Wednesday, May 20, 2015

ရွေးကောက်ပွဲ တွင်သုံးမည့် မဲပုံးများကို ကုတ်နံပါတ်ပါသည့် ကြိုးဖြင့် ချိတ်ပိတ်မည်


လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပုံးများကို ဖုံးပိတ်ရာ၌ ကုတ်စနစ်ပါသည့် ချိတ်ပိတ်ကြိုးများကို အသုံးပြု သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားမှူးဦးသောင်းလှိုင် က မဇ္ဈိမကိုပြောသည်။
"အရင်တုန်းကတော့ ရိုးရိုးကြိုးလေးစည်းလိုက်တာပဲရှိမယ်။ မဲပုံးကို ကြိုးကတော့ ပလပ်စတစ်ကြိုးပဲ လော့ခ် လုပ်ပြီးရင် ပြန်ဖွင့်လို့မရဘူး။ ဖျက်ပြစ်လို့ပဲရတယ် ၊ပြန်ဆွဲထုတ်လို့မရဘူး၊ အဲဒီကြိုးမှာပလပ်စတစ် အပြာလေးပါမယ်။ အဲဒီ့မှာ ကုတ်နံပါတ်ပါမယ်။ မဲပုံးတိုင်းမှာ သတ်မှတ်ထားတဲ့ နံပါတ်တစ်ခု နဲ့ တစ်ခု မတူ ဘူး။ အဲတော့ ပွင့်လင်းမြင်သာမှုရှိလာတာပေါ့"ဟု ၎င်းကပြောသည်။

မဲပုံးများကို တပ်ဆင်မည့်ကြိုးကို ပလပ်စတစ်ကြိုးဖြင့် အသုံးပြုပြီး ယင်းပလပ်စတစ်ကြိုးတွင် သတ်မှတ်ထား သည့် ကုတ်နံပါတ် တစ်ခုစီပါဝင်မည်ဖြစ်သည်။ ကုတ်နံပါတ်ပါ ချိတ်ပိတ်ကြိုးကို မဲပုံးတွင် မတပ်ဆင်မီ လွှတ်တော်ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်များ၊ မဲရုံစောင့်ဝန်ထမ်းများကို  ပြသပြီးမှသာလျှင် စည်းနံပါတ် ပါသည့် ကြိုးကို စစ်ဆေး တပ်ဆင်ပေးမည်ဟု ဆိုသည်။

မဲပုံးများတွင်ရွေးကောက်ပွဲကော်မရှင် တံဆိပ်များအပါအဝင်၊ကုတ်နံပါတ် ပါချိတ်ပိတ်ကြိုးများ တပ်ဆင် ထားခြင်းကမဲအမှားအယွင်း မဖြစ်နိုင်ရန်နှင့် ပွင့်လင်းမြင် သာမှု ရှိစေရန် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဦးသောင်းလှိုင်က ဆိုသည်။

တစ်နိုင်လုံးတွင် မဲရုံပေါင်း လေးသောင်းခန့် အသုံးပြုရန် သတ်မှတ်ထားပြီး မဲရုံတစ်ခုတွင် မဲပုံး ၁၀ပုံးရှိ မည်ဖြစ်ကာ မဲပုံးတစ်ပုံးအတွက် ကြိုးနှစ်ချောင်း အသုံးပြု မည်ဟု ၎င်းက ရှင်းပြသည်။

ယင်းကုတ်နံပါတ်ပါသည့် ကြိုးများကို ပြည်တွင်းစက်ရုံတစ်ခုက တာဝန်ယူ ပြုလုပ်ပေးမည်ဖြစ်ပြီး ကုန်ကျ စရိတ်အတွက် ပြည်သူ့ လွှတ်တော်သို့ တင်ပြထားကာ တင်ဒါခေါ်ယူနေသည့် အဆင့်၌သာ ရှိသေး၍ အသေးစိတ်ပြောဆိုရန်ကိုမူ ၎င်းက ငြင်းဆိုခဲ့သည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List