အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စတင်သုံးနှုန်း တောင်းဆိုခဲ့သည့် လေးပွင့်ဆိုင် တွေ့ဆုံဆွေး
နွေးပွဲမှသည် ၂၀၁၄ ခုနှစ်အတွင်း ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း၊ ပြည်ထောင်စုလွှတ်တော်မှ ခြောက် ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်းခဲ့ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှလည်း ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ခြင်းတို့ကြောင့် အပွင့်များစွာဖြင့် လွန်ဆွဲနေသည့် နိုင်ငံရေး ဆွေးနွေးပွဲဖြစ် စဉ်များကို Weekly Eleven News ဂျာနယ်က ၂၀၁၄ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။
၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် သမ္မတထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။
၎င်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ လေးပွင့် ဆိုင်တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထားမှတ်ချက်ပေးကာ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ချက်ချင်းပြု လုပ်ပေးရန် ငြင်းဆိုခဲ့သည်။
NLD ပါတီ၏ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့မှု တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီးနောက် အမေရိ ကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ထပ်မံမလာရောက်မီ ရက်ပိုင်းအလို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် သမ္မတ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားပြုခေါင်းဆောင်များ ပါဝင်သည့် တစ်နည်းအားဖြင့် ထိပ်သီးခေါင်းဆောင် ၁၄ ဦးပါဝင်သည့် ၁၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို နေပြည်တော်၌ ပြုလုပ်ခဲ့သည်။
၎င်း ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲသို့ သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ၊ NLD ပါတီ)၊ သူရဦးရွှေမန်း (နာယက၊ ပြည်ထောင်စုလွှတ်တော်)၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ဦးခင်အောင်မြင့် (ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်)၊ ဦးတင်အေး (ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်)၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဦးဌေးဦး (ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ UNA ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ NBF ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ FDA ကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ဦးသိန်းထွန်း (ဗဟိုအလုပ်အမှုဆောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) တို့ တက်ရောက်ခဲ့ကြသည်။
ထို့ကြောင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ တွေ့ဆုံဆွေးနွေးမှုသည် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုခဲ့ သည့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု မဟုတ်ဘဲ အစိုးရ၊ ဥပဒေပြုရေး၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ ပါဝင်သည့် အင်အားစုအဖွဲ့ ငါးဖွဲ့၏ တွေ့ဆုံမှုတစ်ခုသာ ဖြစ်ခဲ့ သည်။ ဆွေးနွေးပွဲ တက်ရောက်လာသော ထိပ်သီးများသည်လည်း တစ်ဦးလျှင် ၁၀ မိနစ်ခန့်သာ တစ်လှည့် စီ စကားပြောခွင့် ရရှိခဲ့ပြီး တိကျသည့်အဖြေ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်နိုင်ရန် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ရွေးကောက်ပွဲကို မှန်ကန်မျှတစွာ လုပ်ကိုင်နိုင်ရန် ကြိုးစားနေသည့် အကြောင်းအရာများကို ပြောကြားခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရာတွင် ဖက်ဒရယ်ဆန်အောင် ပြင်ဆင်ရန်လိုကြောင်း ပြောကြားခဲ့သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏မူများ၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းနည်းအရ ဖြေရှင်း ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်ကို လက်ခံကြောင်းနှင့် တပ်မတော်အနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၌ အပြည့်အ၀ ပါဝင်ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ဖိတ်စာရချိန် နောက်ကျသည့်အတွက် ပါတီဗဟိုကော် မတီကို အစည်းအဝေး မခေါ်နိုင်ခဲ့သဖြင့် ဗဟိုကော်မတီနှင့် မတိုင်ပင်ရသေး သည့်အတွက် ထူးထူးခြားခြား ပြောကြားရန် မရှိကြောင်း စသည်ဖြင့် ထိပ်သီးပုဂ္ဂိုလ်များသည် ယေဘုယျဆန်ဆန် ပြောကြားခဲ့ကြပြီး တိကျသည့် မည်သည့်အဖြေ၊ ဆုံးဖြတ်ချက်မျိုးမှ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။ထို့နောက် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ခေတ်စနစ် အချိန်အခါ၊ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေးတို့အတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်း ပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသား အစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော် က တိုက်တွန်း ကြောင်း အဆိုကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အရေးကြီးအဆိုကို ကန့်ကွက်သူမရှိ အတည်ပြု ခဲ့သည်။
ထို့နောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ ပြည်ထောင်စုလွှတ် တော်က အတည်ပြုထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုအစား တိုင်းရင်းသားမျိုးနွယ်စု ခုနစ်ဦး ပါဝင်စေ မည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ပြည်ထောင်စုအစိုးရ အနေဖြင့် ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ သည်။
၎င်းတိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်း အောင်မြင့်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရ သို့မဟုတ် ပြည်ထောင်စုအစိုးရနှင့် နီးစပ်ပတ်သက်သော နိုင်ငံရေး အခွင့်ထူးခံ လူနည်းစုတစ်စုက တင်သွင်း လာခြင်းဟု စဉ်းစားစရာ ပေါ်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက ဝေဖန်ပြောကြားသည်။
လေးပွင့်ဆိုင်တွေ့ဆုံမှုကို စတင်တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကမူ ဗန်းပြဆွေးနွေးပွဲများ မလိုချင်ကြောင်း၊ စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင် စွဲသွားမည်ဖြစ်သည်။
၂၀၁၄ ခုနှစ်အတွင်း လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့်ဆိုင်၊ ၁၄ ပွင့်ဆိုင် စသည်ဖြင့် အပွင့်များစွာဖြင့် တစ်ဖက်နှင့်တစ်ဖက် သဘောထားလွန်ဆွဲ ကွဲလွဲနေ မှုများအပေါ် ပြည်သူများအနေဖြင့် စိတ်ဝင်စား စောင့်ကြည့်နေခဲ့ကြသော်လည်း ပြည်သူများ အကျိုးထက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အားပြိုင်မှုများဖြင့်သာ လိပ်ခဲတည်း လည်း ဖြစ်နေခဲ့သည်။ အပွင့်များစွာနှင့် တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် မြန်မာနိုင်ငံ အနာဂတ်အတွက် တိကျခိုင်မာသော နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက် များ ၂၀၁၄ ခုနှစ်အတွင်း ချမှတ်နိုင်ခဲ့ခြင်း မရှိပေ။ လာမည့် ၂၀၁၅ ခုနှစ်အတွင်း အကောင်အထည် ဖော်ဖြစ်လာမည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရမည် ဖြစ်ပေသည်။
Eleven Media Group
No comments:
Post a Comment