Wednesday, May 20, 2015

အနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ တည်ထောင်မည်


စာပေ၊ ရုပ်ရှင်၊ ဂီတ စသည့် အနုပညာနယ်ပယ် အသီးသီးမှ သက်ကြီး ဘိုးဘွားများ နေထိုင်ခိုနားနိုင်ရန် “အနုပညာဆည်းဆာရိပ်” အမည်ရှိ ဘိုးဘွားရိပ်သာကို ဖွင့်လှစ် တည်ထောင်သွားမည်ဖြစ်ကြောင်း ရိပ်သာဖြစ်မြောက်ရေး စီစဉ်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ပြောသည်။
“ဒီဘိုးဘွားရိပ်သာကို ဝင်လာတဲ့ အနုပညာရှင်တွေကို ဆေးရုံဆေးခန်းမှာ ထားသလိုမျိုး ထားမှာ မဟုတ် ဘူး။ မိသားစုတွေနေတဲ့ အိမ်လိုမျိုး နွေးနွေးထွေးထွေးနဲ့ပေါ့။ ရောက်လာတဲ့သူက အသက်အရွယ်ကြီး တာဖြစ်ဖြစ်၊ အိုကံ မကောင်းတာဖြစ်ဖြစ် သူတို့မှာ အနုပညာဖန်တီးနိုင်စွမ်း တခုခုရှိလိမ့်မယ်။ ပန်းချီဆွဲချင် ဆွဲ စာရေးချင် ရေးနေလို့ရမယ်။ ရုပ်ရှင်ဂီတလည်း အဲဒီလိုပဲပေါ့။ သူတို့တွေကို အေးအေးချမ်းချမ်းလေး အနားယူစေချင်တဲ့ ဆန္ဒနဲ့ပါ။ ရောက်လာမယ့် အနုပညာရှင်ကြီးတွေ စားဝတ်နေရေး ဝန်ဆောင်မှုအားလုံးကို ပင်မ လေးထပ်ဆောင်ကနေ စီမံကွပ်ကဲပြီး အလုပ်လုပ်မယ်” ဟု ဒေါ်သန်းမြင့်အောင်က ရှင်းပြသည်။

“အနုပညာ ဆည်းဆာ” ဘိုးဘွားရိပ်သာသည် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ စံပြကျေးရွာရှိ မြရွှေပင် ဘုန်းကြီးကျောင်းအနီးတွင် တည်ရှိပြီး ခန့်မှန်းခြေ အားဖြင့် ၂ ဧက ကျယ်ဝန်းသည်။ အဆောက်အဦး အနေဖြင့် လေးထပ်ဆောင် အဆောက်အဦး ၃ ခုနှင့် လူ ၃ ဦးမှ ၅ ဦးခန့် နေထိုင်နိုင်မည့် နှစ်ခန်းတွဲ လုံးချင်းအိမ်ငယ် ၁၈ လုံး ပါဝင်မည်ဖြစ်သည်။ လက်ရှိတွင် ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးအတွက် မတည်အလှူငွေ သိန်း ၁၀၀ အထက် အစု ၄၅ စုနှင့် သိန်း ၁၀၀ အောက် အစု ၁ စု ရရှိနေပြီဖြစ်သည်ဟု သိရသည်။

လာရောက်နေထိုင်လိုသည့် အနုပညာနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များကို “စံ” တခု သတ်မှတ်၍ ရွေးချယ် မည်ဖြစ်ပြီး နေထိုင်မည့်လူဦးရေ ကန့်သတ်မထားကြောင်း၊ ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရန် သဘင်၊ ရုပ်ရှင်၊ ဂီတ၊ စာပေ နယ်ပယ် အသီးသီးမှ အနုပညာရှင်များကလည်း စိတ်အားထက်သန်မှုများ ရှိကြောင်း ရိပ်သာဖြစ်မြောက်ရေးစီစဉ်သူ ဒေါ်သန်းမြင့်အောင်က ပြောသည်။

ဂီတစာဆို ဘိုကလေး တင့်အောင်ကလည်း “ဘဘတို့လောကမှာ တခါမှ မရှိသေးဘူး။ ဝမ်းသာရ တာပေါ့လေ။ နေရာလေးကတော့ နည်းနည်း ဝေးတယ်ထင်တယ်။ သို့သော် ဆည်းဆာရောက်တဲ့သူ ကတော့ ဘယ်လောက်ဝေးဝေး လာမှာပဲ။ တသက်လုံး တည်တံ့ပါစေ၊ အနုပညာသမားတွေရဲ့ အားကိုး အားထားရာ ဖြစ်ပါစေ လို့ဆုတောင်းပါတယ်” ဟု ပြောသည်။

အဆိုပါ ရိပ်သာမြေနေရာကို မြရွှေပင် ဘုန်းကြီးကျောင်းမှ ဆရာတော် ဒေါက်တာ ခေမာသီရိက ဒေါ် သန်းမြင့်အောင်သို့ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

“နားခိုချင်သူတွေ နားခိုလို့ရတဲ့ နေရာမျိုးဆိုတော့ နားခိုစရာမရှိတာဖြစ်ဖြစ် စိတ်အေးလက်အေး နေချင် တာဖြစ်ဖြစ် နားခိုလို့ရအောင် စီစဉ်ထားတာ ကောင်းပါတယ်” ဟု ကာတွန်းဆရာ စိုးစံဝင်းက ပြောသည်။

အဆိုပါဘိုးဘွားရိပ်သာ တည်ဆောက်မှု လုပ်ငန်းများကို အလှူငွေများ စုံလင်သည်နှင့် တပြိုင်နက် စတင် ဆောက်လုပ်မည်ဖြစ်ပြီး တော်ဝင်မိသားစုက ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကာတွန်း ဦးဝင်းအောင်က “ဒီလိုရိပ်သာဖြစ်လာတော့ ကောင်းတာပေါ့။ အနုပညာမှာ စာပေ၊ ပန်းချီနဲ့ ကာတွန်း အနုပညာရှင်တွေက ပိုပြီး ဆင်းရဲဒုက္ခရောက်တယ်။ ဘာပဲပြောပြော ဒီဘိုးဘွားရိပ်သာလေး လုပ်ဖြစ်တော့ ဒါလေးက နားခိုစရာလေးပေါ့။ နားခိုရုံသက်သက် မဟုတ်ဘဲ ကိုယ့်အနုပညာလည်း စိတ်အေးလက်အေး လုပ်လို့ရမယ့်နေရာဆိုတော့ ပိုကောင်းတာပေါ့” ဟု ပြောပြသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List