Monday, December 29, 2014

အမေရိကန်သမ္မတ အိုဘားမား၏ ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ်နှင့် ကျွန်တော်သာ မြန်မာနိုင်ငံ သမ္မတကြီးဆိုရင် . .


မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌ တာဝန်ရှိစဉ်အတွင်း ကျင်းပသည့်(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေး ပွဲများသို့ တက်ရောက်ရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ယခု ခရီးစဉ်သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာက လာရောက်ခဲ့သည့် ပထမ ဦးဆုံး ခရီးစဉ် နောက်ပိုင်းခရီးစဉ်လည်း ဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန် အစိုးရသစ် နှစ်ဝက်ကာလ ရောက်ရှိစဉ်ကနှင့် လက်ရှိနှစ်နှစ်ကြာသော်လည်း ဒီမိုကရေစီ အရေးအရ များစွာပြောင်းလဲမှု မရှိသည့် မြန်မာ့နိုင်ငံရေးအပေါ် ဝေဖန်ထောက်ပြခဲ့သည့် ၎င်း၏ ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ်ကို Weekly Eleven News ဂျာနယ်က ၂၀၁၄ ခုနှစ်၏ ထင်ရှားကျော် ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။

၁၉၄၇ ခုနှစ်က စတင်ခဲ့သည့် မြန်မာနိုင်ငံနှင့် အမေရိကန်တို့၏ နှစ်နိုင်ငံ ဆက်ဆံမှုသည် ၁၉၉၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေး အခြေအနေများနှင့် ရွေးကောက်ပွဲ အနိုင်ရသော ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီအား စစ်အစိုးရက အသိအမှတ်ပြု အာဏာလွှဲပြောင်းရန် ငြင်း ဆန်သောကြောင့် သံတမန်ဆက်ဆံရေး လျှော့ချခဲ့သည်မှတစ်ဆင့် နောက်ပိုင်းတွင် အကူအညီပေးမှုများ ရပ်ဆိုင်းခဲ့သလို စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများလည်း ပြုလုပ်ခဲ့သည်။

သို့သော် ၂၀၀၉ ခုနှစ်၌ သမ္မတအိုဘားမား အာဏာရလာသည့်နောက် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ အပေါ် ထားရှိသည့် ဆက်ဆံရေးမူဝါဒများ ပြောင်းလဲလာခဲ့ကာ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့သော သံတမန် ဆက်ဆံရေးတစ်ရပ် ထူထောင်လာခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရ တာဝန်ယူပြီး လေးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ ဘက်စုံတိုးတက်မှု အခြေအနေသည် တုံ့ဆိုင်းနေကာ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုအတွက် ဝေဖန်ခံနေရသော၊ ဆင်းရဲချမ်းသာ ကွာခြားမှု ကြီးမားနေသော၊ လူထုမှာ အစိုးရအပေါ် ယုံကြည်ရန် ခက်ခဲနေသော အခြေ အနေမှ အစပြု၍ လူထုမျှော်လင့်ချက်ဖြစ်သော ၂၀၁၅ ရွေးကောက်ပွဲ အလားအလာများအတွက် အိုဘားမား ဒုတိယခရီးစဉ်မှ မည်သို့သက်ရောက်မှု ရှိမည်ကို ပြည်သူအများ မျှော်လင့်ခဲ့ကြသည်။

အိုဘားမား အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း မြန်မာအာဏာပိုင်များကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် နောက်သို့ ပြန်ဆုတ်နေကြောင်း နိုဝင်ဘာ ၁၃ ရက် အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ သတိပေးခဲ့သည်။

အိုဘားမားသည် ၎င်း၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ အောင်မြင် မှုနှင့် စိန်ခေါ်မှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကို သတ်မှတ် ချိန်၌ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီး နောက်နေ့တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများသည် မပြည့်စုံသေး ကြောင်းနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မှ တားဆီးပိတ်ပင်ထားခြင်း သည် အဓိပ္ပာယ်မရှိကြောင်း အမေရိကန်သမ္မတ အိုဘားမားက နိုဝင်ဘာ ၁၄ ရက် ဒေါ်အောင်ဆန်း စုကြည်နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ်သော အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစည်းအရုံး (YSEALI) မှ လူငယ်ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ရာတွင်လည်း YSEALI လူငယ်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် “ကျွန်တော်သာဆိုရင် လုပ်ချင်တဲ့ ကိစ္စကတော့ မြန်မာပြည်သူတိုင်း လိုလိုလည်း ပြောနေကြတဲ့ ကိစ္စပါ။ နံပါတ်တစ်က နောင်နှစ်မှာ ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပပေးရမယ်။ နံပါတ်နှစ်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စပါ။ အရပ်သားအစိုးရစစ်စစ် ဖြစ်သွားစေဖို့အတွက် ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်ပါမယ်။ နံပါတ်သုံးကတော့ သတင်းစာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တဲ့ နိုင်ငံရေးအရ လွတ်လပ်စွာ စည်းရုံးခွင့်ရှိတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရမယ်။ ဒါတွေကိုလုပ်မှ မြန်မာပြည်က တိုးတက်မယ်” ဟူသော မိမိသာ မြန်မာနိုင်ငံ သမ္မတကြီးဖြစ်ခဲ့ရင် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များသည် မြန်မာပြည်သူများ၏ တောင်းဆိုချက်၊ နိုင်ငံ၏ အဓိကလိုအပ်ချက်များနှင့် ထပ်တူကျနေခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ မြန်မာ့နိုင်ငံရေးကို ဘက်စုံထောင့်စုံမှ အကွက်ကျကျ ထောက်ပြသွားခဲ့သည့် အမေရိကန်သမ္မတ အိုဘားမား၏ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်မှ မြန်မာ့နိုင်ငံရေးအပေါ် မည်မျှ သက်ရောက်မှု ရှိမည် မရှိမည်၊ ပါဝင်ခြင်းကို ထင်ဟပ်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရရှိနိုင် မရရှိနိုင်နှင့် ၎င်းတောင်းဆိုခဲ့သည့်အတိုင်း ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်တရား မျှတသော ရွေးကောက်ပွဲ ဖြစ်နိုင် မဖြစ်နိုင်ကိုမူ ၂၀၁၅ နှစ်မကုန်မီအထိ ဆက်လက်စောင့်ကြည့်နေရဦးမည် ဖြစ်ပေသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List