Friday, May 22, 2015

နှလုံးသား ထောင့်ကြားမှ သံယောဇဉ်စများ


“သွေးသည် ရေထက် ပျစ်၏” ဆိုသော ရှေးစကားပုံ ရှိ၏။ သွေးရင်းသားရင်း သံယောဇဉ်က သွေးမတော် သားမစပ် သူစိမ်းများကြားရှိ သံယောဇဉ်ထက် ပိုမိုကြီးမား ခိုင်ခန့်ခြင်းကို ဆိုလိုသည်။ ထို အယူအဆသည် အခြေအနေတိုင်းတွင် အလုံးစုံမှန်သည်ဟု မဆိုသာသော်ငြား ယေဘုယျအားဖြင့် မိဘနှင့် သားသမီး သံယောဇဉ် ပြီးလျှင် သွေးရင်းသားရင်း သံယောဇဉ်သည် အခိုင်မာဆုံး အကြီးမားဆုံး သံယောဇဉ်ဖြစ်သည် ဆိုလျှင် ငြင်းဖို့ရာ မရှိပါ။
တိုင်းပြည့်အာဏာကို ကိုယ်ပိုင်ဟု မှတ်ထင်ကြကာ အဖေကို သားက သတ်၊ ညီကို အစ်ကိုက သတ်၊ အာဏာ အတွက် သံယောဇဉ်ဖြတ် တိရစ္ဆာန် ဆန်ဆန် နှလုံးသားမဲ့ ရက်စက်ခဲ့ကြသည့် ပဒေသရာဇ်ခေတ် ကာလတွင်ပင် တအူတုံဆင်း ညီရင်းအစ်ကို မောင်ရင်းနှမ အကြား ထားရှိသည့် ခိုင်ခန့်သောသံယောဇဉ်နှင့် ပတ်သက်သော အဖြစ်အပျက်များစွာ ရှိခဲ့ဖူးကြောင်း သမိုင်းမှတ်တမ်းများတွင် တွေ့ရသည်။

ညီအစ်ကို နှစ်ယောက်ကြား ခိုင်ခန့်ကြီးမားသည့် သံယောဇဉ်နှင့် ပတ်သက်၍ မြန်မာ့သမိုင်း၌ မှတ်တမ်းတင် ခဲ့သော အဖြစ်အပျက်များတွင် အင်းဝဘုရင် (ပထမ) မင်းခေါင် နှင့် သူ၏ညီ မင်းသိဒ္ဓတ်တို့၏ အဖြစ်အပျက် မှာ ထင်ရှားလှ ပါသည်။

အင်းဝနှင့် ဟံသာဝတီ နှစ်လေးဆယ် စစ်ပွဲအတွင်း တခုသော ကာလတွင် ဟံသာဝတီ ပြည့်ရှင် ရာဇာဓိရာဇ် သည် အင်းဝဘုရင် မင်းခေါင်အား လုပ်ကြံ သတ်ဖြတ်ရန် လဂွန်းအိန် ဦးဆောင်သော လက်ရွေးစင် တိုက် ခိုက်ရေးသမားတစုကို စေလွှတ်လိုက်လေ၏။ စစ်ဆင်ရေးကား ဆင်စီး၍ တပ်တော်ကို စစ်ဆေးလေ့ရှိသော ဘုရင်မင်းခေါင်အား လျှပ်တပြက် ဝင်ရောက်တိုက် ခိုက်ကာ သုတ်သင်ရန် ဖြစ်သည်။

လဂွန်းအိန်ကို ကူညီရန် မင်းသိဒ္ဓတ်ကိုလည်း လုပ်ကြံသတ်ဖြတ်ရေး အထူးတပ်ဖွဲ့နှင့်အတူ ရာဇာဓိရာဇ် က စေလွှတ် လိုက်သည်။ မင်းသိဒ္ဓတ်မှာ မင်းခေါင်၏ မအေတူ ဖအေတူ တအူတုံဆင်း ညီအစ်ကို အရင်း ဖြစ်ပြီး ထီးနန်း အရိုက်အရာနှင့် ပတ်သက်၍ အစ်ကို ဖြစ်သူ မင်းခေါင်အား မကျေနပ်သဖြင့် ရာဇာဓိရာဇ်ထံ ခိုလှုံနေသူ ဖြစ်၏။ တိုက်ပွဲအတွင်း လဂွန်းအိန် ဦးဆောင်သော ဟံသာဝတီ တိုက်ခိုက်ရေး သမားများ၏ လျှပ်တပြက် ဝင်ရောက် တိုက်ခိုက်မှုကြောင့် အင်းဝတပ်များသည် ဖရိုဖရဲ ဖြစ်သွားကြကုန်၏။

မင်းသိဒ္ဓတ်သည် အစ်ကို ဖြစ်သူ ဘုရင်မင်းခေါင်ကို ဟံသာဝတီတပ်များ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တော့ မည့် ဆဲဆဲ အဖြစ်ကို မြင်ရသောအခါ မင်းခေါင်အပေါ် ယခင်က ထားရှိခဲ့သော အမုန်းများနှင့် လက်ရှိ သစ္စာခံထားသူ ရာဇဓိရာဇ် ပေးအပ်လိုက်သော တာဝန်နှင့် ဝတ္တရားကို မေ့ပျောက်ကာ ညီအစ်ကို သံယောဇဉ်နှင့် အစ်ကို ဒုက္ခရောက်မည်ကို မကြည့်ရက်တော့သဖြင့် အစ်ကို ဖြစ်သူ ဘေးကင်းရာ ဘေး ကင်းကြောင်း ဟစ်အော် သတိပေးလိုက်လေတော့၏။

သူ၏ သတိပေးမှုကြောင့် မင်းခေါင် လွတ်မြောက်သွားခဲ့ပါသည်။ သို့သော် ရာဇာဓိရာဇ်၏ သုတ်သင်ခြင်းကို မင်းသိဒ္ဓတ် ခံရလေသည်။ မိမိ အသတ်ခံရမည်ကို သိပါလျက်နှင့် တချိန်က မိမိကိုယ်တိုင် ဆင်ချင်း စီးချင်း ထိုးကာ အနိုင်ရရန် ကြိုးစားခဲ့ဖူးသော ရန်သူ ဖြစ်သူ အစ်ကိုအား မင်းသိဒ္ဓတ်တယောက် အသတ်ပေးကာ ကာကွယ်ပေးသွားသည်က ညီအစ်ကို သံယောဇဉ်ဆိုသော ခိုင်ခန့်လွန်းသည့်သံယောဇဉ်ပင် ဖြစ်လေသည်။

သို့သော် ပွေလီလှသော လောကကြီးထဲ ကာလဒေသ ပယောဂ၏ ပုတ်ခတ်ရိုက်စားမှု ဒဏ်ကို ထို သံယောဇဉ်က အဘယ်မျှ တင်းခံနိုင်ပါသနည်း၊ မည်မျှ မာကြော ခိုင်ခန့်ပါမည်နည်း ဆိုသည်က တွေးစရာ။ ဥစ္စာကြောင့် လည်းကောင်း၊ အာဏာကြောင့် လည်းကောင်း၊ အယူဝါဒကြောင့် လည်းကောင်း ညီအစ်ကို ရင်းများကြား၊ မောင်နှမချင်းကြား သံယောဇဉ်များ စိမ်းကား ပြတ်တောက် ခါးသက် မုန်းတီးသွားနေကြသည် ကို ကျနော်တို့ ပတ်ဝန်းကျင်တွင် နေ့စဉ် မြင်တွေ့နေရသည်။

ထိုသို့သော ပတ်ဝန်းကျင်၏ အခါးများက ညီအစ်ကို မောင်နှမ သားချင်းတို့၏ နှလုံးသားကြား ခိုအောင်းနေ သည့် ပြာလဲ့သော အတိတ်ကာလ၌ တချိန်က အတူမျှဝေ ခံစားဖူးခဲ့ကြသော သံယောဇဉ်၊ ကြင်နာခြင်း ၊ နွေးထွေးမှုနှင့် ကြည်နူးပျော်ရွှင်ဖွယ် နေ့ရက်များကို လုံးဝ ပျောက်ပျက်မေ့ပျောက် သွားသည် အထိအောင် လုပ်နိုင်ပါမည်လား၊ ဤသည် ကလည်း တွေးစရာပင်။

The Soong Sisters ဟူသော ဟောင်ကောင် ရုပ်ရှင် ဇာတ်ကားလေးသည် ထိုမေးခွန်းများကို ရင်အတွင်း သို့ ဝင်ရောက်စေသော ရုပ်ရှင်ဇာတ်ကား လေးပင်။

ချာလီဆွန်း ဟူသော တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းသားလေးသည် အသက် ၁၅ နှစ်အရွယ်တွင် အမေရိ ကန်နိုင်ငံ ဘော်စတွန်မြို့သို့ ရောက်ရှိသွားခဲ့၏။ ဘော်စတွန်ရှိ တရုတ် လက်ဖက်ရည်ဆိုင် တဆိုင်တွင် စားပွဲထိုးလုပ်ရာမှ မကြာမီ အင်္ဂလီကန် ခရစ်ယာန်ဘာသာမှ ခွဲထွက်လာသော ခရစ်ယာန်ဂိုဏ်း တခုတွင် ခရစ်ယာန်ဘာသာဝင် အဖြစ် ခံယူပြီး အင်္ဂလိပ်စာပေနှင့် သမ္မာကျမ်းစာကို သင်ယူခဲ့သည်။ ဘွဲ့ရသောအခါ ခရစ်ယာန် သာသနာပြု ဓမ္မကထိက အဖြစ် ရှန်ဟိုင်းမြို့သို့ ပြန်လာခဲ့လေသည်။

ထိုအချိန်က မန်းချူးမင်းဆက် အုပ်ချုပ်နေသော တရုတ်ပြည်ကြီးကို အနောက်တိုင်းသားများက နာမကျန်းဖြစ် ကာ အိပ်ပျော်နေသည့် နဂါးကြီး အဖြစ် လှောင်ပြောင် တင်စားနေသော အချိန်ဖြစ်၏။ တရုတ် လူ့အဖွဲ့ အစည်းသည် ရှေးအကျဆုံး လူ့အဖွဲ့စည်းများထဲမှ တခုဖြစ်ပြီး ဟောင်းနွမ်း ရိဆွေးနေသော ရှေးထုံးတမ်း အစဉ်လာများက ရစ်ပတ် သိုင်းခြုံထားသဖြင့် လူအင်အားများသော်လည်း ဟောင်းနွမ်းဆွေးမြေ့ ကာ ခေတ်နောက်ကျ လွန်းသော လူ့အဖွဲ့အစည်း ဖြစ်နေခဲ့သည်။

စက်မှု တော်လှန်ရေး အကြီးအကျယ် ဖြစ်ပွားနေခဲ့သော အမေရိကန်နိုင်ငံမှ ပြန်ရောက်လာသည့် ဓမ္မကထိ ကလေး ချာလီဆွန်း တယောက် သူ့မိခင် တိုင်းပြည်ကြီး ခေတ်နောက်ကျကာ အောက်ကျနောက်ကျနှင့် ဆင်းရဲမွဲတေ နေသည် ကို မြင်တွေ့ရသောအခါ နာမကျန်းဖြစ်ကာ အိပ်ပျော်နေသော နဂါးကြီးကို လှုပ်နှိုးဖို့ ကြိုးစားပါတော့သည်။

တဘက်က သာသနာ့တာဝန် ထမ်းဆောင်ရင်း တဘက်က စီးပွားလုပ်ရေး လုပ်သည်၊ ပုံနှိပ်တိုက် ထူထောင်ကာ တရုတ် အမျိုးသား နိုးကြားရေးကို ကြိုးပမ်းသည်။ ခေတ်ပြောင်း တော်လှန်ရေး အတွက် အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက်ဆင်ကို ဝန်းရံသည်။ အတွေးတူ အမြင်တူ ရည်ရွယ်ချက် တူ ချာလီဆွန်းနှင့် ဆွန်ယက်ဆင်တို့ အလွန်ရင်းနှီးသော မိတ်ဆွေရင်းများ ဖြစ်လာကြပြီး ဆွန်ယက်ဆင်ကို အဓိကပံ့ပိုး ကူညီသူ ဖြစ်လာခဲ့သည်။

ချာလီဆွန်းတွင် သမီး ၃ ယောက်ရှိသည်။ ထိုခေတ်က တရုတ် လူ့အဖွဲ့အစည်းသည် ဖို ဝါဒီအားကောင်းသော လူ့အဖွဲ့အစည်း ဖြစ်ပြီး သမီး မိန်းကလေးထက် သားယောက်ျားလေးကို ဦးစားပေးလေ့ ရှိသည်။ အမျိုးသမီးတို့သည် အမျိုးသားတို့ကို ပြုစုရန်နှင့် သားသမီး ပွားစည်းရန် အတွက်သာဖြစ်ပြီး အမျိုးသားတို့ကို မှီခိုရလေသည်။ ထို အခြေအနေမျိုးကို တိုက်ဖျက်ရန် ချာလီဆွန်း သန္နိဋ္ဌာန်ချထားပြီး သူ၏သမီး ၃ ယောက်သည် တနေ့ တရုတ်ပြည် သစ်ကြီးကို ဦးဆောင် တည်ဆောက် သူများ ဖြစ်စေရမည် ဟု ရည်မှန်းချက်ထားကာ အမေရိကန်သို့ စေလွှတ် ပညာသင်ယူစေသည်။

နောင်သောအခါ ထိုသမီး ၃ ယောက်စလုံးသည် အမေရိကန်နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်ရှိ နာမည်ကျော် ဝက်စလီယန် အမျိုးသမီး ကောလိပ်ကျောင်းတွင် ပညာသင်ကြားခဲ့ကြ၍ တရုတ်ပြည်၏ ပထမဆုံး ဘွဲ့ရ ပညာတတ် အမျိုးသမီးများ ဖြစ်လာလေသည်။

ညီအစ်မ သုံးယောက်တွင် အကြီးဆုံးမှာ ဆွန်းအိုင်လင်း ဖြစ်ပြီး ဆွန်းချင်လင်းမှာ အလတ်မ ဖြစ်သည်၊ ဆွန်းမေလင်း ကား အထွေးဆုံး ညီမ ပင်။ သူတို့သည် တဦးနှင့်တဦး အလွန်ချစ်ကြသည်၊ အမေရိကား ၌ နေထိုင်စဉ် မိဝေးဖဝေး အခြေအနေ၌ တဦးအပေါ်တဦး ဖေးမခဲ့ကြသည်။ အထူးသဖြင့် အငယ်နှစ်ယောက် ဖြစ်သော ဆွန်းချင်လင်းနှင့် ဆွန်းမေလင်းတို့ နှစ်ယောက် ပိုပြီး နီးစပ်ခဲ့ကြသည်။

ဆွန်းချင်လင်းနှင့် ဒေါက်တာ ဆွန်ယက်ဆင်တို့ လက်ထပ်ကြမည် ဆိုသောအခါ သူငယ်ချင်းက ငါ့သမီးကို ယူရသလား ရှက်လှချည်ရဲ့ ဟု ဆို၍ ဖခင်ကြီး ချာလီဆွန်းနှင့် အတူ အိမ်သား အားလုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သော်ငြား ဆွန်းမေလင်းက အစ်မ ဖြစ်သူ ဆွန်းချင်လင်းဘက် ရပ်တည်ခဲ့သည်။

သို့သော် ကွန်မြူနစ်များကို မတ်ဖြစ်သူ ကွန်မင်တန် ခေါင်းဆောင် ချန်ကေရှိတ်နှင့် ညီမဖြစ်သူ ဆွန်းမေလင်း တို့က ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် နှိပ်ကွပ်လာသော အခါ ကွန်မြူနစ်များကို သံယောဇဉ်ကြီးသော ဆွန်းချင်လင်း တယောက် ညီအစ်မ သံယောဇဉ်နှင့် ဝါဒ သံယောဇဉ်ကြား ဗျာများရတော့သည်။

ခေတ်သစ် တရုတ် ဘဏ်လုပ်ငန်းကို ဦးဆောင်ခဲ့သူ H.H Kung ၏ ဇနီး ဆွန်းအိုင်လင်း၊ ခေတ်သစ် တရုတ်ပြည် မိခင်ကြီးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတကြီး ဆွန်းချင်လင်း၊ တရုတ်သမ္မတနိုင်ငံ (ကူမင်တန်-ထိုင်ဝမ်) ၏ First Lady ခေါ် မဒမ်ချန်ကေရှိတ် ခေါ် ဆွန်းမေလင်း တို့၏ ညီအစ်မ သုံးဦး ကြား သွေးရင်းသားရင်း ညီအစ်မ အရင်း သံယောဇဉ်နှင့် နိုင်ငံရေးအမြင် အယူအဆကြား ရုန်းကန်မှုကို ကြည့်ရင်း ကျနော်တို့ လူထုခေါင်းဆောင်နှင့် သူ့ အစ်ကိုကြီးတို့၏ နှလုံးသားထောင့်ကြားမှ သံယောဇဉ်စများ ကို ကျနော် မှန်းဆနေမိ ပါတော့သည်။ 

ဧရာဝတီ

No comments:

Post a Comment

My Blog List