ထိုင်းနိုင်ငံ အနောက်ဘက် ကန်ကျနပူရီခရိုင်ထဲမှာ ပွဲစားကနေတဆင့် တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ
နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ကန်ကျနပူရီခရိုင် ထရိုင်းယုဒ်မြို့နယ်ထဲမှာ နယ်မြေလုံခြုံရေးယူနေတဲ့ အမှတ် ၂၅ စစ်ကြောင်းနဲ့ ဆုရဆီစစ်ကြောင်း အထူး သတင်းတပ်ဖွဲ့တို့ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီကျော်က မြန်မာနယ်စပ်ဘက်ကနေ ၀င်ရောက် လာတဲ့ မီးခိုးရောင် ဟိုင်းလပ်ကားကို မသင်္ကာလို့ အနောက်ဘက်ကနေ မောင်းလိုက်ရာမှာ တရားမ၀င် ၀င်လာသူတွေကို ဖမ်းမိခဲ့တာလို့ အမှတ် ၂၅ စစ်ကြောင်းမှူး ဒုဗိုလ် ဆာထစ် ချူမ်းဖူးက သတင်းထောက်တွေ ကို ပြောပါတယ်။
ထိုင်းစစ်တပ်က အနောက်က လိုက်လာမှန်းသိတဲ့ အဲဒီဟိုင်းလပ်ကားဟာ ဘန့်ဝန့်ဖိုး နဲ့ ဟွေ့မုန့် ရွာကြား လမ်းမပေါ်မှာ အရှိန်မြှင့်မောင်းနှင်ရာက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ထိုးကျသွားခဲ့ကြောင်း၊ ကားမောင်းသမားဟာ တောထဲကို ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်တဲ့သူတွေကို စစ်ဆေးမေးမြန်း
ရာမှာ မှတ်ပုံတင်အထောက်အထားမဲ့ အမျိုးသမီးရော အမျိုးသားပါ စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သူတို့အားလုံး မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ထိုင်းနိုင်ငံထဲကို ပွဲစားကနေတဆင့် တဦးလျှင် ဘတ် ၁ သောင်းနှုန်းနဲ့ ကန်ကျနပူရီမှာ အလုပ်သွားလုပ်ဖို့ ၀င်ရောက်လာရင်း ခုလိုအဖမ်းခံရတာလို့ အမှတ် ၂၅ စစ်ကြောင်းမှူးက ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့ ကားသမားကိုဖမ်းဆီးရမိဖို့ ဆက်လက်ရှာဖွေနေသလို တရားမ၀င် ၀င်ရောက် လာသူတွေကို ဆက်လက်အရေးယူဖို့ ထရိုင်း ယုဒ်မြို့နယ်ရဲစခန်း အထူးစုံစမ်းစစ်ဆေးရေးဌာနကို လွှဲအပ် ထားတယ်လို့ စစ်ကြောင်းမှူးရဲ့ အပြောကို ကိုးကားပြီး ခေါင်ဆွတ်သတင်းမှာ ဖော်ပြသွားပါတယ်။
DVB
No comments:
Post a Comment