Wednesday, May 20, 2015

ရန်ကုန် ဆေးရုံကြီးတွင် လက်ပြတ်သူများ ပြန်ဆက်ရေး တာဝန်ယူ ကုသပေးနေ


အကြောင်းအမျိုးမျိုးကြောင့် လက်ပြတ်ခဲ့သည့်လူနာများကိုရန်ကုန်ပြည်သူ့  ဆေးရုံကြီးတွင် အောင်မြင်စွာ တာဝန်ယူ ခွဲစိတ်ကုသ ပေး နိုင်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ခွဲစိတ်ကုသမှု ခံယူရာ တွင် ငွေကြေးကုန်ကျခံစရာမလိုဘဲ အခမဲ့ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်မှ စတင်၍ လက်ပိုင်း ဆိုင်ရာ အထူးကု ဆရာဝန်များကို ၂၄ နာရီလုံး တာဝန်ချထားပေးနေပြီ ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေး ရုံကြီး လက်ပိုင်းဆိုင်ရာခွဲစိတ်ကု ဌာနမှူး ပါမောက္ခ ဒေါက်တာ ခင်မောင်မြင့်က မေ ၁၉ ရက် က ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဒေါက်တာ ခင်မောင်မြင့်က“လက်ပြတ်တဲ့ လူနာတွေအတွက် ကျနော်တို့ပြန်ဆက် နိုင်ပါပြီ။ တခြားနေ ရာတွေမှာလည်း လုပ်နိုင် အောင် ကြိုးစားနေပါတယ်”ဟုလည်း ပြောသည်။

ပြတ်သည့်လက်ကို အေးစက် ခြောက်သွေ့နေစေရေးအတွက် ရေခဲထဲတွင် အိတ်ခံ၍ ထုပ်ပိုးရန်လိုအပ်ပြီး အအေးဓာတ်မရှိပါက အသားစများ ပုပ်ဆွေးနိုင်ကြောင်း၊ ရေများ စိုစွတ်နေပါကလည်း အကြောများဆက် ရာတွင် အခက်အခဲရှိကြောင်း၊ ၆ နာရီထက် နောက်မကျဘဲ တတ်နိုင်သမျှ စောစောလာရောက်ရန် လည်း ဒေါက်တာ ခင်မောင်မြင့်က ပြောဆိုသည်။

လတ်တလော လက်ပြန်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို ရန်ကုန်ဆေးရုံကြီးတွင်သာ ပြုလုပ်နိုင်ပြီး အခြားသောမြို့များတွင်ပါ ခွဲစိတ် ကုသနိုင်ရေး ဆက်လက်ပြုလုပ်သွားမည်ဖြစ်၍ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တိုးချဲ့မှုများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ လှမြင့်က ပြော သည်။

ရန်ကုန် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးကလည်း“အခုဒီမှာက သွေးစစ် တာတောင် နိုင်ငံခြားသွားစစ် နေ ရတာ ရှက်ဖို့ကောင်းပါတယ်၊ ဒီမှာတင် မှန်အောင်စစ်လို့ရပါတယ်၊ ကျွမ်းကျင်တဲ့ပညာရှင်တွေ မွေးထုတ်နိုင်ဖို့ လုပ်ရပါမယ်”ဟု ပြော ဆို သည်။

လတ်တလော ရန်ကုန်ဆေးရုံကြီးတွင် အရိုးအကြော ခွဲစိတ်ကုသမှုများ နေ့စဉ်ပြုလုပ်လျက်ရှိရာ အရိုး အကြောထိခိုက်သည့် လူနာ သုံးပုံ တပုံခန့်သည် လက်နှင့်ပတ်သက်သူများဖြစ်ကြောင်း သိရသည်။

ဆေးရုံကြီး တာဝန်ရှိသူများအနေနှင့် ဘယ်လက်မောင်းပြတ်ခဲ့သော တိုက်ကြီးမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီး တဦးကို ဧပြီ ၂၇ ရက်က ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းမီဒီယာတွင် ထုတ်ဖော်ကြေညာခြင်းဖြစ်ကြောင်း၊ ၂၀၀၆ ခုနှစ် က လည်း လက်မောင်းပြတ်ခဲ့သည့် အမျိုးသမီးတဦးကို ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

တိုက်ကြီးမြို့နယ်မှ လက်မောင်ပြန်ဆက်ထားသည့် လူနာသည်လည်း အနာကျက်ပြီဖြစ်၍ ဆေးရုံမှပြန် ဆင်းတော့မည်ဖြစ်ပြီး အာရုံကြော ထိထားသည့်အတွက် ပုံမှန်အတိုင်းပြန်လှုပ်ရှားနိုင်ရန် ၈ လမှ ၁ နှစ်၂ လ အထိ ကြာနိုင်ပြီး လက်ကောက်ဝတ် ထိခိုက်သူများသည် ယခုထက်ပို၍ မြန်ဆန်စွာ ပုံမှန်အတိုင်းပြန် လှုပ်ရှားနိုင်ကြောင်း ဒေါက်တာ ခင်မောင်မြင့်က ရှင်းပြသွားသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List