ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း ယခင် နှစ်များတွင် အစိုးရ က ကြီးမှူးကျင်းပလေ့မရှိသော်လည်း ယခုနှစ်တွင်နိုင်ငံအနှံ့၌ ကျင်းပပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံကလေးများနေ့ အဖြစ်သတ်မှတ်ထားသည့် ဗိုလ်ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်း ရှိ မြို့များ၌ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇန်န၀ါရီ ၃၁ ရက်က ပြောကြားလိုက်သည်။
ဖေဖော်ဝါရီ ၁၃ ရက်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ဖြစ်သောကြောင့် မြန်မာ နိုင်ငံတစ်ဝန်းရှိ မြို့များ၌ အထိမ်းအမှတ် အခမ်းအနား များ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် မြန်မာ နိုင်ငံကလေးများနေ့ကျင်းပရေး စီမံချက်ကို တိုင်းဒေသကြီး/ ပြည် နယ်များသို့ ဖြန့်ဝေထားပြီး ဖြစ် ကြောင်း မြန်မာနိုင်ငံကလေးများ နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က ပြောကြားခဲ့ကြောင်းမြန်မာအစိုးရပိုင်သတင်း ဌာနများက သတင်းထုတ်ပြန်ခဲ့သည်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်သည် မြန်မာနိုင်ငံကလေး များနေ့အဖြစ် သတ်မှတ်ထားခဲ့သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။
ဗိုလ်ချုပ်မွေးနေ့ကို မြန်မာ နိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း ပြည်ထောင်စုအစိုးရက အခမ်းအနားများ ဦးဆောင်ကျင်းပလေ့မရှိသောကြောင့် အများပြည်သူများ မသိရှိကြကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဝေဖန်ခဲ့သည်။
‘‘ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်တယ်ဆိုတာက ကလေးတွေက ဖေဖေနဲ့ ပတ်သက်လို့ ကောင်းတဲ့ အရည်အချင်းတွေ အားကျအောင်၊ ဒီလို အရည်အချင်းတွေမွေးပြီး ကြိုးစားရအောင်ဆိုပြီး သတ်မှတ်ထားတာပါ’’ဟု ပျဉ်းမနားမြို့တွင် ဇန်န၀ါရီ ၁၇ ရက်က ပြုလုပ်သော ဗိုလ်ချုပ်နှစ် (၁၀၀)ပြည့်လူထု ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သည်။
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် အစိုးရက ဦးစီးကာ စကားရည် လုပွဲ၊ ဟော ပြောပွဲ၊ ဆွေးနွေးပွဲ စသည့် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁ ရက် စတင်ကျင်း ပမည်ဖြစ်ပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဖေဖော်ဝါရီ ၁၃ ရက်၌ ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal
No comments:
Post a Comment