Friday, May 22, 2015

ကချင်စစ်ပွဲ ၄ နှစ်ပြည့် ကမ္ဘာတ၀န်း ကျင်းပမည်



ဇွန် ၉ ရက်နေ့မှာ ကျရောက်မယ့် ကချင်စစ်ပွဲ ၄ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွေနဲ့ ၀တ်ပြု ဆုတောင်းပွဲတွေကို ပြည်တွင်းနဲ့ ပြည်ပမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အစိုးရ နဲ့ ကေအိုင်အိုအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာဟာ ယုံကြည်ချက် ပျက်ယွင်းမှုကြောင့်နဲ့ သယံဇာတ ဆိုင်ရာ အကျိုးစီးပွားတွေ ဒွေးရောယှက်တင် ဖြစ်နေတယ်လို့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသူတွေ က ထောက်ပြကြပါတယ်။


ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ မီဒီယာ ဆက်သွယ်ရေးတာဝန်ခံ ဦးလမာယော်က “ကျနော်တို့မှာ အသင်းတော်ပေါင်း ၃၈၄ ပါး ရှိတယ်။ ကချင်ပြည်နယ်တ၀န်း တင်မကဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်မယ်။ နောက် overseas ပြည်ပရောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ ရှိသေးတယ်။ ပြည်ပရောက် အသင်းတော်တိုင်းပေါ့ ဆုတောင်း မေတ္တာပို့ကြမှာ၊ တကမ္ဘာလုံးအတိုင်းအတာ လုပ်ကြမှာ။ အခု ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဆော်သြနေကြပြီ” လို့ ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)နဲ့ အစိုးရအကြား ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေးသဘော တူညီချက် ရရှိခဲ့ရာက နယ်ခြားစောင့်တပ်အဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ အဆိုပြုချက်ကို ငြင်းဆန်ရာက အစိုးရနဲ့ လက်ရှိအစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီး ဖြစ်ပွားနေ ဆဲ ဖြစ်ပါတယ်။

ဒီဆုတောင်းပွဲ ကျင်းပရတဲ့ရည်ရွယ်ချက်ကို ဦးလမာယော်က “နိုင်ငံတော်အစိုးရအနေနဲ့၊ နိုင်ငံတော်တပ် အနေနဲ့ ဒီလို ငြိမ်းချမ်းရေးကို ပြေပြစ်သွားအောင် နည်းလမ်းရှာဖွေပြီးမှ စစ်ပြန်ဖြစ်အောင်၊ နောက် စစ်ပြေးဒုက္ခသည်တွေ ၁ သိန်းပတ်ဝန်းကျင်ကလည်း ဒုက္ခသည်တွေ ရောက်ကြတယ်။ အဲသလိုဖြစ်အောင် လုပ်ဆောင်တဲ့အတွက်ကြောင့်မို့ အဲဒါကို မမေ့နိုင်တဲ့နေ့တနေ့အဖြစ်။ နောက်ပြီး အဲသလိုဟာတွေ ထပ်မဖြစ်စေဖို့ ရည်ရွယ်ချက်တွေက” လို့ ပြောပါတယ်။

မတ် ၁၇ ရက်နေ့ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က တပ်မတော်အရာရှိကြီးများနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလားဂျာ၊ ဗဟိုကော်မတီဝင် ဦးဆွန်လွတ်ဂမ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ နေပြည်တော် ဘုရင့်နောင်ဧည့်ရိပ်သာမှာ တွေ့ဆုံဆွေးနွေးပွဲ ဖြစ် ထွန်းခဲ့ပါတယ်။ ဒီနောက် ၂ ပတ်အကြာ မတ်လ ၃၁ ရက်နေ့မှာ ရန်ကုန်မြို့မှာ ပြည်ထောင်စုငြိမ်း  ချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညိနှိုင်းအဖွဲ့ကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူညီ ချက် (မူကြမ်း)ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှေ့မှောက်မှာ လက်မှတ်ထိုးနိုင်ခဲ့ကြပါတယ်။


ဒါပေမယ့် ဧပြီလနဲ့ မေလတွေမှာ ဖားကန့်နဲ့ ကေအိုင်အို တပ်ရင်း ၁၂ ဧရိယာတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ ပါတယ်။ မနှစ် မေလ ၂၈ရက်နေ့တုန်းက ကေအိုင်အိုနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း အဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆွေးနွေးပွဲအပြီး ဖွဲ့ခဲ့တဲ့ ပဋိပက္ခ ဖြေရှင်းရေးပူးတွဲကော်မတီဟာ ဖားကန့်ဒေသ တိုက်ပွဲဖြစ်ပွားမှုကို ဆွေးနွေးကြပေမယ့် ကွင်းဆင်းစစ်ဆေးနိုင်ခြင်းမရှိခဲ့ပါဘူး။

မေ ၁၉ ရက်နေ့ကလည်း ကေအိုင်အေတပ်ရင်း ၁၂ နယ်မြေနန်လိမ်းပါဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေ အကြား ဒီမနက် ၁၀ နာရီကနေ နှစ်ဘက် အကြီးအကျယ် လက်နက်ကြီးနဲ့ ပစ်ကြတယ်လို့ ကေအိုင်အို စစ်သတင်းရပ်ကွက်က ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရအကြား အပစ်ရပ်သဘောတူညီချက်ကျိုးပျက်ချိန်ကစလို့ လက်ရှိကာလအထိ စစ်ပြေးဒုက္ခသည် ၁ သိန်းဝန်းကျင်ရှိနေဆဲ ဖြစ်တယ်လို့ ကေအိုင်အို စစ်ဘေးဒုက္ခသည်ကယ် ဆယ်ရေးကော် မတီဥက္ကဋ္ဌဟောင်း ဦးဒွဲပီဆာက ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရစာရင်းအရ ၃ သောင်းကျော်ရှိပြီး ကေအိုင်အိုထိန်းချုပ်လှုပ်ရှားတဲ့ ကချင်ဒေသနဲ့ ရှမ်းပြည်နယ်အပါဝင်ဆို ၇ သောင်းနဲ့ ၅ သောင်းကြားရှိတယ်လို့ သူက ပြောပါတယ်။၂၀၁၄ ခုနှစ်အထိ စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ် အတွေ့အကြုံအရ စစ်ဒဏ် သင့် ဒေသခံပြည်သူတွေအဖို့ စစ်ပွဲ ၄ နှစ်တာကာလမှာ အခြေအနေ တိုးတက်လာတာ မရှိဘူးလို့ ပြောပါ တယ်။

သူက “အရင်တုန်းက တာဝန်ယူထားခဲ့ဖူးတဲ့အနေအထားကို ပြောမယ်ဆိုရင်၎ နှစ်ပြည့်တဲ့အချိန်မှာ ပြည်သူ လူထုအတွက် ဘာမှ အလားအလာ အခြေအနေကောင်းလာတယ်ဆိုတာ ကျနော်လုံးဝ မမြင်ရဘူး။ မျှော် လင့်ချက် မရှိပါဘူး။ ဒါက ဘာကို ပြောချင်သလဲဆိုရင် ဗမာအစိုးရတပ်တွေက စစ်ဆင်ရေးက ပုံမှန်ပဲ ဖြစ်နေ တယ်ဆိုတော့ကာ ငြိမ်းချမ်းရေး ပြည်သူလူထုအတွက် ကိုယ့်ဒေသပြန်နိုင်ရေးဆိုတာ ခုလောလောဆယ် ကျနော်တို့ တွက်လို့မရတဲ့အခြေအနေရှိပါတယ်။ ” လို့ ပြောပါတယ်။

ကချင်စစ်ပွဲဖြစ်ပြီးနောက် နှစ်ဘက်ညှိနှိုင်းပွဲတွေမှာ ပါဝင်ခဲ့ပြီး စစ်ပွဲရပ်ဆိုင်းဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့သူ ကချင်ပြည်နယ် အမှတ် ၁ မဲဆန္ဒနယ်မှာ ဦးခက်ထိန်နန်က “ဒီတိုက်ပွဲဟာ ကေအိုင်အို ကရော အစိုးရဘက်ကပါ ပြန်တိုက်မယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီးဖြစ်ပွားတဲ့တိုက်ပွဲမဟုတ်ဘဲ အောက်ခြေ ကအဖြစ်အပျက်ကြောင့် မမျှော်လင့်ပဲ ဖြစ်ပွားခဲ့တာသာဖြစ်ပြီး ဘက်ပေါင်းစုံက ကြိုးပမ်းမှုတွေကြောင့် တိုက်ပွဲတွေ လျော့ကျခဲ့ပါတယ်” လို့ ပြောပါတယ်။

၎ နှစ်တာကြာမြင့်တဲ့အထိ စစ်ပွဲတွေ မငြိမ်းသေးတာနဲ့ ပတ်သက်လို့သူက “ဒီအပစ်အခတ်တွေ အရင်လောက်ကြီးမားတဲ့ဟာ မဟုတ်ပေမယ့် အခု ဖြစ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုလေးတွေက နံပါတ် ၁ အချက်ကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလက်မှတ် မထိုးသေးတဲ့အတွက်ကြောင့်ဖြစ်သလို နံပါတ် ၂ အချက်ကတော့ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့နေရာမှာ နှစ်ဘက်က သဘောတူညီကြတဲ့ ဟာပေါ့နော် သူ့နေရာသူနေ၊ ကိုယ့်နေရာကိုယ်နေပြီးတော့ ပစ်ခတ်တိုက်ခိုက်မှုကို နှစ်ဘက်စလုံးက မဖြစ်အောင် ထိန်းသိမ်းမယ်။ ရှောင်ရှားမယ်ဆိုတဲ့ သဘောတူထားတဲ့ အချက်အလက်လေးတွေကိုလည်း လိုက်နာဖို့မှာ အားနည်းတဲ့အပိုင်းကြောင့်လည်းဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင်(ပီစီဂျီ) ဦးဆန်အောင်က အစိုးရနဲ့ ကေအိုင်အို အကြား တိုက်ပွဲတွေဖြစ်နေတာကတော့ အပြန်အလှန်ယုံကြည်မှု ပျက်ယွင်းတာက အခရာကျတယ်လို့ ပြော ပါတယ်။

“နှစ်ဘက်စလုံး မယုံကြည်ကြလို့ ဒီလောက်အထိ တိုက်ပွဲတွေဖြစ်ကြတာပဲ။ တဖက်ဖက်က၊ အဓိကကတော့ အစိုးရဘက်က ယုံကြည်အောင် လုပ်ရင်တော့ ဒါ ဒီလောက် ကြန့်ကြာစရာ အကြောင်းမရှိဘူး။ အစိုးရက လည်း တော်လှန်ရေးအဖွဲ့တွေ ဆိုပေမယ့် ကေအိုင်အိုကိုလည်း စိုးရိမ်တဲ့အပိုင်းကြောင့် မယုံကြည်မှုတွေဖြစ် တယ်။ ကေအိုင်အိုကလည်း အစိုးရတပ်ဖြစ်တဲ့အခါကျတော့ အင်အားကြီးတော့ စိုးရိမ်တယ်။ လှုပ်ရှားမှု တိုင်း၊ လှုပ်ရှားမှုတိုင်းကို သံသယနဲ့ ကြည့်တယ်။ သူတို့ကြည့်တဲ့၊ ထင်တဲ့အတိုင်းလည်း တကယ်ဖြစ် တာတွေ ဖြစ်လာတဲ့အခါကျတော့ စစ်က တောက်လျောက်ကြီးဖြစ်နေတာ။ အခု ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး ဖွဲ့စည်းလိုက်တဲ့အခါကျတော့လည်း ဒီအဖွဲ့ကို အသိမပေးဘဲနဲ့ ပြသနာဖြစ်ပြီးမှပဲ သိလာရတဲ့အနေ အထား မျိုးဖြစ်တဲ့အခါကျတော့ ဒါတွေက ပြဿ နာကို ချုပ်ငြိမ်းအောင်လည်း မလုပ်နိုင်ဘူးဖြစ်နေတာပေါ့။ ဒါပေမယ့် အန်စီအေ (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) ထိုးဖို့ ဦးတည်နေတယ်လို့တော့ မြင် ပါတယ်။ ရေရှည်တော့ ကောင်းသွာမယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ကချင်စစ်ပွဲ လုံးဝရပ်ဆိုင်းရေးအတွက် နှစ်ဘက်စလုံးက ပေးထားတဲ့ ကတိစကားတွေကို တိတိကျကျ လိုက်နာဖို့ အရေးကြီးတယ်လို့ ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (ပီစီဂျီ) ဦးဆန်အောင် က ပြောပါတယ်။

“တိုက်ပွဲတွေ လုံးဝရပ်တန့်သွားအောင်ကတော့ ကေအိုင်အို ထိန်းချုပ်ဧရိယာထဲမှာ အစိုးရတပ်က လှုပ်ရှား လာတဲ့အခါကျတော့ သူက စခန်းကိုရောက်လာတဲ့အခါ တိုက်ပွဲတွေက ပြန်ဖြစ်၊ ဖြစ်လာတဲ့အခါ ယုံကြည်မှု က ပိုနည်းလာ။ အဓိကကတော့ ယုံကြည်မှုပေါ့ဗျာ။ ပြီးရင် အစိုးရဖက်ကလည်း ကေအိုင်အိုက သူ့စခန်း အပြောင်းအလဲလုပ်ရင်လည်း လှုပ်ရှားလာတယ်အောက်မေ့ပေါ့။ အချင်းချင်း ဒါ ယုံကြည်မှုမရှိတဲ့အခါ ကျတော့ ဒါက အပြီးသတ် ငြိမ်းချမ်းဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်သလို ဖြစ်နေတယ်ပေါ့လေ။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးရင် တကယ်ပဲ အဲဒီအတိုင်း တိတိကျကျ လိုက်နာဖို့တော့ အရမ်းအရေးကြီးပါတယ်” လို့ ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ကချင်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်နေတာဟာ သယံဇာတနဲ့ ဒေ သတွင်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ သက်ဆိုင်တယ်လို့ ပြောပါတယ်။ “ဥပမာဆိုလို့ရှိရင် ကချင်ပြည်နယ်က သယံဇာတထဲမှာ ကျောက်စိမ်းဟာ မြန်မာ့တပ်မတော်ရဲ့ အဓိက၀င်ငွေလည်း ဖြစ်နေတယ်။

အဲဒီတော့ ကျောက်စိမ်းရှိတဲ့နေရာတခုလုံးကိုသာ မသိမ်းပိုက်မရမချင်းကတော့ မြန်မာ့တပ်မတော်ကို ကြည့်လိုက်ရင် အပစ်အခတ်ရပ်စဲရေးလုပ်မယ့်အလားအလာ မမြင်ဘူးရှင့်။ ရှေ့ကို တိုးတိုးပြီးတော့မှ နေရာ ယူနေတာကို တွေ့ရတယ်။ ဒုတိယတခုကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဆိုင်တာပါ။ အဲဒါက ကချင်ပြည် နယ်က မြစ်ချောင်းအင်းအိုင်မှန်သမျှပေါ့။ ရေကာတာပိတ်ပြီးမှာ လျှပ်စစ်ထုတ်လုပ်ရတဲ့အရာတိုင်းကို သူတို့က ရောင်းစားပြီးသား ဖြစ်နေတယ်။ ဥပမာ တာပိန်မြစ်၊ ရွှေလီမြစ်၊ ဧရာဝတီမြစ်မထဲကို စီးဝင်  တဲ့ မေခနဲ့ မေလိခ၊ ပြီးရင် ဧရာဝတီမြစ်ကိုယ်တိုင် အဲဒါတွေကို ရောင်းစားပြီးသားဖြစ်နေတယ်။ အဲဒီရောင်း စားထားတဲ့ အရာတွေကို အခုအချိန်မှာအကောင်အထည် ဖော်ရမယ့်အချိန်ရောက်တဲ့အခါကျတော့ မြန် မာနိုင်ငံအနေနဲ့ လုပ်ငန်းရှင်တွေကို hand over (လွှဲပြောင်း) နိုင်ဖို့ဆိုရင် ဒါ စစ်ပွဲတွေကို ဖန်တီးနေတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တော်တော်များများက တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ် တဲ့နေရာမှာ ရှိနေတယ်” လို့ ပြောပါတယ်။

ကချင်စစ်ပွဲပြီးငြိမ်းဖို့အတွက် သူက “စစ်ကို မရပ်ချင်တာ မြန်မာ့တပ်မတော် ဖြစ်နေတယ်ပေါ့။ ဒီဟာနဲ့ပတ် သက်လို့ ဘယ်လိုလုပ်ရမလဲဆိုရင် အခြေခံဥပဒေအရ မြန်မာ့တပ်မတော်ကို အရပ်သားအစိုးရအောက်မှာ ထားနိုင်မှ ရမယ်ပေါ့။ ခုလောလောဆယ် နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ဆောင်နေတာ တွေ့တယ်။ လွှတ်တော်ကလည်း ငြိမ်းချမ်းရေးလိုချင်နေတာ တွေ့တယ်။ ဒါပေမယ့် တပ်မတော်က မရပ်သရွှေ့ စစ်ပွဲက ဆက်ဖြစ်နေမှာဖြစ်တယ်။ တပ်မတော်က ရှေ့တန်းကို ချီနေသရွှေ့ ဟိုဘက်ကလည်း ပြန်ခံပစ်ကြမှာပဲ။ ကချင်တင်မကဘူး၊ ပလောင်ဒေသမှာလည်း အတူတူပဲ။ ဒီဟာတွေ အကုန်လုံး ငြိမ်းချမ်းဖို့ဆိုရင်တော့ အခြေခံဥပဒေလည်း ပြင်ရမယ်။ ပြီးရင် မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးကလည်းပဲ တပ်မတော်ကို ထိန်းချုပ်နိုင်ဖို့ ၀ိုင်းပြီး ကြိုးစားမှပဲရမယ်။ သူ့ကိစ္စ၊ ကိုယ့်ကိစ္စဆိုပြီး မခွဲဘဲနဲ့ ငြိမ်းချမ်းရေးဟာ တနိုင်ငံလုံး ကိစ္စပေါ့ National Issue အနေနဲ့ ကိုင်တွယ်မှပဲရမယ်” လို့ ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်အနေနဲ့လည်း ကချင်စစ်ပွဲ ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ကချင်ရှိရာနေရာတိုင်း ပြည်တွင်းပြည်ပမှာ တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။ ဇွန်လ ၆ ရက်နေ့မှာ ကချင်လူငယ်တွေက ရန်ကုန်မြို့မှာ သရုပ်ပြတင်ဆက်မှုတွေ၊ အကတွေကို ဆူးလေဘုရားအနီး လူစည်ကားရာနေရာတွေမှာ နံနက်ပိုင်း၊ နေ့လည်မှာ လှည်းတန်းဂုံး တံတားအောက်မှာ၊ ညနေပိုင်းကျရင် အင်းလျားကန်ဘောင်မှာ ကျင်းပမှာဖြစ်ပြီး တရားဝင်ခွင့်ပြုချက် လိုက်ယူနေတယ်လို့ ဆိုပါတယ်။

ဇွန်လ ၉ ရက်နေ့မှာတော့ ဟိုတယ်တခုမှာ သံတမန်တွေ၊ နိုင်ငံခြားသားတွေ။ ဆုံးဖြတ်ချက်ချနိုင်မယ့် မြန် မာနိုင်ငံအတွက် ၀န်ဆောင်နေသူတွေနဲ့ အလှူရှင် အဖွဲ့အစည်းတွေကို ကချင်စစ်ပွဲနဲ့ပတ်သက်လို့ ရှင်းလင်း တင်ပြပွဲလုပ်ပြီး ဒုက္ခသည်ရန်ပုံငွေရှာဖွေရေး ဆော်သြတိုက်တွန်းမယ်လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List