Wednesday, May 20, 2015

လူကုန်ကူးသူကို ရေတပ်က နှိမ်နင်းဖို့ အီးယူခွင့်ပြုပြီ


လစ်ဗျားနိုင်ငံကနေ မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပတိုက်ထဲ ဝင်လာတဲ့ ပြဿနာနဲ့ ဆက်စပ်ပြီး လူကုန် ကူးသူတွေကို ရေတပ်တွေ နှိမ်နင်းဖို့ ဥရောပ သမဂ္ဂ အီးယူက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။အီတလီနိုင်ငံကနေ အခြေစိုက် လှုပ်ရှားကြမှာ ဖြစ်ပြီး စစ်သင်္ဘောတွေ၊ ထောက်လှမ်းရေး လေယာဉ်တွေကို အသုံးပြုပြီး အချက် အလက် စုဆောင်းမှာ ဖြစ်ပါတယ်။
ရရှိတဲ့ အချက်အလက်အပေါ် မူတည်ပြီး လူကုန်ကူးသူတွေရှိရာနေရာကို ရေတပ်က ဝင်ရောက် စီးနှင်းခွင့် ရသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လူကုန်ကူးသူတွေ အသုံးပြုတဲ့ လှေကို ဖျက်ဆီးခွင့်ရဖို့ အီးယူက ကြိုးစားနေပြီး အဲဒီ မူဝါဒကို ကုလသမဂ္ဂ ထောက်ခံမှသာ အောင်မြင်မယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးအဖွဲ့ဝင် ရုရှားနိုင်ငံကတော့ လူကုန်ကူးသူတွေဟာ သူများတွေရဲ့ လှေကို ငှားရမ်းပြီး လူကုန်ကူးတာ ဖြစ်တဲ့အကြောင်း၊ အဲဒီလှေကို လူကုန်ကူးမှုမှာ အသုံးပြုမယ်ဆိုတာကို လှေပိုင်ရှင်တွေ ကတောင် မသိတဲ့အတွက် လှေကို ဖျက်ဆီးလိုက်တာမျိုး မလုပ်သင့်ဘူးလို့ ပြောဆိုထားပါတယ်။

နိုင်ငံတကာက ဒုက္ခသည်ဦးရေကို အီးယူအဖွဲ့ဝင် နိုင်ငံတွေ မျှပြီး ခေါ်ယူရင် ဒီပြဿနာ ငြိမ်းသွားနိုင်တယ်လို့ လည်း ယူဆနေကြပါတယ်။

အခုလောလောဆယ် မြေထဲပင်လယ်ဒေသမှာ ရှိတဲ့ ဥရောပ နိုင်ငံတွေက ဒုက္ခသည် ဝန်ကို ပိုထမ်းနေရ တာဖြစ်တဲ့အတွက် ဒီဝန်ကို တခြား အီးယူနိုင်ငံတွေလည်း မျှမျှတတ ထမ်းဆောင်ကြဖို့ ပြောဆိုတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီ တင်သွင်းချက်နဲ့ ပတ်သက်ပြီး အီးယူမှာ နှစ်ခြမ်းကွဲနေပါတယ်။

ဗြိတိန်၊ ဟန်ဂေရီ၊ ပိုလန်၊ ချက်နိုင်ငံ၊ Estonia၊ Latvia၊ Slovakia၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတို့ကတော့ ဒုက္ခသည်တွေကို မျှမျှတတ လက်ခံရမယ့် အဆိုကို ငြင်းပယ်နေတယ်လို့လည်း သိရပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ဖြစ်တဲ့ နိုင်ငံက နိုင်ငံသားတွေဟာ ရေကြည်ရာ မျက်နုရှာတဲ့ အနေနဲ့ မြေထဲပင်လယ်ကို ဖြတ်ကျော်ရာက နှစ်စဉ် ထောင်နဲ့ချီ သေဆုံးပြီးနောက် ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ABC


No comments:

Post a Comment

My Blog List