာဖဂန်နစ္စတန်တွင် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ် အထိ အာဏာရခဲ့သည်။

ကျန်ရစ် နေမည့် စစ်သားများမှာ အန္တရာယ်များကို ဆက်လက် ရင်ဆိုင်ကြရမည် ဖြစ်ကြောင်း အိုဘားမားက ဆိုခဲ့ပြီး အာဖဂန် ပြည်သူများ အတွက် အမေရိကန်၏ ရေရှည်ကြိုးပမ်း အားထုတ်မှု ဖြစ်ကြောင်းလည်း အိုဘားမားက အလေး အနက် ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List