Tuesday, May 19, 2015

လှေစီးဒုက္ခသည်များကို ပင်လယ်ထဲ ပြန်သွားရန်ဖိအားပေးသည်ဟု စွပ်စွဲချက် ထိုင်းဝန်ကြီးချုပ် ငြင်းဆို






ထိုင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ပရာဝစ် ဝုန်စူဝမ်ကထိုင်းနိုင်ငံက ရွှေ့ပြောင်း နေထိုင်သူတွေရဲ့ လှေတွေ ကို ပင်လယ်ထဲ ပြန်သွားဖို့ ဖိအားပေးခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မေ ၁၈ရက်နေ့က ငြင်းဆိုလိုက် ပါတယ်။

ဖူးခက်ကမ်းခြေမြို့မှာ တော်ဝင်ထိုင်းရေတပ် တပ်မဟာ ၃ ရဲ့ အစည်းအဝေးအတွင်း ခုလို ပြောလိုက်တာပါ။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က မလေးရှားနယ်စပ်နားက ထိုင်းကျွန်းနားမှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၀၀ လောက် တင်ထားတဲ့လှေတစီး အင်ဂျင်အစိတ်အပိုင်း တခု ပျက်ခဲ့တာကို ထိုင်းရေတပ်က ပြင်ပေးခဲ့ပြီး အစာနဲ့ ရေပေးပြီး အန်ဒမန်ပင်လယ်ထဲ ပြန်လွှတ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ဒီလှေဟာ ပင်လယ်ထဲ မှာ ၃ လကြာ လူးလာခေါက်ပြန် သွားနေခဲ့ရတယ်လို့ ဆိုပါတယ်။ထိုင်းကာကွယ်ရေး ဝန်ကြီးကတော့ ထိုင်းဟာ ဘယ်သူ့ကိုမှ ပြန်တွန်းမထုတ်ဘူး။ လူ့အခွင့်အရေးဟာ ကျနော်တို့ လေးစားရ မယ့် အရေးကြီးတဲ့ အရေးပဲလို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကော့လီပေ့ကျွန်းနားမှာ တွေ့တဲ့ လှေက လူသားချင်းစာနာမှု အထောက်အပံ့အတွက် လာတာဖြစ်ပြီး ဆက်သွားချင်တယ်လို့ ထိုင်းကို အကြောင်းကြားခဲ့တယ်လို့ ကြေ ညာချက် ထုတ်ပြန်ပါတယ်။

မေ ၁၅ ရက်နေ့က အဲဒီလှေဟာ အရှေ့တောင်ဘက်ကို ဦးတည် ထွက်သွားခဲ့တာကို ထိုင်းရေတပ် ရေဒါ လမ်းကြောင်း ခြေရာခံစနစ်က ပြသထားပါတယ်။ အဲဒီနောက် မလေးရှားရေပိုင်နက်ဆီ ကွေ့သွားအပြီး အင်ဂျင်ရပ်ခဲ့လို့ ပင်လယ်ထဲ ထပ်ပြီး မျောပါခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေဟာ ထိုင်းရေပိုင်နက်ထဲကို ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည်တွေအရေးကို တုန့်ပြန်ဖို့ ညှိုနှိုင်းဆောင်ရွက်မှု လက္ခဏာကို နည်းနည်းပဲ ပြပါသေးတယ်။

ကျန်ခဲ့တဲ့ သီတင်းပတ်အတွင်း လှေစီးရွှေ့ပြောင်းနေထိုင်သူ အယောက် ၂၅၀၀ လောက် မလေးရှားနဲ့ အင်ဒိုနီးရှားကို ရောက်လာခဲ့ပေမယ့် လူ ၅၀၀၀ လောက် ပင်လယ်ထဲမှာ လှေတွေနဲ့ မျောပါနေဆဲပါ။

ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က လူတွေ ကျပ်ညှပ်နေတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေရဲ့ လှေတွေ ကို နိုင်ငံ့ကမ်းရိုးတန်းကနေ ထွက်သွားခိုင်း နေကြတယ်လို့ ပြောရင်း ပင်လယ်ပြင်က လူသားပင်ပေါင်ရိုက် ကစားပွဲလို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ကြီး(အိုင်အိုအမ်)က ခိုင်းနှိုင်း ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ ကတော့ အာဆီယံနိုင်ငံတွေက ဖျားနာ ငတ်မွတ်မှုကို ရင်ဆိုင်နေရတဲ့ လှေစီးဒုက္ခသည်တွေကို ပင်လယ်ထဲ ပြန်မလွှတ်ဖို့ ဆော်သြထားပါတယ်။

ဒီနှစ် ပထမ ၃ လအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ခန့်မှန်းခြေ အယောက် ၂ သောင်း ခွဲလောက် ရှိခဲ့ပြီး မနှစ်က ဒီအချိန်ရဲ့ ၂ ဆရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List