Monday, May 18, 2015

ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ၁၀ ဦးခန့် ရွေးကောက်ပွဲ ဝင်နိုင်ဖွယ်ရှိ

တပ်မတော်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီးတစ်ဦး အပါအဝင် ဒုတိယဗိုလ်ချုပ်ကြီး ၁၀ ဦးခန့် တပ်မတော် လက်ရှိတာဝန်များမှ အနားယူကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိကြောင်း တပ်မတော် ထိပ်တန်းခေါင်းဆောင်များနင့် နီးစပ်သူများက The Voice သို့ ပြော ကြားသည်။
အဆိုပါသတင်းမှာ လွန်ခဲ့သော ခြောက်လခန့်ကတည်းက ထွက်ပေါ်နေပြီ ဖြစ်သော်လည်း မေလ ၁၅ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က တာဝန်ပေးပါက ရွေးကောက်ပွဲဝင်မည် ဖြစ်ကြောင်း ပြောဆိုအပြီးတွင် ပိုမိုခိုင်မာလာကြောင်း နိုင်ငံရေးလေ့ လာသူများက သုံးသပ်ပြောဆိုကြသည်။

“အများစုက လက်ရှိ တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီး တာဝန်ထမ်းဆောင်နေတဲ့သူနဲ့ ဗိုလ်ချုပ်ကြီးတာဝန် ထမ်းဆောင်နေသူတွေ တပ်မတော်က အနားယူပြီးနောက် (၂၀၁၅) ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် ကြဖို့ ရှိတယ်။ အသေးစိတ်ကိုတော့ နောက်နှစ်လအတွင်း သိလာပါလိမ့်မယ်” ဟု တပ်မတော် ထိပ် တန်းခေါင်းဆောင်များနှင့် အခိုင်အမာ ဆက်ဆံရေး ထူထောင်ထားသူ တစ်ဦးက ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တာဝန်ပေးပါက ရွေးကောက်ပွဲဝင်မည် ဖြစ်ပြီး တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် အချို့လည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က မေလ ၁၅ ရက်နေ့တွင် ကျင်း ပသော ပြည်ထောင် စုလွှတ်တော် အစည်းအဝေးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

“အတည်မပြုနိုင်တဲ့ သတင်းတွေအရဆိုရင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက သထုံက ဝင်ရွေးမယ်လို့ လျာထားတယ်။ နောက် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် ဆိုရင် သူရဦးရွှေမန်း နေရာက ဝင်ရွေးမယ်လို့ သတင်းတွေ ထွက်နေတယ်။ အများစုကတော့ တာဝန်ပေးလို့ လုပ်ကြရတယ်လို့ ပြောကြတယ်” ဟု တပ်မတော် အရာရှိကြီးများနှင့် ရင်းနှီသော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

အဆိုပါ တပ်မတော် ထိပ်ပိုင်းအရာရှိကြီးအချို့ တာဝန်မှ အနားယူပြီး အထွေထွေရွေးကောက်ပွဲဝင်မည် ဆိုပါက တပ်မတော်နှင့် အနီးစပ်ဆုံးဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ် ပြိုင်မည်ဟု ခန့်မှန်းရသော်လည်း လက်ရှိအချိန်ထိ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောကြားသည်။

“ကျွန်တော်ထင်ပါတယ်၊ တကယ်ဝင်မယ် ဆိုရင်တော့ ကျွန်တော်တို့ ပါတီကပဲ ဝင်နိုင်ဖွယ်ရှိတယ်၊ ဘာလို့ လဲဆို ကျွန်တော်တို့ ပါတီကလည်း စစ်တပ်က ဖွဲ့ပေးခဲ့တာပဲလေ၊ တပ်နဲ့ အနီးစပ်ဆုံးပဲ၊ ဒါပေမဲ့ သူတို့ဘက် ကတော့ ခုထိ ဘာမှအကြောင်းကြားတာ မရှိသေးဘူး၊ အခု ကိုယ်စားလှယ်လောင်းစာရင်းတွေ စိစစ်နေတဲ့ အချိန်မှာတော့ ဘာမှ အကြောင်းကြားမလာသေးဘူး၊ သို့သော်လည်း တိုင်းပြည်အတွက် ကောင်းအောင် လုပ်ပေးနိုင်သူတွေ အစိုးရအဖွဲ့ထဲ ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ တပ်မတော် ဗိုလ်ချုပ်ကြီးများ ရွေးကောက်ပွဲဝင်မည် ဆိုပါက ဒီမိုကရေစီစနစ်၏ အနှစ်သာ ရဖြစ်သော လူထုရွေးချယ်မှုကို လက်ခံလာခြင်း ဖြစ်သောကြောင့် လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း နေရာ ယူထားခြင်းထက် ပိုမိုကောင်းမွန်သော အခြေအနေဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က သုံးသပ်ပြောကြားသည်။

“အခု အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းထဲကနေ လွှတ်တော်ထဲကို ဝင်လာတာ မဟုတ်ပဲ အပြင်က မဲရုံတွေ မှာ လူထုရွေးချယ်မယ့် အဆုံးအဖြတ်ကို လက်ခံယူပြီး လွှတ်တော်ထဲကို ဝင်လာတဲ့ အတွက်တော့ ကြိုဆိုရ မှာပဲ၊ တပ်မတော်ကိုယ်တိုင်က ဒီမိုကရေစီကို ပိုမိုနားလည်လာရင် ကောင်းတာပေါ့၊ ဒါကို ဒီမိုကရေစီ လို့ ကြွေးကြော်နေသူတွေက မကောင်းဘူး နိုင်ငံရေးလက်ဝါးကြီးအုပ်တယ် သွားပြောလို့မရဘူး၊ထွက်ပေါက် ဆိုတာ ရှိတယ်” ဟု ၎င်းကဆိုသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် လာမည့်နှစ်လအတွင်း ရာထူးမှ နုတ်ထွက်ကာ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ သတင်း ရင်းမြစ်များကို ကိုးကားပြီး မေလ ၁၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားသော မြန်မာ့ အရေးကျွမ်းကျင်သူ လယ်ရီဂျာဂင်၏ ဆောင်းပါးတွင် ဖော်ပြထားသည်။

ထို့အပြင် ယင်းသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်မှ အနားယူမည့် တရားဝင် အမိန့်ထုတ်ပြန်ချက်ကို ယခုလဆန်းတွင် လက်မှတ်ရေးထိုးထားပြီး လက်ရှိ တပ်မတော် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ရက်သတ္တပတ် အနည်းငယ်အတွင်းအစားထိုး နေရာ ယူသွားမည် ဖြစ်ကြောင်း အဆိုပါ ဆောင်းပါးတွင် ဖော်ပြပါရှိသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ၊ တပ်မတော် အစိုးရလက်ထက် ဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းစိန်သည် နိုင်ငံတော်သမ္မတအဖြစ် လည်ကောင်း၊ အခြားတပ်မတော် ထိပ်ပိုင်းခေါင်းဆောင်ဟောင်း များ ဖြစ်သောသူရဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် လည်းကောင်း၊ ဦးခင်အောင်မြင့် သည် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်အသီးသီး ထမ်းဆောင်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List