Wednesday, May 20, 2015

၂၀၁၄ အကယ်ဒမီစာရင်းတွင် ဇာတ်ကား ၁၇ ကား စာရင်းဝင်


၂၀၁၄ အကယ်ဒမီစာရင်းဝင် ရုပ်ရှင် ၁၇ ကားရှိပြီး သက်ဆိုင်ရာထုတ်လုပ်ရေး တိုက်များမှ လိုအပ်သည့် စာရွက်စာတမ်းများ မေလကုန် နောက်ဆုံးထား၍ တောင်းခံထားကြောင်း မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးနှင်းမိုးကပြောသည်။
‘‘ရုပ်ရှင် ထုတ်လုပ်သူတွေ ကို စာရင်းဝင်တဲ့ကားတွေရဲ့ ဇာတ်လမ်းအကျဉ်း၊အဓိကဇာတ် ဆောင်နဲ့ ဇာတ်ပို့၊ ဇာတ်ရံ စာရင်းတွေ  ဒီလကုန်လောက် အပြီး ပို့ပေးပါလို့ တောင်းထား တယ်။ အဲဒါတွေ အကုန်လုံး လက် ထဲရောက်မှ ဘယ်အချိန် ကြည့်မယ်ဆိုတာ ထုတ်ပြန်လို့ ရမယ်’’  ဟု ၎င်းက ပြောသည်။

ဆန်ခါတင်ဇာတ်ကား ၁၇ ကားမှာ ၃၉ ဗိုက်ပူ၊ မာကြီးရှည်၊ မာယာပရောဂျက်၊ အချစ်များနဲ့ ဖန်ဆင်းမယ်၊ ခိုးခိုးခစ်ခစ်၊ မော် ဒန်ရာဇ၀င်၊ အဆုံးမဲ့အချစ်၊တိုက်ဆိုင်မှုရှိလျှင်၊ နှလုံးသားဖြင့် ပြုလုပ်သည် ၊ အောင်မြင်ကျော် ကြားစူးရှထက်မြက်၊ သက်တံ သစ်၊ ကိုတင့်တို့ စူပါရပ်ကွက်၊ အွန်လိုင်းပေါ်က ၀ိညာဉ်၊ လော် မင်္ဂလာ၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း၊ ရည်းစားဦးနှင့် အသက်ကို အသက်ထက်ပို၍ ချစ်သောဇာတ်ကားများဖြစ်သည်။

အဆိုပါဇာတ်ကားစာရင်းတွင် နေတိုးက ခြောက်ကား၊ ပြေတီဦးက လေးကား၊ အောင်ရဲလင်းက သုံးကား ပါဝင်ပြီး မင်းသမီးများတွင် ၀တ်မှုံရွှေရည်က ခြောက်ကား၊ ဖွေးဖွေးက ငါး ကား၊ စိုးပြည့်သဇင်က သုံးကား၊ မိုးဟေကိုက နှစ်ကားအသီးသီး စာရင်းပါဝင်လျက်ရှိသည်။

ဒါရိုက်တာများတွင် ညီညီထွန်းလွင်နှင့် ၀ိုင်းရိုက်ကူးထားသည့် ဇာတ်ကား သုံးကားစီပါဝင်ပြီး အခြားဒါရိုက် တာ ၁၁ ဦးက တစ်ကားစီ ရိုက်ကူးထားသည်။

အကယ်ဒမီစာရင်းဝင် ရုပ် ရှင် ၁၇ ကားတွင် ကောင်းကျိုး ကိုယ်၌ တည်စေမင်း၊ ရည်းစားဦး၊ အသက်ကို အသက်ထက်ပို၍ ချစ်သော ဇာတ်ကားများကို နယ်မြို့ များ၌သာ ရုံတင်ပြသထားပြီး ရန်ကုန်၊ မန္တလေးမြို့ များတွင် ယခုနှစ်အတွင်း ရုံတင်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် ၂၀၁၄ နှင့် ၂၀၁၅ ၂ နှစ်ပေါင်း၍ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲပြုလုပ်ရန် စီစဉ်ထားသော် လည်း လုပ်ဖြစ်မည်၊ မဖြစ်မည်ကိုအတည်မပြုနိုင်သေးကြောင်းဦး နှင်းမိုးက ပြောသည်။

‘‘၂နှစ်ပေါင်း လုပ်ဖို့က ဆုံးဖြတ်ချက်တော့ မချရသေးဘူး။ အဆင်ပြေ ရင်နှစ်ကုန်တာနဲ့ ပေးနိုင်အောင် ကြံဆကြပါဆိုလို့ အစည်းအဝေးမှာ ၂ နှစ် တစ်ခါတည်း ပေါင်းလုပ်ရင်ကောင်း မယ်လို့ စဉ်းစားထားတာ’’ ဟု ၎င်းက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List