Friday, May 22, 2015

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ်တမျိုးထဲ သုံးမည်


၂၀၁၅ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (ပီအာ)စနစ်ကို အသုံးပြုမှာ မဟုတ်ဘဲ လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့  နိုင်သူအကုန်ယူစနစ်(အက်ဖ်ပီတီပီ) စနစ်နဲ့သာ ကျင်းပသွားမယ် လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြော ပါတယ်။
ရွေးကောက်ပွဲမှာ ပီအာစနစ်သုံးဖို့ အမျိုးသားလွတ်တော်မှာ ဆုံးဖြတ်ထားပေမဲ့လာမဲ့ ရွေးကောက်ပွဲ မှာတော့  နိုင်သူ အကုန်ယူစနစ်ပဲ ကျင့်သုံးသွားမယ်လို့ မေလ ၁၈ ရက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှာ သမ္မတနဲ့ နိုင်ငံရေး ပါတီတွေ့ဆုံပွဲမှာ ပြောခဲ့ တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က “ပြည်သူ့လွှတ်တော်ကော၊ အမျိုးသား လွှတ်တော်ကော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကော၊ ကျနော်ရဲ့ ရွေးကောက်ပွဲ စနစ်က အက်ဖ်ပီတီပီပဲ ဖြစ်ပါမယ်။ လွှတ်တော်မှာ အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်း ဆွေးနွေးတဲ့ ကာလပဲဖြစ်ပါတယ်။ ဧပြီလထဲမှာ ကျနော် စာတစ်စောင်ရေးပါတယ်။ ဧပြီလကုန်မှာ မဆုံးဖြတ်ဘူးဆိုရင်တော့ ကျနော် မလုပ်ပေးနိုင်ပါဘူး။ လွှတ်တော် ကို ၂၀၁၃ ထဲက ကျနော် အသိပေးခဲ့ပါတယ်။ ၂၀၁၄မှာပြဌာန်းမယ် ၂၀၁၅ မှာ ကျင့်သုံးပါ လို့ပြောတယ်။

သို့သော်လည်း အခုဧပြီလကုန်ထိ မပြဌာန်းနိုင်ဘူး ဆိုရင်နောင်ရွေးကောက်ပွဲ တွေမှသာ ဖြစ်ပေါ်လာသော ဥပဒေနဲ့အညီ ကျင့်သုံးပါလို့ပြောခဲ့တာကြောင့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော် တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်များအားလုံး ဟာ အက်ဖ်ပီတီပီ စနစ်နဲ့ပဲ ကျင်းပပေးသွားမယ်”လို့ပြောပါတယ်။

ဒါ့အပြင် လူမျိုးစုလွှယ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်ဖို့အတွက် မဲဆန္ဒနယ်တွေ မသတ်မှတ်နိုင်သေး တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း ဦးတင်အေးက ဆက်ပြောပါတယ်။

“ကျနော် ခေါင်းအခဲဆုံးက တိုင်းရင်းသား လူမျိုးများရဲ့ကိုယ်စားလှယ်ပဲ။ ဒီကိစ္စကို သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့က အချိန်မီ လုပ်ပေးရပါမယ်။ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ကတော့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာနက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသား လူမျိုးများ ဘယ်လောက် ရှိတယ်ဆိုတာ ထုတ်ပြန်လိုက်ရင် အဲဒီ ထုတ်ပြန်လိုက်တဲ့ဟာကို မူတည်ပြီး တော့ ဝ ဒသမ ၁ ရာနှုန်းရှိတဲ့ လူမျိုး များ၊ လူမျိုးစုများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ်တစ်နယ်သတ်မှတ် ပြီးတော့ ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်။”

ဖက်ဒရယ်ပြည်ထောင်စုပါတီက ဦးစောသန်းမြင့်ကတော့ လာမယ့်လွှတ်တော် အရပ်ရပ်နဲ့ အစိုးရအဖွဲ့ အသီးသီးမှာ တိုင်းရင်းသားပါတီအသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်ဖို့မျှော်လင့်တယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားစည်းလုံးညီညွတ်မှူမပျက်ပြားစေလိုရင် အစိုးရအဖွဲ့အသီးသီးမှာ ပြည်မက အင်အားကြီးပါတီ နဲ့ အဖွဲ့အစည်းတွေပဲနေရာယူမယ့်အစား ကျနော်တို့ပြည်နယ်မှာရှိတဲ့ ပြည်နယ်ကို ကိုယ်စားပြုတဲ့ တိုင်းရင်း သားပါတီ စစ်စစ်တွေကိုလည်း ကြည့်ပေးကြပါ”

ရွေးကောက်ပွဲကို ပထမအကြိမ်လွှတ်တော် သက်တမ်းမကုန်ခင် ရက်ပေါင်း ၉၀ အတွင်း ကျင်းပပေးရမှာဖြစ် လို့ အောက်တိုဘာလနောက်ဆုံးပတ်နဲ့ နိုဝင် ဘာလပထမပတ်အတွင်း ကျင်းပပေးမှာဖြစ်ပြီး အနည်းဆုံး ရက်ပေါင်း ၉၀၊ အများဆုံးလေးလကြိုကြေညာပေးမယ်၊မကြေညာခင် ၁၅ ရက် အလိုမှာမဲဆန္ဒနယ်တွေ ကြေ ညာပေးမယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ကပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List