၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ လှုပ်ရှားမှုများ သည် ၂၀၁၄ ခုနှစ်အတွင်း ပိုမိုအားကောင်းလာခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အတိုက် အခံ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်နှင့် တပ်မတော်အကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အပြန်အလှန် သဘောထားကွဲပြား ဆွေးနွေးမှုများ ရှိခဲ့သဖြင့် ယခုဖြစ်စဉ်ကို Weekly Eleven News ဂျာနယ်က ၂၀၁၄ ခုနှစ်၏ ထင်ရှားကျော် ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာ သုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုး ပါတီမှ သူရဦးအေးမြင့်က ၂၀-၃-၂၀၁၃ တွင် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆို အား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်က ထောက်ခံ ခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီမှ ၃၁-၁-၂၀၁၄ တွင် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီကို ဆက်လက်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီ သည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာ ကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉(စ) အပါအ၀င် ပုဒ်မပေါင်း ၂၁၀ ကို ပြင်ဆင်ရန် အကြံပြုခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ၂၅ ရာခိုင်နှုန်းရှိသည့် တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် အကြံပြုခဲ့ခြင်း အပေါ် အတိုက်အခံပါတီ အင်အားစုများက တပ်မတော်အနေဖြင့် ပြည်သူ့အကျိုးအတွက် ပြန်လည်စဉ်းစား သုံးသပ်ရန်လိုကြောင်း ဝေဖန်ခဲ့ကြသည်။
ထို့နောက် ၎င်းအစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်တွင်း အင်အားစု အသီးသီးက အမြင်အမျိုးမျိုးဖြင့် ဆွေးနွေးခဲ့ကြသည်။တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပုဒ်မ ၄၃၆ နှင့် နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉ (စ) အား မပြင်ဆင်သင့်ကြောင်း ဆွေးနွေးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွှတ်တော်ဖျက်သိမ်းနိုင်ရေးဆိုင်ရာ ပုဒ်မအချို့ကို ထပ်မံဖြည့်စွက်ရန် အကြံပြု ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ထောက်ခံဆွေးနွေးခဲ့ပြီး NLD ကလည်း ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ)အပါအ၀င် ပုဒ်မအများစု ပြင်ဆင်ပေးနိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတ်ာနှင့် NLD အမြင်ကွဲ လွဲနေခြင်းကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာ သွားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment