Wednesday, May 20, 2015

ရွေးကောက်ပွဲတွင် မဲ ၂ ကြိမ် ပေးပါက ထောင်ဒဏ် ငွေဒဏ် ချမှတ်ခံရမည်


၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးမည့်သူများ အနေဖြင့် တဦးတည်းက မဲ ၂ ကြိမ် ပေးပါက ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုမြောက်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်ခြင်း ခံရမည်ဖြစ်၍ သတိပြုသင့်ကြောင်း သိရသည်။
“မဲစာရင်း ၂ နေရာမှာ ပါလျက်သားနဲ့၊ ဥပမာ မြောက်ဥက္ကလာမှာလည်း ပါနေမယ်။ ကျောက်တံတား မှာ လည်း ပါနေတယ်ဆိုတာ သိလျက်သားနဲ့ ၂ နေရာ စလုံးမှာမဲပေးမယ်ဆိုရင် ပြစ်မှုမြောက်တယ် ။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုအရ တိုင်တဲ့သူက တိုင်လို့ရှိရင်၊ မဲရုံမှူးက သိလို့ရှိရင် အရေးယူလို့ ရပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသောင်းလှိုင်က ပြောသည်။

ရွေးကောက်ပွဲ ဥပဒေအရ လွှတ်တော် မဲဆန္ဒနယ် တနယ်ထက်ပိုသော မဲဆန္ဒနယ်အတွက် ဆန္ဒမဲပေးခြင်း၊ မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသော လွှတ်တော်မဲ ဆန္ဒနယ်အတွက် တကြိမ်ထက်ပို့၍ ဆန္ဒမဲပေးခြင်း မပြုလုပ်ရ ဟု ပြဋ္ဌာန်းထားသည်။

မဲစာရင်းတွင် နာမည် ၂ ခု ထပ်နေခြင်းသည် ပြဿနာ မရှိသော်လည်း မဲပေးသည့်နေ့တွင် ၂ ခါ ပေးမိပါ က ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုမြောက်ပြီး ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ကျပ် ၃ သိန်းထက် မပိုသော ငွေဒဏ်ကို ဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ် စလုံးကိုဖြစ်စေ ချမှတ်ခြင်း ခံရမည်ဟုလွှတ်တော် ရွေးကောက် ပွဲ ဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် မဲဆန္ဒရှင် ပြည်သူများသည် မဲစာရင်းများ ကြေညာသည့်အခါ သွားကြည့်ရန် လိုအပ်ပြီး မဲဆန္ဒရှင် စာရင်းအား ထပ်မံဖြည့်စွက်ခြင်း၊ အမှားပြင်ဆင်ခြင်းနှင့် ကန့်ကွက်ခြင်းများကို သက်ဆိုင်ရာမြို့နယ် ကော်မ ရှင် အဖွဲ့ခွဲ အသီးသီးသို့ လျှောက်လွှာပုံစံများ ဖြည့်ကာ ပြန်လည် လျှောက်ထားနိုင်သည်ဟု ဦးသောင်းလှိုင် က ဆိုသည်။

မဲဆန္ဒရှင် ကိုယ်တိုင်မဟုတ်ဘဲ သူတပါးက အယောင်ဆောင်၍ ဆန္ဒမဲ လက်မှတ်ပေးခြင်း၊ ကြိုတင်ဆန္ဒမဲ လက်မှတ်ကို လာရောက်တောင်းဆိုပြီး ဆန္ဒမဲပေးခြင်းတို့ကို ကျူးလွန်သည်ဟု တွေ့ရှိတိုင်ကြားခံရသူသည် ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ကျပ် ၃ သိန်းထက် မပိုသော ငွေဒဏ်ကို ဖြစ်စေ၊ ပြစ် ဒဏ် နှစ်ရပ်စလုံးကို ဖြစ်စေ ချမှတ်ခြင်း ခံရမည် ဖြစ်သည်ဟုလည်း လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

မဲဆန္ဒရှင် စာရင်းပြုစုရာတွင် အိမ်ထောင်စုစာရင်း ပုံစံကို အခြေခံ ပြုစုထားပြီး မဲပေးမည့်သူအနေဖြင့် တခြားမြို့နယ် တခုတွင် အလုပ်လုပ်ကိုင်၍ ပြောင်းရွှေ့နေထိုင်နေပြီး ၄င်း၏အမည်စာရင်းကို လွှဲပြောင်းခြင်း မပြုလုပ်ရသေးပါက အိမ်ထောင်စု စာရင်းရှိရာ မဲဆန္ဒရှင် စာရင်း၌သာ ပါဝင်နေမည် ဖြစ်သည်။

၎င်းအနေဖြင့် အလုပ်လုပ်ကိုင်ရာ မြို့နယ်သစ်တွင် အနည်းဆုံး ရက်ပေါင်း ၁၈၀ နေထိုင်ပြီးသည့်အခါ နေ ထိုင်သည့် မြို့နယ်သစ်တွင် မဲပေးလိုပါက မဲပေးခွင့် လျှောက်ထားနိုင်သည်။ ထိုအခါ အိမ်ထောင်စုစာရင်းရှိ ရာ မြို့နယ်၏ မဲစာရင်းတွင် ပါရှိနေသည့် ၄င်း၏နာမည်ကို ပယ်ဖျက်ရန် လိုမည်ဖြစ်ပြီး မပယ်ဖျက်ပါက မဲစာရင်း ၂ ခုတွင် ပါဝင်နေမည် ဖြစ်သည်။

အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပသို့ ရောက်ရှိနေသော မဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်း နေရပ်သို့ သွားရောက်၍ မဲပေးလိုခြင်း မရှိပါက ရောက်ရှိနေသည့် မဲဆန္ဒနယ်တွင် ဆန္ဒမဲ ပေးနိုင်ခွင့် ရရှိစေရန် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၃၀ ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကော်မရှင် အဖွဲ့ခွဲသို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အစိုးရ ၀န်ထမ်းများဖြစ်ပါက သက်ဆိုင်ရာနယ်မြေ လုပ်ငန်းတာဝန်၏ ထောက်ခံချက်ကို လည်းကောင်း၊ အလုပ်သမားဖြစ်ပါက သက်ဆိုင်ရာ လုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင် ကိုယ်စားလှယ်၏ ထောက်ခံချက် ကို လည်းကောင်း၊ တခြားသော ပုဂ္ဂိုလ်ဖြစ်ပါက ကိုယ်တိုင်ဝန်ခံချက်ကို လည်းကောင်း ဖော်ပြ၍ သက်ဆိုင် ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် မဲစာရင်း၌ ထည့်သွင်းပေးရန် သွားရောက် လျှောက်ထားရမည်ဟု လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများတွင် ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မြန်မာနိုင်ငံ တ၀န်းလုံး အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလကတည်းက စတင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တနိုင်ငံလုံး အခြေခံ မဲစာရင်း ပြုစုမှုသည် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်က ရန်ကုန်တိုင်း ဒေသကြီး မြို့နယ် ၁၀ မြို့နယ်တွင် အခြေခံ မဲစာရင်းကို ၁၄ ရက်ကြာ ကြေညာပေးခဲ့ပြီး မေ ၂၅ ရက်၊ ဇွန် ၈ ရက်နှင့် ဇွန် ၂၂ ရက်များတွင်လည်း အခြေခံ မဲစာရင်းများ ကို ထပ်မံ ကြေညာမည် ဖြစ်သဖြင့် မဲဆန္ဒရှင် ပြည်သူများသည် မဲစာရင်းများသွားကြည့်ရန်လိုကြောင်း ကော် မရှင်က တိုက်တွန်းထားသည်။

ရန်ကုန်တိုင်း ဒေသကြီး ၁၀ မြို့နယ် မဲစာရင်းထဲတွင် မိမိနာမည် မပါ၍ လာရောက်လျှောက်ထားသူ ၄၅၀၀ ကျော်၊ ကိုယ်ရေး အချက်အလက် မှားနေသဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားသူ ၂၉၀၀ ကျော်၊ မဲစာရင်းတွင် သေဆုံးပြီးသူများ အပြင် မပါဝင်သင့်သူများ ပါနေသည့် အတွက် ကန့်ကွက်တင်ပြခဲ့သူ ၁၂၀၀ ကျော် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန် ပြောဆိုထား သည်။

တနိုင်ငံလုံးရှိ အခြေခံ မဲဆန္ဒရှင် စာရင်းများကို ပြုစုပြီး၊ ကြေညာခြင်း လုပ်ငန်းများ ဆောင်ရွက်၍ ပြင် ဆင် ဖြည့်စွက်မှုများ ပြုလုပ်ပြီးပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရှိ ကွန်ပျူတာ အချက်အလက် ဘဏ်တွင် စုစည်းထားရှိပြီး အများပြည်သူ ကြည့်ရှုစစ်ဆေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်၏ ၀က်ဘ်ဆိုက် စာမျက်နှာတွင် လွှင့်တင်ထားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List