တပ်မတော်သားပီသစွာ ကျင့်ဝတ်အပါး ၆ဝနှင့်အညီ ပြုမူနေထိုင်ပြီး စည်းမျဉ်းစည်းကမ်းဥပဒေများ လိုက် နာခြင်းတို့သည် စည်းရုံးရေး သဘောတရားများ ဖြစ်သဖြင့် အဆိုပါကျင့်ဝတ်နှင့် စည်းမျဉ်းဥပဒေများကို စနစ်တကျလိုက်နာဆောင် ရွက်ပြီး ရုပ် ပိုင်းဆိုင်ရာ မြှင့်တင်မှုများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော် အရာရှိများ ကို တိုက်တွန်းလိုက်သည်။
ဇန်နဝါရီ ၂၆ ရက်က ကျင်းပသည့် တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ၏ (၁/၂ဝ၁၅) ကြိမ်မြောက် အစည်းအဝေးအဖွင့် မိန့်ခွန်းပြောကြားရာတွင် ပြောဆို ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ပိုင် မြဝတီမီဒီယာ တွင် ဖော်ပြထားပြီး ယင်းသို့ဆောင်ရွက်ခြင်းသည် စည်းရုံးရေးပင်ဖြစ်ကြောင်း ဖော်ပြထားသည်။
''တပ်မတော်သားတွေ လိုက်နာရ မယ့်ကျင့်ဝတ်တွေမှာဆိုရင် လူ့အခွင့်အရေးလို ကိစ္စတွေ ပါတယ်။ သုံ့ပန်းတွေမိရင် ဘယ်လို စနစ်တကျထားရမယ် ဆက်ဆံရမယ်ဆိုတာ တွေ၊ နောက်တစ်ချက်က အရပ်သူ၊အရပ်သား တွေနဲ့ ပတ်သက်လာရင် ဘယ်လိုထိခိုက်နစ်နာ အောင် မလုပ်ရဘူး၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ မလုပ်ရဘူး ဆိုတာတွေက တပ်မတော် ဥပဒေတွေမှာ တိတိကျကျပြဋ္ဌာန်းထားပြီး ဖြစ် တယ်။ ပြုပြင်ပြောင်းလဲရေးနဲ့လျော်ညီစွာ ခေတ် နဲ့အညီ သွားနိုင်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်း တာလို့ မြင်ပါတယ်''ဟု အဆိုပါတိုက် တွန်းချက်နှင့်ပတ်သက်ပြီး တပ်မတော်အရာရှိ တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
ယင်းကျင့်ဝတ်များ စည်းကမ်းများမှာ တပ်မတော် တည်ထောင်စကပင်ရှိခဲ့ပြီး အချို့ ခေတ်ကာလများတွင် အနည်းငယ် လျော့ရဲမှု များလည်း ရှိခဲ့ကြောင်း အဆိုပါတပ်မတော် အရာရှိက ပြောသည်။
ယခင်တပ်မတော်အစိုးရလက်ထက် ကာလများတွင် ကလေးစစ်သားကိစ္စ၊ အရပ်သူ အရပ်သားများအပေါ် ညှဉ်းပန်းမှု၊ အဓမ္မပြုကျင့် မှု စသည့်လူ့အခွင့်အရေးပြဿနာများမှာ တပ်မ တော်အတွက် သိက္ခာကျ စရာဖြစ် ခဲ့သည်ဟု လေ့လာသူ အချို့ကဆိုကြပြီး လက်ရှိတပ်မတော်၏ ပြောင်းလဲမှုများမှာ ပုံရိပ်ကောင်းရရှိစေရန် အတွက်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည် သူ့အားဖြင့် ဆောင်ရွက်ရာတွင် စစ်ရေးအမြင် တစ်ခုတည်းသာ မဟုတ်ဘဲ အုပ်ချုပ်ရေးအမြင်၊ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်တို့ဖြင့် ကြည့် ပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း တပ်မတော် စည်းရုံးရေးဗဟိုဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုက်တွန်းပြောဆိုသည်။
Yangon Media Group

No comments:
Post a Comment