Tuesday, December 30, 2014

နေတိုး စစ်ရှုံးပြီဟု တာလီဘန် ကြေညာ


အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့က အမေရိကန် ဦးဆောင်သည့် မဟာမိတ်အဖွဲ့ ဖြစ်သော နေတိုး စစ်ရှုံးပြီ ဟု ကြေညာလိုက်သည်။တိုက်ဖျက်ချေမှုန်းရေး မစ်ရှင်ကို နေတိုးက တရားဝင် အဆုံးသတ်လိုက်ပြီး နောက်တနေ့တွင် ယခုလို ကြေညာခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့သည် မည်ကာမတ္တ အောင်မြင်မှု တစုံတရာ မရရှိဘဲ အလံချ၍ ဆုတ်ခွာသွားပြီဟု ယင်းကြေညာချက်တွင် ရေးထားသည်။

နေတိုးသည် ၁၃ နှစ်ကြာ ဆင်နွှဲလာသည့် ယင်းစစ်ဆင်ရေးကို တနင်္ဂနွေနေ့က အဆုံးသတ်လိုက်ခြင်း ဖြစ်သော်လည်း အာဖဂန် တပ်သားများအား လေ့ကျင့်ပေးရန် စစ်သည်အင်အား ၁၃၀၀၀ ခန့် ချန်ထား ခဲ့သည်။ယမန်နေ့က ဟယ်လ်မန်စီရင်စုတွင် တာလီဘန်တို့နှင့် တိုက်ခိုက်မှု ဖြစ်ပွားရာ အာဖဂန် စစ်သားလေးဦး ကျဆုံးခဲ့သည်။

ဆန်ဂျင်းခရိုင်ရှိ တပ်မတော်၏ စစ်ဆေးရေးဂိတ်တခုတွင်လည်း တိုက်ခိုက်မှု ဖြစ်ပွားပြန်ရာ စစ်သားသုံးဦး ဒဏ်ရာရရှိခဲ့ပြီး တာလီဘန် ၈ ဦး သေဆုံးခဲ့သည်။အမေရိကန် ဦးဆောင်သည့် နေတိုးလက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး အကူအညီပေးတပ်ဖွဲ့ (ISAF) သည် တနင်္ဂနွေနေ့က စစ်ဆင်ရေး အဆုံး သတ်သည့် အထိမ်းအမှတ်အဖြစ် ကာဘူးလ်မြို့တွင် အလံချအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ယင်းစစ်ဆေးရေး၏ တပ်မှူးဖြစ်သူ ဗိုလ်ချုပ် ဂျွန်ကမ်းဘဲလ်က "နေတိုးဟာ အာဖဂန်ပြည် သူများကို မျှော်လင့်ချက် ပျက်သုဉ်းနေတဲ့ အမှောင်ထုတွင်းက ကယ်ထုတ်ခဲ့ပြီး အနာဂတ် မျှော်လင့်ချက်တွေ နှင်းအပ်လိုက်ပါတယ်" ဟု ပြောကြားခဲ့သည်။

သို့သော် ယမန်နေ့က ထွက်ပေါ်လာသည့် ကြေညာချက်တွင်မူ တာလီဘန်အဖွဲ့မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာ မူဂျာဟစ်က နေတိုး၏ အဆိုပါ အခမ်းအနားမှာ စစ်ရှုံးခြင်းနှင့် စိတ်ပျက်လက်မှိုင်ချခြင်းကိုသာ အရှင်းသား ဖော်ညွှန်းနေသည်ဟု ဆိုသည်။

တာလီဘန်အနေဖြင့် ကြွင်းကျန်ရစ်သော တပ်ဖွဲ့ဝင်များကို တိုက်ထုတ်ပြီး သန့်ရှင်းစင်ကြယ်သည့် အစ္စလာ မ္မစ်ဖွဲ့တည်မှု စနစ်တခု တည်ထောင်သွားမည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

နေတိုးသည် ၉/၁၁ တိုက်ခိုက်မှုကြီး ဖြစ်ပွားပြီးစတွင် အာဖဂန်သို့ တပ်ဖြန့်ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကာ နိုင်ငံပေါင်း ၅၀ မှ စစ်သည်အင်အား တသိန်းသုံးသောင်း အထိ သုံးစွဲခဲ့သည်။

သို့သော် ဇန်န၀ါရီ ၁ ရက်ကမူ အာဖဂန်မှ ဆုတ်ခွာရန် အခိုင်အမာ ပြောဆိုခဲ့ပြီး အာဖဂန်စစ်သည်များအား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးရန် တပ်သား ၁၃၀၀၀ ကို ချန်ထားမည်ဟု စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ အနက် အများစုမှာ အမေရိကန် တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

၂၀၀၁ ခုနှစ်မှ စခဲ့သည့် အာဖဂန်စစ်သည် ယခုနှစ်တွင် အသေအပျောက် အများဆုံး ဖြစ်ခဲ့သည်။ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၆၀၀ ဦးထက်မနည်း ကျဆုံးခဲ့ရသည်။

၂၀၀၁ ခုနှစ်မှ ယခုအချိန်အထိ သေဆုံးခဲ့သည့် နိုင်ငံခြားသား စစ်သားဦးရေ စုစုပေါင်းမှာ ၃၅၀၀ ရှိကာ ၎င်းတို့အနက် ၂၂၀၀ ခန့်မှာ အမေရိကန်များ ဖြစ်ကြသည်။

ကျော်လင်းထွန်း
Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List