ဒေါ်အောင်ဆန်းစုကြည် မေ ၁၆ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့သို့ သွားရောက်ရာတွင် သထုံမြို့ ၌ ခေတ္တနားစဉ် ပြည်သူလူထုအား နှုတ်ဆက် စကားပြောကြားစဉ်ရွေးကောက်ပွဲနိုင်ခြင်း၊ ရှုံးခြင်းသည် တစ်ခဏသာဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရလိုသော်လည်း ရွေးကောက်ပွဲနိုင်ခြင်းထက် တိုင်းပြည် အတွက် မှန်ကန်သည့်လမ်းကြောင်းကို ရွေးချယ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံရေးပါတီတစ်ခုသည် တိုင်းပြည်ကို အကျိုးပြုလိုပါက ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စ တစ်ခုတည်းကို သာ စဉ်းစား၍မရကြောင်း၊ အချို့ပါတီများသည် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စကိုသာ စဉ်းစားနေကြောင်း၊ တိုင်းပြည်၏ အမှန်တကယ် တိုးတက်ရေးကို မစဉ်းစားကြောင်း ဒေါ်အောင်ဆန်းစု ကြည် က ပြောကြားသည်။
“အဲဒီလို ကျွန်မတို့လုပ်လို့မဖြစ်ဘူး။ ကျွန်မတို့ကတော့ ပြတ်သားတယ်။
ရွေးကောက်ပွဲ နိုင်ချင်တာပေါ့။ အဲဒါလည်း ကြုံတုန်းပြောရမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲ မဲပေးပါ။ ကျွန်မတို့ ရွေးကောက်ပွဲနိုင်ချင်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနိုင်တာကို ရွေးမလား။ တိုင်းပြည်အတွက် မှန်တဲ့လမ်းကို ရွေးမလားဆိုရင် ကျွန်မတို့တိုင်းပြည်အတွက် မှန်တဲ့လမ်းကိုရွေးမယ်။ ရွေးကောက်ပွဲနိုင်ခြင်း ရှုံးခြင်းသည် တစ်ခဏပဲ။ တိုင်းပြည်အတွက် မှန်ကန်တဲ့လမ်းကို မရွေးမိလို့ရှိရင် နိုင်ငံရဲ့အနာဂတ် အင်မ တန်မှ နာသွားမယ်။ အဲဒီတော့ ကျွန်မတို့ရွေးကောက်ပွဲနိုင်ချင်တယ်။ နိုင်အောင်လည်း ကြိုးစားမယ်။ ဒါပေမဲ့ ဘာလုပ်လုပ် နိုင်ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးတော့ ကျွန်မတို့မလုပ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားသည်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုဖြစ်သည်ကို မေ့၍မရကြောင်း၊ မိမိတို့သည် လူမျိုးရေးစိတ်နှင့် အလုပ်လုပ် ၍မရဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လုပ်ရမည်ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဗမာပါတီဟု မှတ်ယူမှုများရှိနေပြီး မိမိတို့အနေဖြင့် ဗမာပါတီဟု တစ်ခါမျှမှတ်ယူခဲ့ခြင်းမရှိဘဲ ပြည်ထောင်စုအား ယုံကြည် သည့်ပါတီဖြစ်ကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်မွေးရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းပြောကြားသည်။
မြန်မာနိုင်ငံသည် တစ်ချိန်တစ်ခါက ပညာရေးအရ အရှေ့တောင်အာရှ၌ နံပါတ် (၁)ဖြစ်ကြောင်း၊ အခြား အရှေ့တောင်အာရှ နိုင်ငံများကပါ လာရောက် သင်ကြားရပြီး ဘွဲ့လွန်များ လာရောက်ယူရသည့်အခြေ အနေမှ နောက် ဆုံးရောက်သွားရခြင်းမှာ စနစ်ကြောင့်သာဖြစ်ကြောင်း၊ အဆိုပါစနစ်မှာ ပြည် သူလူထုမှ စဉ်းစားမည်ကို ကြောက်သည့်စနစ်ဖြစ်ကြောင်း၊ ပြည်သူကို မယုံကြည်၍ ပြည်သူကိုကြောက်ရွံ့ခြင်း သာဖြစ်ပြီး အဆိုပါစနစ်ကြောင့်ပင် ပညာရေးသည် အတော်ပျက်စီးသွားကြောင်း၊ ပြည်သူကိုကြောက်နေ သူသည် ခေါင်းဆောင်ကောင်းမဟုတ်ကြောင်း နှင့် ပြည်သူအပေါ် ယုံကြည်မေတ္တာ ထားပြီး ပြည်သူနှင့် ပတ်သက်လာသည့်အခါ မိမိကိုယ်ပိုင်ယုံကြည်ချက်ရှိရ မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြော ကြားသည်။
“ဒီအခြေအနေတွေကို ကျွန်မတို့ပြောင်းဖို့ကြိုးစားနေတယ်။ ပြောင်းတဲ့အခါမှာ လူငယ်တွေရော၊ လူကြီးတွေရော က ဓမ္မဓိဋ္ဌာန် ကျကျ စဉ်းစားဖို့လိုတယ်။ ကျွန်မတို့က ပညာရေးစနစ်ဆိုတာ ဘာလဲ၊ ဘာအတွက်လဲဆိုတာ စဉ်းစားရမယ်။ ပညာရေးနဲ့နိုင်ငံရေးဟာ တစ်ခါတလေ မရောထွေးဘဲ မနေလို့မရဘူး။ ဆက်စပ်နေတာတော့ ရှိတယ်။ ဒါပေမဲ့လည်း ပညာရေးကောင်းဖို့အတွက်က အဓိကလုပ်နေတဲ့အချိန်မှာ ကိုယ့်အဖွဲ့အစည်းရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေကို ရှေ့တန်းတင်လို့ မဖြစ်ဘူး။ ကျွန်မတို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒီနိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်တဲ့ ပညာရေးစနစ်တစ်ခု ပေါ်ထွန်းလာဖို့လုပ်မှာပဲ။ ဒီလိုလုပ်တဲ့နေရာမှာ တချို့က ကျွန်မတို့နဲ့ သဘောမတူလို့ရှိရင်လည်း ကျွန်မတို့မှန်တယ်ထင်ရင် ပြည်သူကိုချပြမယ်။ ဘာကြောင့် ဒီလမ်းကိုရွေးတယ်။ ချပြရဲတယ်။ ကျွန်မတို့စေတနာသန့်တယ်။ ကျွန်မတို့သွားချင်တဲ့ ပညာရေးလမ်းဟာ အဖွဲ့ချုပ်အတွက် ဘာမှထူးထူးထွေ အကျိုးမရှိဘူး။ နိုင်ငံအတွက် အကျိုးရှိမယ်။ အခုဆိုလို့ရှိရင် အမျိုးသား ပညာရေးဥပဒေ နဲ့ပတ်သက်လို့ အချီအချပြောနေတာရှိတယ်။ တချို့ကိစ္စတွေမှာ ကျွန်မတို့အဖွဲ့ချုပ်က အများကအော်နေတဲ့အတိုင်း လိုက်ပြီးမအော်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အမြင်မှာနိုင်ငံ အတွက် ကောင်းတဲ့ကိစ္စပဲ လုပ်ရမယ်။ နိုင်ငံအတွက် ကောင်းတဲ့ထင်လို့ ရွေးတဲ့လမ်းကို တချို့ကမကြိုက်လို့ အပြစ်တင်ရင် ကျွန်မတို့ခံရမှာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပြည်သူများအနေဖြင့် ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးရမည်ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကဖြစ်စေ၊ အခြားအဖွဲ့အစည်းတစ်ခု ကဖြစ်စေ နိုင်ငံ၏ ကံကြမ္မာအား ဖန်တီး၍မရကြောင်း၊ လူငယ်များ အနေဖြင့် အနာဂတ်ခရီးဆက်ရန် အများကြီးကျန်နေသေးကြောင်း၊ မိမိတို့အနေဖြင့် တတ်နိုင်သမျှ လုပ်မည် ဆိုသော်လည်း နိုင်ငံ၌အင်အားရှိသည်မှာ ပြည်သူ လူထုဖြစ်ကြောင်း၊ အဆိုပါ အင်အားများကို မှန်မှန်ကန် ကန်အသုံးပြုရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment