၂၀၁၅
ရွေးကောက်ပွဲတွင် တရားမ၀င် ရွှေ့ပြောင်းလုပ်သားများ၏ မဲစာရင်းများအား
အလွဲသုံးစားပြုလုပ်၍ ထည့်စေလိုသည့် ပါတီတွင် မဲဖြည့်ထည့်ခြင်း
ပြုလုပ်မည့်ကိစ္စအား သတိထားရန်လိုကြောင်း အမျိုးသားဒီမို ကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ ဓနသဟာယ စစ်သင်္ချိုင်းရှေ့ရှိ ကွင်းပြင်တွင် မေ ၁၇ ရက်က လူထုတွေ့ဆုံပွဲ အပြီး တွေ့ဆုံပွဲ တက်ရောက်လာသည့် ပြည်သူတစ်ဦးက နယ်စပ်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမား၏ မဲပေးခွင့် မဲစာရင်းကိစ္စ မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခြင်းဖြစ်သည်။
ရွှေ့ပြောင်း အလုပ်သမားများသည် တရားဝင်ရွှေ့ပြောင်းသွားပါက မဲစာရင်းဝင်အောင် စည်းမျဉ်းစည်း ကမ်းအရ လုပ်၍ရကြောင်း၊ သို့သော် တရားမ၀င်ထွက်သွားပါက ပြဿနာရှိကြောင်း၊ တရားမ၀င်ထွက်သွား သည့် ရွှေ့ပြောင်းအလုပ်သမားများ အထူးသဖြင့် ထိုင်းနိုင်ငံထွက်သွားသည့် အလုပ်သမားများ မဲပေးနိုင်ရန် အတွက် လုပ်ဆောင်ရန်မှာ ဥပဒေအရမဖြစ်နိုင်သလောက် ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
ထို့ပြင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်စပ်နေသည့် အခက်အခဲတစ်ခုရှိပြီး ပြည်သူများကို သတိပေး ချင်ကြောင်း၊ ယင်းအခက်အခဲမှာ မြန်မာနိုင်ငံမှ တရားမ၀င် ထွက်သွားသည့် ရွှေ့ပြောင်းအလုပ်သမား များပြားကြောင်း၊ များပြားရသည့် အကြောင်းအရင်းမှာလည်း အားလုံးသိပြီးဖြစ်သည့်အတိုင်း အလုပ်အကိုင် မရှိ၍ သွားရောက် အလုပ်လုပ်နေရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“အဲဒီတော့ ဒီလိုတရားမ၀င် ထွက်သွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အမည်တွေဟာ မိမိတို့ မူလ အိမ်ထောင်စု စာရင်းတွေမှာ ရှိနေလိမ့်မယ်။ အဲဒီဟာတွေကို သိပ်သတိထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မရှိတဲ့ပုဂ္ဂိုလ်တွေကို ရှိသယောင်ယောင်နဲ့ တကယ်မထည့်တဲ့ မဲတွေကိုထည့်သယောင်ယောင် လုပ်ပြီးတော့ မတရားလုပ်မှာတွေကို အများကြီးသတိထားဖို့ လိုပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ သေသေချာချာ ဒီဟာကို ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တင်မက ပြည်သူလူထုက လေ့လာရမယ်။ ကိုယ့်ရဲ့ရပ်ရွာ ကိုယ့်ရဲ့ မိသားစု ထဲကပေါ့နော်၊ တရားဝင် မဟုတ်ဘဲထွက်သွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အမည်စာ ရင်းတွေကို အလွဲသုံးစားမလုပ်ဖို့၊ မရှိတော့တဲ့ မောင်ဖြူတို့ မောင်နီတို့ရဲ့ နာမည်နဲ့သူတို့ထည့်စေချင်တဲ့ ပါတီ ရဲ့မဲတွေကို ဖြည့်ထည့်ဖို့ဟာမျိုးတွေ မဖြစ်အောင်လို့ အများကြီး သတိထားဖို့ လိုပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။
မဲစာရင်းနှင့်ပတ်သက်၍ ပြည်သူလူထုမှ သိထိုက်သင့်သည်များ အများကြီးရှိကြောင်း၊ ယခုရှင်းပြရန်မှာ မလွယ်ကူသဖြင့် အဖွဲ့ချုပ်အနေဖြင့် မဲစာရင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ပြည်သူများ နားလည်သည့်ပုံစံဖြင့် ထုတ်ဝေမည်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် တတ်နိုင်သမျှ ဖြန့်ဝေ မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မွန်ပြည်နယ်အတွင်း၌ ဧရာဝတီတိုင်းကဲ့သို့ နာဂစ်ဒဏ်ခံဒေသများမှ နေထိုင်သူများသည်ရွှေ့ပြောင်းလုပ် သားအဖြစ် လာရောက်လုပ်ကိုင်လျက်ရှိပြီး မွန်ပြည်နယ်အတွင်းရှိ နေထိုင်သူများမှာ အများအားဖြင့် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်လျက်ရှိကာ တရားမ၀င် သွားရောက် လုပ်ကိုင်သူများ ပိုမိုများပြားကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှ စတင်ကာ မဲပေးရာတွင် လူတစ်ဦးလျှင် တစ်ကြိမ်ထက် ပိုမိုမဲမပေးနိုင်ရန် မဲပေးအပြီး မဲရုံအတွင်းမှ ပြန်လည်ထွက်ခွာချိန်တွင် ၀ဲဘက် လက်သန်းတွင် မင်တို့မှတ်သားရန် စီစဉ်လျက်ရှိသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များအခန်းတွင် မည်သူမဆိုရွေးကောက်ပွဲ မသမာမှုများ ကျူးလွန်လျှင် ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပုဒ်မ၊ ပုဒ်မခွဲများဖြင့် ပြဋ္ဌာန်း ထားသည်။
Eleven Media Group

No comments:
Post a Comment