Friday, May 22, 2015

တောင်ကိုရီးယားတွင် မားစ်ရောဂါကူးစက်ခံရသူ ၃ ဦး တွေ့ရှိ



တောင်ကိုရီးယားနိုင်ငံတွင်း အရှေ့အလယ်ပိုင်းမှာ အသက်ရှူ လမ်းကြောင်းရောဂါ လက္ခဏာ မားစ်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦးကို တွေ့ခဲ့ တယ်လို့ တောင်ကိုရီးယား ကျန်းမာရေး အရာရှိတွေက မေ ၂၁ ရက်နေ့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းကနေ ပြန်လာအပြီး မားစ်ရောဂါ ကူးစက်ခဲ့တဲ့ လူနာနဲ့ ထိတွေ့မှု ရှိခဲ့တဲ့ လူ ၂ ဦးမှာ မားစ်ရောဂါ ကူးစက်နေတာ တွေ့ခဲ့တာပါ။

မေလ ၂၀ ရက်နေ့ မနက်က ဖျားနာတဲ့လူနာတွေမှာ ဗိုင်းရပ်စ်ကို တွေ့ခဲ့ တာကြောင့် အဲ့ဒီနေ့လယ်မှာပဲ သူတို့ကို သီးသန့်လူနာဆောင်မှာ သီးခြား ခွဲထားခဲ့ပြီး မှန်ကန်တဲ့ ကုသမှုတွေ ပြုလုပ်ပေးနေပြီလို့ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနညွှန်မှူး ယန်ဗြောင်ဂတ် က ပြောပါတယ်။

ဒီလူနာ ၃ ဦးရဲ့ မိသားစုဝင်တွေနဲ့ သူတို့ကို ကုသပေးနေတဲ့ ဆေးဘက် လုပ်သားတွေ စုစုပေါင်း ၆၄ ဦး ကိုလည်း ကြိုတင် ကာကွယ်တဲ့အနေနဲ့ အာဏာပိုင်တွေက သီးခြား ခွဲထားခဲ့ပါတယ်။

ပထမဆုံး အတည်ပြုထားတဲ့ မားစ်ကူးစက်ခံ လူနာရဲ့ ဇနီးသည်နဲ့  သူနဲ့အတူ ဆေးရုံကို အတူတက်ခဲ့တဲ့ လူနာမှာလည်း မားစ်ရောဂါ ကူးစက်နေတာကို စမ်းသပ်တွေ့ရှိခဲ့တာပါ။

မားစ်ဗိုင်းရပ် ကူးစက်ခံရတာကို မေလ ၂၀ ရက်နေ့က ပထမဆုံး တွေ့တဲ့ လူဟာ ရောဂါဖြစ်ပွားရာ ဘာရိန်း ၊ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီး တို့ကို ခရီးသွားခဲ့တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

လူနာတွေကို ကုသပေးနေတဲ့ တာဝန်ခံ ကူးစက်ရောဂါ အထူးကုဆရာဝန်က လူနာတွေမှာ အဖျားနဲ့ ချောင်း ဆိုးတာ ရှိပေမယ့် အသက်ရှူရခက်မှုကနေ အခြေအနေ တိုးတက်လာတယ်လို့ ပြောပါတယ်။

ဝန်ကြီးဌာနကတော့ ပထမလူနာနဲ့  ထိတွေ့ခဲ့တဲ့ လူတွေကို သီးခြားခွဲပြီးထားခဲ့တာကြောင့် နောက်ထပ် လူတွေကို ကျယ်ကျယ်ပြန့်ပြန့် ကူးစက်မယ့် အခွင့်အလမ်း မရှိဘူးလို့ ရှုမြင်ကြောင်း မေ ၂၀ ရက်နေ့ က ပြောပါတယ်။

မားစ်ရောဂါ ကူးစက်ခံရလို့ သေဆုံးတဲ့ နှုန်းက လူ ၁၀ ဦးမှာ ၃ ဦးကနေ ၄ ဦးအထိ ရှိပါတယ်။ ကူးစက်ခံရ အပြီး ရောဂါလက္ခဏာပြဖို့ အချိန် ၂ ရက်ကနေ ၁၄ ရက်ထိ ယူတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ လူတွေကို ကူးစက်ကြောင်း စတင်ဖော်ထုတ်နိုင်တဲ့ မားစ်ရောဂါဟာ ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံမှာ ကူးစက်ခဲ့တဲ့ ကူးစက်မြန် ပြင်းထန် အသက်ရှူ လမ်းကြောင်း ရောဂါလက္ခဏာ ဆားစ်နဲ့ တမိသားစုတည်းဖြစ်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါပါ။

ကူးစက်ခံရတဲ့ လူနာပေါင်း ၁၁၁၈ ဦးရှိခဲ့ပြီး လူ ၄၂၃ ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက  အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်မှု အများစုကတော့ ဆေးရုံကနေ ကူးစက်ခဲ့တာ ဖြစ်ပါတယ်။

DVB


No comments:

Post a Comment

My Blog List