Friday, May 22, 2015

၂၀၁၅ ရွေးကောက်ပွဲပြီးလျှင် တိုင်ကြားမှု များပြားနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မျှော်မှန်းထားပြီး တိုင်ကြားမှုများကို တိုင်းဒေသကြီးများတွင် ခုံရုံးဖွဲ့စစ်ဆေးရန် စီစဉ်ထားမှု ရှိနေသည်ဟုဆို


၂၀၁၅ ရွေးကောက်ပွဲပြီးလျှင် တိုင်ကြားမှု များပြားနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က မျှော်မှန်းထားပြီး တိုင်ကြားမှုများကို တိုင်းဒေသကြီးများတွင် ခုံရုံးဖွဲ့စစ်ဆေးရန် စီစဉ်ထားမှုရှိနေသည်ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ မေ ၂၀ ရက်က ပြုလုပ်သော ဟင်္သာတခရိုင် အတွင်းရှိ မြို့နယ်ခြောက်ခု မှ ကော်မရှင်အဖွဲ့ ခွဲတာဝန်ရှိသူများ၊ ပါတီများ၊ မီဒီယာများနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၅ ဟာ တော်တော်လေး ပွတ်တိုက်မယ့် အခြေအနေ ရှိပါတယ်။ ၂၀၁၀ နဲ့ မတူပါဘူး။ ၂၀၁၅ ဟာ ပါတီတွေလည်းများမယ်။ စောင့်ကြည့်နေတဲ့ မီဒီယာတွေရှိတယ်။ CSO တွေ၊ NGO တွေရှိမယ်။ သူတို့တွေ ဟာ ကျွန်တော်တို့ လုပ်တာတွေကို ဘယ်လိုစောင့်ကြည့်မလဲဆိုတဲ့ အခါကျတော့ ဘာနဲ့လုပ်ဖို့လိုလဲ ဆိုတော့ ဥပဒေတွေ၊ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက် ဖို့လိုပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်မယ် ဆိုရင် အမှားအယွင်း တော်တော် နည်းပါတယ်။ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကျေး ကော်မရှင်တွေကို ကျွန်တော် မှာချင် တာကတော့ ဥပဒေ၊ နည်းဥပဒေတွေ၊ ညွှန်ကြားချက်တွေကို ဖတ်ပါ၊ လေ့လာ ပါ။ ဆွေးနွေးကြပါ။ အဲဒီအတိုင်း လုပ်ပါလို့ တင်ပြချင်ပါတယ်။ . . .၂၀၁၅ မှာ စိုးရိမ်ဖို့ကောင်းတာက မဲပေးဖို့ မတိုင်ခင်၊ မဲပေးတဲ့ အချိန်၊ မဲပေးပြီးနောက် ပြဿနာတွေ ရှိပါတယ်။

အဲဒီတော့ ပြည်ထောင်စု ကော်မရှင်ကလည်း ဘယ်လိုစိတ်ကူးလည်းဆိုတော့ တိုင်လို့တောလို့ စစ်မယ် ဆိုရင် တိုင်းတွေမှာ ခုံရုံးဖွဲ့မယ်။ တိုင်းတွေမှာစစ်မယ်။ သူတို့ကိုယ်တိုင် မျှော်မှန်းချက်က ၂၀၁၅ ရွေးကောက် ပွဲပြီးရင် အတိုင်အတောတွေ ထူမယ်လို့ထင်တယ်။ မဲပေးပြီးမှ စစ်တဲ့ဟာမျိုးကျရင် မဲရုံမှူးတွေမှာ စနစ်တကျ ထိန်းသိမ်းထားဖို့ တာဝန်ရှိတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမောင်မောင်က ပြောကြားသည်။

ပါတီတွေ၊ CSO တွေ၊ NGO တွေကို မှာချင်တယ်။ ပါတီတွေက ၂၀၁၂  မှာ ကျွန်တော်တို့ဆိုရင် တော်တော် တွန်းတွန်းတိုက်တိုက် ဖြစ်တာရှိပါတယ်။ တွန်းတွန်းတိုက်တိုက် ဖြစ်တယ်ဆိုတာက များသောအားဖြင့် ပါတီတွေက တက်ကြွတယ်။ တက်ကြွလာတဲ့အခါ တွန်းတွန်းတိုက်တိုက်ဆိုတာ Confrontation လိုဟာ မျိုးတွေ ပြုမူလာတယ်။ အခုလည်း တချို့ မြို့နယ်တွေမှာ အဲဒီလိုပြုမူလာပါတယ်။ ကျွန်တော်တို့ကို တွန်း တွန်းတိုက်တိုက် Confrontation လုပ်မယ်ဆိုရင် ပါတီတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေကို စနစ်တကျ သိဖို့လိုပါတယ်။ အဲဒီလိုစနစ်တကျသိပြီးမှ ကျွန်တော်တို့ကို ပြော ပါ၊ ဆိုပါလို့ မှာချင်ပါတယ်။ ကော်မရှင်ရယ်၊ ရွေးကောက်ပွဲရယ်၊ ပါတီရယ်ဆိုတာက တစ်လှေတည်းပါ ။ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေက တိုင်းပြည်မှာ ဥပဒေပြုဖို့ပုဂ္ဂိုလ်တွေ၊ အုပ်ချုပ်ဖို့၊ စီမံခန့်ခွဲဖို့ ပုဂ္ဂိုလ်တွေ ရွေးခဲ့မှာ။ အဲဒီပုဂ္ဂိုလ်တွေက ကျွန်တော်တို့ ကော်မရှင်ဥပဒေကို ဂဃနဏ မသိဘဲနဲ့ တွန်းတွန်း တိုက်တိုက် လုပ်မယ်ဆိုရင်တော့ သဘာဝမကျပါဘူး။

ကျွန်တော်တို့ကလည်း ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်တာ ဖြစ်တဲ့ အတွက် ပါတီများကလည်း ဥပဒေတွေကို လေ့လာပါ။ လေ့လာပြီးမှ ပြောစရာရှိတာပြောပါ” ဟု ဦးမောင်မောင်က ဆက်လက်ပြောကြားသည်။

လာမည့် ဇွန်လအတွင်း ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ ပုသိမ်နှင့် ဟင်္သာတခရိုင်တို့တွင် အခြေခံ မဲစာရင်း ကြေညာမည် ဖြစ်သဖြင့် CSO များ၊ NGO များနှင့် မီဒီယာများမှ ကော်မရှင်ကို ပူးပေါင်းဆောင် ရွက်ပေးရန်ကိုလည်း ၎င်းက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် အဓိကကျသော တစ်နိုင်ငံလုံးအဆင့်အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းကို ပထမအဆင့် အနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ ၂၀၁၅ ခု နှစ် ဇန်န၀ါရီအထိ လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၅ ခုနှစ် မတ်လအထိလည်းကောင်း၊ တတိယအဆင့် အနေဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိလည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲစာရင်းပြုစုခြင်း ဆောင်ရွက် ရာတွင်  ကနဦးမဲစာရင်းပြုစု ပြီးစီးသွားသည့် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌သာ ပြည်သူများ ကြည့်ရှုနိုင်ရန် အခြေခံမဲစာရင်း ကြေ ညာခြင်းကို မတ် ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ ဆောင်ရွက်ထားနိုင်သေးသည်။

တစ်နိုင်ငံလုံးရှိ အခြေခံမဲဆန္ဒရှင် စာရင်းများကိုပြုစု၍ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပြီးပါက ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ရှိ ကွန်ပျူတာ အချက် အလက်ဘဏ်တွင်  စုစည်းထားရှိ၍ အများပြည်သူ ကြည့်ရှုစစ်ဆေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင်လွှင့်တင်ထား မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List