Tuesday, May 19, 2015

လူ့ဘောင်သစ်ပါတီ တော်တော်လေး ပြန်ရုန်းကန်ရမယ်


လူငယ် နိုင်ငံရေးသမားများနှင့် ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယ ရေပန်းအစားဆုံး ပါတီဖြစ်ခဲ့သော လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီသည် ၂၀၁၄ ခုနှစ်တွင် မြန်မာပြည် ရွေးကောက် ပွဲကော်မရှင်ထံ နိုင် ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ် တည်နေ သည်။ လွန်ခဲ့သည့် ၂၃ နှစ်တာအတွင်း ပြည်ပတွင်ရပ်တည်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် ဖိတ်ခေါ်မှုများကြောင့် ၂၀၁၃ ခုနှစ်တွင် မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာခဲ့သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ပါတီ အဖြစ် တရားဝင်လှုပ်ရှားခွင့် ရပြီးနောက် ရန်ကုန်ရှိ လူ့ဘောင် သစ်ပါတီ ဌာနချုပ်အပြင် ပါတီရုံးခွဲများကို မန္တလေး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ ရခိုင် ပြည် နယ် (သံတွဲနှင့် တောင်ကုတ်)၊ စစ်ကိုင်း၊ မွန်နှင့် ကရင်ပြည်နယ် များတွင် မြို့နယ်နှင့် တိုင်းအလိုက် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

သို့သော် ပါတီအနေဖြင့် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အသင့် မဖြစ် သေးကြောင်း ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောဆိုသည်။ ပါတီ ပြန်လည်မှတ်ပုံတင်ရန် ကြုံရသည့် အကန့်အသတ် အခက်အခဲများ၊ ၅ လ ကျော်အတွင်း ပါတီလှုပ်ရှားမှု၊ လက်ရှိ နိုင်ငံရေး အပြောင်းအလဲများ အပေါ် အမြင်များနှင့်ပတ်သက်၍ ဦးအောင်မိုးဇော်ကို ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော် စွာမိုးနှင့် သတင်းထောက် ငြိမ်းငြိမ်းတို့က တွေ့ဆုံမေးမြန်းထားပါသည်။

ဧရာဝတီ ။     ။ လူ့ဘောင်သစ်ပါတီက ပြည်ပမှာ ၂၃ နှစ် ကြာခဲ့တယ်။ ပြည်ပကနေ ပြန်လာပြီးနောက် အဓိကကြုံရတဲ့ အခက်အခဲက ဘာတွေလဲ။

ဦးအောင်မိုးဇော် ။     ။ အဓိကအခက်အခဲ ကတော့ နိုင်ငံရေးအရ တခုရှိတယ်။ နောက်တခုက ပါတီရပ် တည် နိုင်ရေး (ဘဏ္ဍာရေး) ပေါ့။ နိုင်ငံရေး အရပြောမယ်ဆိုရင် ဟိုဘက်မှာ ကျနော်တို့ရပ်တည်ခဲ့တာက အဖြူအမည်း ကွဲတယ်။ ကျနော်တို့ မပြန် လာခင်က ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆက်စပ် မယ်၊ လက်တွဲ မယ်။ အင်အားစုတွေ ဆက်ပြီး စုစု စည်းစည်းနဲ့ ဆက်အလုပ်လုပ်နိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ လက်တွေ့ မှာ အဲဒီလိုအခြေအနေ မပေးဘူး။ ဒီမှာကျတော့ အင်အားစုတွေက တယောက်နဲ့ တယောက် ရင်းရင်းနှီးနှီးတော့ ရှိတယ်၊ ဆက်ဆံရေး တော့ရှိတယ်။ ဒါပေမယ့် တစုတည်း တစည်းတည်း တိုင်တိုင်ပင် ပင်နဲ့ အလုပ်လုပ်နေတဲ့ သဏ္ဌာန်၊ အဲဒီ အခြေအနေ မရှိဘူး။

စည်းလုံးမှု ပြဿနာလား။

စည်းလုံးမှု ပြဿနာလား၊ တခြား ဘာအခြေအနေ အချက်တွေလဲတော့ မပြောတတ်ဘူး။ ကျနော်တို့ မြင်တာက အခုက တိုင်းပြည်က တကယ့်ဒီမိုကရေစီ မရသေးဘူး။ တကယ့်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်း ပေါ်တောင် အခြေမချနိုင်သေးဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုရှိရ မယ်လို့ ကျနော်တို့က ထင်တယ်။ နိုင်ငံရေး ပါတီက အပိုင်းတပိုင်း၊ နိုင်ငံရေးပါတီနဲ့ လူထု အခြေပြု အဖွဲ့တွေနဲ့ တခြားအဖွဲ့တွေ ဒီကြားမှာ ဆုံချက်တခု ရှိရမယ်။ တကယ်လက်တွေ့ ကျနော်တို့ ဒီရောက်တော့ အဲဒါက ပါးတယ်။ အခမ်းအနား တွေမှာ နှုတ်ဆက်တာကလွဲလို့ မရှိဘူး။ ကျနော်တို့ နိုင်ငံရေးပါတီထောင် တယ် ဆိုတာက အပြောင်းအလဲ အရ ကြိုးစားနေချိန်မှာ Pressure mechasism တခုဖြစ်ချင်တယ်။ နောက် တခုက ပါတီကောင်း ဖြစ်ချင်တယ်။ အခု နိုင်ငံရေးပါတီက ၇၀ ကျော် ရှိတယ်။ ဘယ်ပါတီနဲ့ လက်တွဲဆောင် ရွက်မလဲ ဆိုတာ ရွေးရခက်တယ်။ အရင်က လက်တွဲခဲ့တဲ့ ပါတီတွေ၊ ဥပမာ SNLD လို၊ UNA လို အဖွဲ့တွေ နဲ့တော့ ဆက်ပြီး လက်တွဲဆောင်ရွက်နေတယ်။

တခြားနိုင်ငံရေး ပါတီတွေက တလျှောက်လုံး ထောင်ချခံရတာတို့ ဖိနှိပ်မှုတွေနဲ့အတူ လွတ်လွတ် လပ်လပ် လုပ်ကိုင်ဆောင်ရွက်ခွင့် မရသော်လည်းဘဲ ပြည်တွင်းမှာပဲ အစဉ်တစိုက်ရှိနေတဲ့အတွက် သူတို့မှာ တရား ဝင်မှုရှိတယ်၊ Space ရှိတယ်။ လူ့ဘောင်သစ် ပါတီ အနေနဲ့ကတော့ (နိုင်ငံရေးအရ ပြောတာ မဟုတ်ဘဲနဲ့ အစိုးရကပေးတာမဟုတ်ဘူး၊ ပြည်သူ့ ထောက်ခံမှုကို ဆိုလိုတာ မဟုတ်ပါဘူး) ပြည်ပမှာ နှစ် ၂၀ ကျော် ဖြတ်သန်းလာတော့ ပါတီကရော Space ရှိသေးလား။

ခိုင်ခိုင်မာမာရှိတယ်။ အခြေခံက ကျနော်တို့ ဘယ်လောက်လုပ်နိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်။ နိုင်ငံရေးအရ  Space ဆိုတာ၊ ဥပမာ တိုင်းရင်းသား အင်အားစုတွေပါတဲ့  UNA လိုအဖွဲ့မျိုး၊ ကျနော်တို့နဲ့ တောက်လျှောက် သိလာတဲ့ အဖွဲ့ပေါ့။ ရေရှည် တိုင်းပြည် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စပဲ ဖြစ်ဖြစ်၊ ဖယ်ဒရယ် ပြည်ထောင်စု ပြန်လည် တည်ဆောက်ရေးကိစ္စပဲ ဖြစ်ဖြစ်၊ ဒီလိုကိစ္စမျိုးတွေမှာ ကျနော်တို့နဲ့ သေချာလက်တွဲ ရမယ်ဆိုတာ သူတို့မှာ (မူ) ကျထားပြီးသားဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ နဲ့လည်း မဟာမိတ်အဖြစ် လက်တွဲရပ်တည်တယ်။ ကျနော်ပြောချင်တာက ဒါမျိုး Space ကို ပြောတာ။

DPNS က စဖွဲ့တည်းက လူငယ်တွေနဲ့ဖွဲ့ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာလည်း လူကြိုက်များခဲ့တယ်။ ဒါပေမယ့် ပြည်ပမှာ ၂၃ နှစ်ကြာ လူထုနဲ့ကင်းကွာ သွားပြီး ပြန်လာတဲ့အခါကျတော့ လူထုက ကိုယ့်ရဲ့ ပါတီအပေါ် ပြန်လက်ခံနိုင်မှုကို ဘယ်လိုတွေ့ရလဲ။

ပွင့်ပွင်းလင်းလင်း ပြောရရင် များသောအားဖြင့် မသိတော့ဘူး။ ကျနော်တို့ကို သိတယ်ဆိုတာက ကျနော်တို့ရဲ့ နိုင်ငံရေး အဝန်းအဝိုင်းကပဲ သိကြတယ်။ နယ်တွေကို သွားမယ်ဆိုရင် တောက်လျှောက် နိုင်ငံရေးလုပ်ခဲ့တဲ့ လူတွေက သိတယ်။ အသက် ၄၀ ဝန်းကျင်အထက်တွေပဲ သိကြတယ်။ လူငယ်တွေဆို ကျနော်တို့ကို မသိတော့ဘူး။ ပါတီအနေနဲ့ အဲဒီ လက်တွေ့ကို သိဖို့လိုတယ်။ ကျနော်တို့ကို ထောက် ခံနေတာ အားပေးနေတာက နိုင်ငံရေး အဝန်းအဝိုင်း က ရဲဘော်ရဲဘက်အဟောင်းတွေ။ လက်တွေ့ လူထု ထဲမှာ ကျနော်တို့ကို သေသေချာချာသိတဲ့လူ ရှား သွားပြီ။ အထူးသဖြင့် အသက် ၃၀ အောက် လူငယ် တွေမှာ ကျနော်တို့ကိုသိဖို့ တော်တော်ခက်သွားပီ။ ကျနော်တို့ တော်တော်လေး ပြန်ရုန်းကန်ရမယ့် အနေအထား ဖြစ်သွားပြီ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ စုလောက်က မြန်မာ ပြည်မှာ ဒုတိယ ရေးပန်းအစားဆုံး ပါတီဖြစ်ခဲ့တယ်။ အဲဒီလိုအခြေအနေမျိုး ပြန်ရောက်ဖို့ ဘယ်လောက် အထိသွားရမလဲ။

အနည်းဆုံး ၁၀ နှစ်လောက်တော့ ကြိုးစားရဦး မယ်။ နိုင်ငံရေးအရ လိုအပ်မှုတွေရှိတယ်လို့ ကျနော် မြင်တယ်။ အခုကာလက ဒီမိုကရေစီကို တွန်းနေရတဲ့ ကာလ ဖြစ်နေသေးတယ်။ တိုင်းပြည်က ဒီမိုကရေစီ အခြေအနေ တစုံတရာ ကျသွားပြီဆိုရင် နိုင်ငံရေး ပါတီကောင်း ၄-၅ ပါတီလိုလာပြီ။ ဒါက တိုင်းပြည်ရဲ့ လိုအပ်ချက်ပဲ။

နိုင်ငံရေး အခက်အခဲလို့ ပြောတဲ့နေရာမှာ ကိုယ့်အချင်းချင်းကြား စည်းလုံးမှု အခြေခံတဲ့ အခက်အခဲရှိတယ်လို့ ပြောသွားတယ်။ အဲဒီလိုပဲ အစိုးရဘက်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို အခက်အခဲတွေရှိလဲ။

ကျနော်တို့ မှတ်ပုံတင် စလုပ်တဲ့ကာလမှာ၊ အချက် ၂ ချက်ကြောင့် လုပ်ဖြစ်တယ်။ တခုက ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကျနော် တို့ ၆ ကြိမ်လောက် ဆွေးနွေးခဲ့တယ်။ ဆွေးနွေးတဲ့ အခါ ပြန်လာပါ၊ ခင်ဗျားတို့ကို နိုင်ငံရေးပါတီအနေနဲ့ အသိအမှတ်ပြုတယ်။ တရားဝင် ရပ်တည်ဖို့ဆိုရင် တော့ ခင်ဗျားတို့ တည်ဆဲဥပဒေအရ မှတ်ပုံပြန်တင်ဖို့ လိုတယ်လို့ပြောတယ်။ ကျနော်တို့ အဲဒါကိုလက်ခံပြီး တော့ ပြန်လာတယ်။ ပြန်လာပြီးတော့ မှတ်ပုံတင်ဖို့ ကြိုးစားတယ်။

မတင်ခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့တယ်။ ပထမဆုံးကြုံရတဲ့ အခက် အခဲက ဘာလဲဆိုတော့ တကယ်လည်း မှတ်ပုံပြန် တင်ရော၊ ကျနော်တို့ထဲက ၇ ဦးလောက်ကို မပါပါနဲ့၊ သူတို့ နောက်ကြောင်းရာဇဝင်တွေ မရှင်းဘူးဆိုပြီး ကျနော်တို့ကို စကန့်တယ်။ ကျနော်တို့က အဲဒီကိစ္စကို လက်မခံဘူး။ ကျနော်တို့က  Blacklist က ဖြုတ်ထားပြီးသားမို့ ပြန်စိစစ်ဖို့ပြောတယ်။ ကော်မရှင်က သူတို့နဲ့မဆိုင်ဘူးပြောတယ်။ ၃-၄ လလောက်ကြာပြီး တော့မှ နောက်ဆုံး လက်ခံလိုက်တယ်။ တခြား ဒီထက်ကြီးမားတဲ့ အခက်အခဲကတော့ ကျနော်တို့မှာ မရှိသေးဘူး။ ကျနော်တို့ အချင်းချင်းကြားက အခက် အခဲတခုကတော့ မှတ်ပုံတင်ချိန်မှာ အချင်းချင်းက ကန့်ကွက်တာတွေ ရှိခဲ့တယ်။

မှတ်ပုံတင်တဲ့ကိစ္စက စောစောစီးစီး ဖြစ်သင့်လျက်သားနဲ့ ၂ နှစ်လောက် ကြာသွားတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကသာ ရခဲ့မယ်ဆိုရင် အခု ရွေးကောက်ပွဲအတွက် တော် တော်လေး ခရီးရောက်နေပြီ။

လူ့ဘောင်သစ်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် တချို့က ပြည်ပကနေပြန်လာပြီး ပါတီလှုပ်ရှားမှုတွေ လုပ်ဆောင် နေကြတဲ့သူတွေဖြစ်တယ်။ ရွေးကောက်ပွဲ မှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် ဖွဲ့စည်းပုံရဲ့ အမတ် လောင်း သတ်မှတ်ချက်မှာ ပြည်တွင်းမှာ ၁၀ နှစ် ဆက်တိုက် နေထိုင်လာတဲ့သူ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ပါတယ်။ ဒီဖွဲ့စည်းပုံ ပြင်ဖို့ကလည်း ကာလသတ်မှတ်ချက် မပြောနိုင်သေးဘူးဆိုတော့ DPNS ပါတီ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခက်အခဲရှိလား။

အခုက အဲဒီ (ဖွဲ့စည်းပုံပါ ပုဒ်မ) ကို မပြင်နိုင် သေးတော့ အဲ့ဒီအချက်နဲ့ ငြိနေတဲ့သူတော့ ဝင်ပြိုင် လို့မရဘူး။ မငြိတဲ့ ကျနော်တို့ ပါတီဝင်တွေကတော့ ဝင်လို့ရမယ်။ ကျနော်တို့ ပါတီခေါင်းဆောင်မှုပိုင်း လူတချို့ကလွဲလို့ ပါတီဝင်အများစုက ပြည်တွင်းမှာပဲ တောက်လျှောက် နေနေတဲ့သူတွေပါ။ ကျနော်တို့က တခြားနိုင်ငံသား မခံထားဘူး။ အခြေအနေအရ တိုင်းပြည်ပြင်ပမှာ နေခဲ့ရသူတွေ။ တိုင်းပြည်ပြုပြင် ပြောင်းလဲရေး စချိန်မှာ ပြည်တွင်းပြန်ဝင်လာဖို့ ဖိတ်ခေါ်ချက်နောက်ပိုင်း ပြန်လည် ဝင်ရောက်လာ နိုင်ခဲ့တယ်။ အဲဒီအခြေအနေကို ဘယ်လိုဖြတ်သွားမလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နဲ့ တိုင်ပင်ထားတယ်။ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်နေလို့ လွှတ်တော်ကိုတင်ပြီး ဆွေးနွေးရင် ကူညီပေးမယ်ပြောတယ်။ စာတင်ထားတယ်။ ဆွေး နွေးသံတော့ မကြားရသေးဘူး။ တရားဝင်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀ ကို ပြင်ရမယ်။ အများသဘောတူရင်တော့ ပြင်လို့ရမယ်။ ကျနော်တို့ အနေအထားက မသေချာသေးဘူး။

အစိုးရဘက်က အဘက်ဘက်က ထိန်းချုပ်ထား တဲ့အချိန်မှာ နိုင်ငံကောင်းဖို့ ပြည်သူ့မျက်နှာကြည့်ပြီး ပြည်သူကောင်းစားရေးအတွက် ဘာလုပ်သင့်တယ်လို့ ထင်လဲ။

နိုင်ငံအပြောင်းအလဲတွေကို ကြည့်တဲ့အခါ တချို့နိုင်ငံတွေမှာလည်း Regime-led or Elite-led transition  တွေ ရှိကြပါတယ်။ အဲဒီလိုအပြောင်း အလဲတွေမှာ တဖက်ကလည်း အတိုက်အခံက ပီပီ ပြင်ပြင်ရှိတယ်။ အပြောင်း အလဲလုပ်တဲ့ လူတွေက သူတို့အတွက် သူတို့ကာတယ်။ ဥပမာ – ချီလီက ပီနိုချေးလိုမျိုး။ ဒီဖက်က အတိုက်အခံ ဘက်ကလည်း တစုံတရာ အင်အားတောင့်တယ်။ ကျိန်းသေတာက တော့ ဒီအပြောင်းအလဲကို ကနေ့ ဒီလက်ရှိ အစိုးရပဲ။ စစ်တပ်ကပဲ။ အဲဒါကိုလက်ခံပြီးတော့ အတိုက်အခံတွေက ပူးပေါင်းဆောင်ရွက်တယ်။ အခု အနေ အထားက အပြောင်းအလဲလုပ်ချင်တဲ့ လူတွေရဲ့ စိတ်စေတနာကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ တမင်တကာ လိုက်ကတ်နေသလိုပဲ။ ကျောင်းသားတွေ ကို ရိုက်တဲ့ကိစ္စဆိုရင် သမ္မတနဲ့ BBC  အင်တာဗျူးမှာ သူရိုက်လို့ ကိုယ်ရိုက်ရတယ်ဆိုတာ ပါသွားတယ်။ ဆိုတော့ သူတို့ရဲ့ Political Will က အဓိကကျ တယ်။ နောက် ကျနော်တို့ရဲ့ညီညွတ်မှု။ ဒီမိုကရေစီ အင်အားစုတွေမှာ စုစည်းမှုမရှိဘူး။ Coalition ဆိုတာ မရှိဘူး။ ဒီခေါင်းဆောင်တွေကလည်း မစုဘူး။ Center ရှိပေမယ့် ဒီ Center ကိုရံတဲ့ အင်အားအကြီးကြီးမရှိဘူး။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွေ စရှိလာပြီး မေလထဲမှာ ဆက်လုပ်ဖို့လည်း ရှိတယ်ဆိုတာတော့ မြန်မာ့နိုင်ငံ ရေးမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ သက်ရောက်မှုကို ဘယ်လိုမြင်ပါလဲ။

အခုဟာက ၆ ပွင့်ဖြစ်လိုက်၊ ၁၄ ပွင့်ဖြစ်လိုက်နဲ့ အပွင့်တွေအကြောင်း မပြောချင်ဘူး။ အခုက ကျနော်တို့ နိုင်ငံမှာ Reconciliation  လုပ်တာ။ ရိုးရိုးပြောရင် နဂိုမတည့်တဲ့လူတွေ ပြန်ပီး အတူတူ အလုပ်လုပ်နိုင်ဖို့ ကြိုးစားကြတာ။ ယုံကြည်မှု တည် ဆောက်တာ အဲဒီလိုဖြစ်သင့်တယ်လို့ မြင်တယ်။ နဂိုဆို စစ်တပ်နဲ့ လက်ရှိအစိုးရက တဖက်၊ အတိုက် အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား တွေဘက်က ဦးခွန်ထွန်းဦးတို့လို ဦးအေးသာ အောင် တို့လို့ ပုဂ္ဂိုလ်မျိုးတွေ ရှိတယ်။ ဒီလိုပုဂ္ဂိုလ်တွေကြားမှာ သေချာစကားပြောဖို့ လိုတယ်လို့မြင်တယ်။ နဂိုတုန်း က ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ ပြန်လည် ပေါင်းစပ်နိုင်ဖို့ ဘယ်လိုလုပ်မလဲ၊ အဲဒီလို စဉ်းစား သင့်တယ်။ အပွင့်တွေ ကိုယ်တိုင်က စကားပြောဖို့ ကိစ္စကို ရှောင်နေသလိုဖြစ်နေတာ။ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးက အတူတွဲနေတာ။ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုက တော် တော်လေး ရှေ့ရောက်တယ်။ တဖက်မှာလည်း ရွေးကောက်ပွဲ၊ ပါတီနဲ့ လွှတ်တော်တွေ ရှိတယ်။ ဒီနှစ်ခု ဘယ်လိုဆက်စပ် မလဲဆိုတာ အရေးကြီးတယ်။ ဒီမိုကရေစီ အပြောင်းအလဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တွေ့ဆုံဆွေးနွေးရေးတွေ မရှိဘဲ အပြောင်းအလဲကို ရောက်ကိုမရောက်ဘူး။ ကျနော်တို့ဆီမှာက ဖွဲ့စည်းပုံ လည်း မပြင်နိုင်သေးဘူး။ ရန်ဘက်တွေကြားမှာ အပစ်ရပ်တာ၊ စေ့စပ်တာ၊ စကားပြောတာတွေ မလုပ်နိုင်သေး။ နှစ်ခုစလုံးက တိုးလိုး တန်းလန်းပဲ။

မြန်မာပြည် အပြောင်းအလဲက တန့်နေတယ်လို့ ပြောကြတယ်။ Refom process က နောက်ပြန် လှည့်နိုင်မယ့်စိုးရိမ်မှုမျိုးရှိလား။ သို့မဟုတ် ရှေ့ကိုပဲ တဖြည်းဖြည်းနဲ့ ဆက်သွားနေလား။

ကျနော် သိပ်များ အဆိုးမြင်နေလား မသိဘူး။ အဲဒီလိုဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေလား မသိဘူး။ ကျနော်မြင်တာ အပြောင်းအလဲကို ဒီ ဖွဲ့စည်းပုံဘောင်အတွင်းမှာပဲ ပြောင်းမယ်။ ဒီထက် မကျော်ဘူး။ ဒီထက်မကျော်ရင် ဒီမိုကရေစီလို့ခေါ်လို့ မရဘူး။ ဒီထက်မကျော်ရင် ငြိမ်းချမ်းရေး တကယ်ရမ လားဆိုတဲ့ မေးခွန်းထုတ်စရာရှိတယ်။ အပြောင်း အလဲကို ဦးဆောင်လုပ်တဲ့သူတွေက ဒါကိုကျော်မယ် ဆိုတဲ့စိတ်ရှိဖို့လို တယ်။ အခုက ဘောင်ခတ်ထားတဲ့ အထဲက မထွက်တာ။ ဒါက လမ်းပြမြေပုံ ၇ ချက်ရဲ့ အဆက်တွေ။ ဒီဖွဲ့စည်းပုံအောက်မှာပဲ အပြောင်း အလဲလုပ်မယ်၊ ငါတို့ ပြောင်းပြီးသွားပြီလို့ လက်ရှိ တိုင်းပြည် ခေါင်းဆောင်နေတဲ့လူတွေက ယူဆရင် ကျနော်တို့အတွက် မကောင်းဘူး။ ကျနော်တို့ တိုင်းပြည် အပြောင်း အလဲ ရှေ့ရောက်၊ မရောက်က တိုင်းပြည်ထဲက လူတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ CSO (အရပ်ဘက်လူ့အဖွဲ့ အစည်းများ)တွေပေါ်မှာ အများကြီးမူတည်တယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊  ဦးခွန်ထွန်းဦးတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တိုင်းပြည်ကို ဘယ်လိုအပြောင်း အလဲ လုပ်မလဲဆိုတာ သေသေချာချာ ဆွေးနွေးပါ။ အဲဒီဆွေးနွေးမှုတွေနဲ့ ငြိမ်းချမ်းရေး Process ဆက်စပ်ပါ။ ကျနော်တို့  တိုင်းပြည်မှာ  လိုနေတာ က အင်အားစုအားလုံး ဝိုင်းဆွေးနွေးပြီးအားလုံး သဘော တူညီထားတဲ့ တိုင်းပြည်ကို ဘယ်လိုဆက်သွားမယ် ဆိုတဲ့ National accord  လိုတယ်။ အဲဒါမရှိရင် ကျနော်တို့ Directon  ပျောက်လိမ့်မယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List