Tuesday, December 30, 2014

ရသေ့တောင်မှ ကျိုက်ထီးရိုးစေတီအထိ Cable Car ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် ကိုရီးယားနှင့် မြန်မာကုမ္ပဏီတို့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် MIC ခွင့်ပြု


ရသေ့တောင်မှ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်အထိ Cable Car ဝန်ဆောင် မှုလုပ်ငန်းကို ကိုရီးယား ကုမ္ပဏီတစ်ခုနှင့် နိုင်ငံသားပိုင်ကုမ္ပဏီတို့ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ်လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုမိန့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်း ထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို မွန်ပြည်နယ်သထုံခရိုင် ကျိုက်ထိုမြို့နယ် ရသေ့တောင်အနီးစခန်း ကင်မွန်း စခန်းရွာတို့တွင် လုပ်ကိုင်သွားမည်ဖြစ်ပြီး ရသေ့တောင်မှ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်အထိ နိုင်ငံ တကာအဆင့်မီ Cable Car ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းကို တောင်ကိုရီးယားနိုင်ငံမှ  Sky International Co., Ltd နှင့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သည့် Asia International Fisheries Co.,Ltd  တို့သည် Sky Asia Co., Ltd  အမည်ဖြင့် ဖက်စပ်လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ကို ဒီဇင်ဘာ ၂၆ ရက်က ရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် သက်ဆိုင်ရာ တိုင်းဒေ သကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်း များမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်အစည်းအဝေးမှ စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထီးရိုးစေတီတော်တွင် ပုဂ္ဂလိကကုမ္ပဏီဖြစ်သည့်  Sky Asia ကုမ္ပဏီလီမိတက်မှ Cable Car Project (ကောင်းကင်ကြိုးရထား) လုပ်ကိုင်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ Sky Asia ကုမ္ပဏီလီမိတက်သို့ မြေ ၁၃ ဧကကျော်ကို ငှားရမ်းပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ Asia International Fisheries ကုမ္ပဏီလီမိတက်နှင့် ကိုရီးယားကုမ္ပဏီတို့ ပူးပေါင်းပြီး Sky Asia ကုမ္ပဏီလီမိတက်အမည်ဖြင့် ကျိုက်ထီးရိုးစေတီတော်တွင် Cable Car Project လုပ်ငန်းကို လုပ်ကိုင် ရန် စီစဉ်ခြင်းဖြစ်သည်။

Cable Car Project အတွက် မြေ ၁၃ ဧကကျော်အထိ အသုံးပြုရန် လိုအပ်ပြီး အဆိုပါ မြေ ၁၃ ဧကကျော် ကို တစ်ဧကလျှင် တစ်နှစ် ကျပ်တစ်သိန်း (တစ်လ ၈၃၃၃ ကျပ်ကျော်) ဖြင့် နှစ် ၅ဝ အထိ နှစ်ရှည်ငှားရမ်း ခွင့်ပြုရန် Sky Asia ကုမ္ပဏီလီမီတက်မှ ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ အဆိုပြုတင်ပြခဲ့ကြောင်း၊ ဝန်ကြီးဌာနမှလည်း အဆိုပြုထားသည့် ငှားရမ်းခနှုန်းအတိုင်းဖြင့် ငှားရမ်းခွင့်ပေး ရန် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများထံ ထပ်မံတင်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က ခွင့်ပြုမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဩဂုတ်အတွင်းကလည်း ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းနှင့် သုံးမိုင်ဝန်းကျင်သာ ကွာဝေးပြီး နိုင်ငံ၏အထင်ကရ ကျိုက်ထီးရိုးစေတီသို့ တက်ရောက်ရာ လမ်းနံဘေးတွင်ရှိသည့် မြေဧက ၃ဝဝ နီးပါးကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက်သို့ အလွန်နည်းပါးသော တန်ဖိုးဖြင့် နိုင်ငံပိုင်မြေများကိုလွှဲပေးရန် စီစဉ်ခဲ့ကြသေးသည်။

ရွှေသံလွင်ကုမ္ပဏီမှ အဆိုပါ မြေဧက ၃ဝဝ နီးပါးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့ ငွေကျပ်သိန်း ၃ဝဝဝ ကျော်သာ ပေးသွင်းရကြောင်း၊ တစ်ဧက ကျပ် ၁ဝ သိန်းဝန်းကျင်သာ ပေးသွင်းခဲ့ ရခြင်းဖြစ်သည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံတော်သို့ အဆိုပါမြေဧက ၃ဝဝ ကိုပြန်အပ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီလီမိတက်သို့ လွှဲပြောင်းရန် အဆင့်ဆင့် စီစဉ်လုပ်ကိုင်ခဲ့ကြသည်။

ရွှေသံလွင်ကုမ္ပဏီသည် အဆိုပါမြေပေါ်တွင် ဟိုတယ်ဆောက်လုပ်ခြင်း၊ စားသောက်ဆိုင်များ ဆောက်လုပ် ခြင်း၊ ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်းစသဖြင့် စီးပွားဖြစ်လုပ်ငန်းများကို လုပ်ကိုင်မည်ဖြစ်သည်။

ယခု  Sky Asia ကုမ္ပဏီသို့ တစ်ဧကလျှင် ၈၃၃၃ ကျပ် ဝန်းကျင်ဖြင့် ငှားရမ်းခွင့်ပေးရန် စီစဉ်မှု၊ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီသို့ မြေတစ်ဧက ကျပ် ၁ဝ သိန်းဝန်းကျင်တည်းဖြင့် လွှဲပြောင်းပေးရန် စီစဉ်ခဲ့မှုများအရ ပုဂ္ဂလိကကုမ္ပဏီများသည် ယခုအစိုးရသစ်လက်ထက် ရောက်သည့်တိုင် နိုင်ငံတော်ပိုင်မြေများကို ထင်မှတ် မထားသော အလွန်သက်သာသည့်နှုန်းများဖြင့် လုပ်ကိုင်ခွင့်ရလျက်ရှိသည်ကို ပြလျက်ရှိကြောင်းလုပ်ငန်းရှင် များက ထောက်ပြလာကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List