Thursday, January 01, 2015

မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်သူတွေဘက် အမေရိကန်ရပ်တည်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက သူ့ရဲ့သမ္မတသက်တမ်း နောက်ဆုံး ၂ နှစ်ကို ချဉ်းနင်း ၀င်ရောက်လာချိန်မှာ ၂၀၀၉ ခု သူ သမ္မတတာဝန် ထမ်းဆောင်စဉ်ကထက် အခုဆိုရင် နိုင်ငံရဲ့စီးပွားရေးဟာ အားကောင်းလာ နေတာ တွေ့ရတဲ့အတွက် ပြည်တွင်းနဲ့ နိုင်ငံခြားရေးရာမှာ ရေရှည်ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကို သူ့အနေနဲ့ အလေးပေး လုပ်ဆောင်ခွင့် ရလာတယ်လို့ ပြောခဲ့ပါတယ်။
NPR အသံလွှင့်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတက နိုင်ငံတကာရေးရာနဲ့ ပတ်သက်လို့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ မြန်မာနဲ့ တူနီးရှားတို့ကိုလည်း ဥပမာပေးသွားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ဗစ်တာ ဘီတီ ပေးပို့ထားတဲ့သတင်းကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

NPR ခေါ် National Public Radio အသံလွှင့်ဌာနရဲ့ Morning Edition မနက်ခင်းသတင်းအစီအစဉ်ရဲ့ ပင်တိုင်အစီအစဉ်မှူး Steve Inskeep နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတ အိုဘားမားက မကြာသေးခင် သီတင်းပတ် တွေအတွင်း လူဝင်မှုကြီးကြပ်ရေးအပြင် ကျူးဘားနဲ့ သမ္မတဆက်ဆံရေး ပြန်လည်ထားရှိဖို့ သူ့ရဲ့အရေးယူဆောင်ရွက်မှုတွေဟာ နှစ်ပေါင်းများစွာက လုပ်ခဲ့တဲ့ ကြိုးပမ်းမှုတွေကြောင့် ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် ၂၀၁၄ ခုနှစ်ဟာ သူ့အတွက် အောင်မြင်မှုလမ်းစတွေ ရခဲ့တဲ့နှစ်ဖြစ်ပြီး၊ ၆ နှစ်ကြာ သမ္မတသက်တမ်းမှာ ထမ်းဆောင် ခဲ့ပြီးတဲ့နောက် စီးပွားရေးဟာ ပြန်အားကောင်းလာတဲ့အတွက် သူ့အနေနဲ့ အခုဆိုရင် ရေရှည်စီမံကိန်းတွေကို ဦးစားပေးဖို့ အချိန်ရလာပြီလို့ ပြောခဲ့ပါတယ်။

“၂၀၁၄ ခုနှစ်အကုန်မှာ ပြန်ကြည့်ရင် ကျနော်ပြောချင်တာက စီးပွားရေးအရ ကျနော်တို့နိုင်ငံဟာ အခြေအနေကောင်းနေပြီး ကမ္ဘာတ၀ှမ်းမှာ အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင်မှုကို အရင်ကထက် လိုအပ်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် လွတ်လပ်ခွင့် ရရှိရေးနဲ့ပတ်သက်လို့ ကျနော်တို့ လုပ်ဆောင်ခဲ့တာတွေဟာ အခု အသီးအပွင့်တွေ ပေါ်ထွက်လာနေတာကို တွေ့နေရပါပြီ။ ဒါကြောင့်လည်း ကျနော့်သမ္မတသက်တမ်း စောစောပိုင်းတုန်းက အချိန်မပေးနိုင်ခဲ့တဲ့ တချို့အကဲစမ်းမှုတွေကို ကျနော် ဦးစားပေး ဆောင်ရွက်နိုင်ခွင့် ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာတ၀ှမ်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ကြိုးပမ်းရာမှာ လစ်ဗျား၊ ဆီးရီးယားနဲ့ အီရတ်တို့မှာ အခက်အခဲတွေ ရှိခဲ့ပေမဲ့ တူနီးရှားကို ဥပမာပေးပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးဟာ အဆုံးမှာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံသားတွေအပေါ်မှာပဲ အခြေခံတယ်လို့ ပြောခဲ့ပါတယ်။

“ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပီပြင်တဲ့ အုပ်ချုပ်ရေး ပေါ်ထွန်းလာဖို့အတွက် အမေရိကန်ပြည်ထောင်စုက ခြေလှမ်းတွေယူခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးမှာ ဘယ်လိုခြေလှမ်းတွေပဲ ယူယူ၊ လက်တွေ့ အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာကတော့ အဲ့ဒီသက်ဆိုင်ရာ နိုင်ငံတွေက လူတွေကိုယ် တိုင် ကြိုးပမ်းကြမှသာ ဖြစ်နိုင်မယ်ဆိုတဲ့ ခံယူချက်ကို ကျနော်တို့ နားလည် သဘောပေါက်ထားဖို့က အရေးကြီးတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီမိုကရေစီ ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံတော်တော်များများမှာ တစ်ကနေ ပြန်စရတာ များပါတယ်။ ကျနော်တို့ဘက်က လုပ်နိုင်တာက ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ဖို့၊ တကယ်ကြိုးပမ်းလိုကြတဲ့ နိုင်ငံတွေမှာ ကျနော်တို့ဘက်က တတ်နိုင်သ၍ အကူအညီပေးဖို့ပါပဲ။ တူနီးရှားနိုင်ငံဟာ ဥပမာပေးဖို့ကောင်းတဲ့ နိုင်ငံတခုပါ။ အားလုံး ခြောက်ပစ်ကင်း သဲလည်းစင် မဟုတ်ပေမဲ့ အန္တရာယ် ရှိနေဆဲ၊ ပြဿနာတွေ ရှိနေဆဲပါပဲ။ ဒါပေမဲ့ အခြေခံ လူ့အဖွဲ့အစည်း အားကောင်းပါတယ်။ ရွေးကောက်ပွဲတွေ ကျင်းပတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲတယ်။ အစွန်းရောက်တွေက နိုင်ငံရေးပိုင်းပြီး ၀င်ပြီးတော့ ဆောင်ရွက်ကြတယ်။ နိုင်ငံတိုးတက်ဖို့၊ စီးပွားရေး၊ လူမှုရေး၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေကြတယ်။ ဒါမျိုး လစ်ဗျားနိုင်ငံမှာ မတွေ့ရပါဘူး။”

တူနီးရှားနည်းတူ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုကိုလည်း သမ္မတက ထည့်သွင်းပြောကြားခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်ကြာ ဖိနှိပ်တဲ့ စစ်အာဏာရှင် အစိုးရလက်အောက်မှာ နေခဲ့ရပြီးတဲ့နောက် ပထမဦးဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံမှာ အခွင့်အလန်းတွေ ပွင့်လာတဲ့အကြောင်းနဲ့ ဒီပွင့်လာတဲ့အခွင့်အလန်းကိုအမေရိကန်ပြည်ထောင်စုက အမိအရ ဆုပ်ကိုင်ခဲ့ပြီး အကူအညီတွေ ပေးခဲ့တဲ့အကြောင်း၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတဦးသိန်းစိန်နဲ့ပါ အမေရိကန်ပြည်ထောင် စုက လက်တွဲ ဆောင်ရွက်ခဲ့တဲ့အကြောင်း သမ္မတက ပြောကြားသွားပါတယ်။ ဒါ့အပြင် နိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲတွေကိုပထမဆုံးအကြိမ် ကျင်းပပေးနိုင်ခဲ့ပြီး၊ သမ္မတ အိုဘားမားအနေနဲ့လည်း ပထမဦးဆုံး အမေရိကန် သမ္မတတဦးအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်နိုင်ခဲ့တဲ့အကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ မြန်မာနိုင်ငံမှာ ကြိုးပမ်းနေပြီး၊ ၂၀၁၅ ရွေးကောက်ပွဲတွေ ကျင်းပဖို့လည်း စီစဉ်နေတဲ့အကြောင်း သမ္မတက တွေ့ဆုံမေးမြန်းခန်းမှာ ထောက်ပြပြောကြားသွားတာ ဖြစ်ပါတယ်။

အခုလို ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ရာမှာ အားရကျေနပ်မှုတွေ တွေ့နေရပေမဲ့လို့ မြန်မာနိုင်ငံမှာ ပြဿနာပေါင်းစုံ ရင်ဆိုင်နေရတဲ့အကြောင်း သမ္မတက ၀န်ခံပြောကြားသွားပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အချိန်မရွေး ပျက်သုဉ်းသွားနိုင်တဲ့အကြောင်း သမ္မတက သတိပေး ပြောကြားသွားပါတယ်။ ပြည်တွင်းမှာ တိုင်းရင်းသားအုပ်စုတွေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုကလည်း အောင်မြင်ချင်မှ အောင်မြင်မှာဖြစ်တဲ့အကြောင်း စစ်တပ်ကလည်း သူတို့ရထားတဲ့ အခွင့်အရေးနဲ့ အာဏာကို လက်လွှတ်ချင်မှ လက်လွှတ်မှာဖြစ်တဲ့အကြောင်း သမ္မတက သတိပေးသွားပါတယ်။ ဒါကြောင့် အခုလို အမေရိကန်ပြည်ထောင်စုဘက်က ကမ်းလှမ်းခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ဖို့ အခွင့်အရေးကို ယူတတ်တဲ့ဘက်မှာ သူ့အနေနဲ့ ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ဆောင်မှုတွေအပေါ်လည်း သူအားရကျေနပ်မိတဲ့အကြောင်း သမ္မတက ပြောကြားသွားပါတယ်။

ဒါပေမဲ့လို့လည်း အခုလို ကြိုးပမ်းမှုတွေဟာ အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာ သူ့အနေနဲ့ အာမခံချက် မပေးနိုင်ကြောင်းနဲ့ အခုလို ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို ယူတတ်ဖို့က မြန်မာပြည်သူတွေနဲ့ မြန်မာခေါင်းဆောင်တွေရဲ့ အပေါ်မှာသာ မူတည်တဲ့အကြောင်း သမ္မတ အိုဘားမားက NPR နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

VOA

No comments:

Post a Comment

My Blog List