ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းနိုင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ အောက်တိုဘာ ၁ဝ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိရာ ဆွေးနွေးပွဲတွင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ တန့်ကြည့်တောင် စွယ်တော်စေတီတည်ရှိရာ ဒေသကိုလည်း ထိန်းသိမ်းရေးဇုန်အတွင်း ထည့်သွင်းထိန်းသိမ်းသွားသင့်ကြောင်း ဆွေးနွေးပွဲတက်ရောက်လာသူ ပြည်တွင်း /ပြည်ပ ပညာရှင်များက သုံးသပ်ပြောကြားသည်။
“တန့်ကြည့်တောင် မြောက်ဘက် ပခုက္ကူ-မြစ်ခြေသွား ကမ်းလမ်းမှာ ပုဂံခေတ်နှောင်းပိုင်း၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် စေတီပုထိုး ဂူဘုရားတွေ ခုနစ်ဆူ၊ ရှစ်ဆူလောက် ရှိတယ်။ အဲဒီမှာ နံရံဆေးရေး ပန်းချီတွေ ရာခိုင်နှုန်း ၈ဝ လောက်ကောင်းတယ်။ ဇုန်မျဉ်းရေးဆွဲမယ်ဆိုရင် ရွှေစည်းခုံနဲ့တည့်တည့် မြစ်ခြေထိတိုင်အောင် ထည့်သွင်းရေးဆွဲသွားသင့်တယ်လို့ အကြံပြု တင်ပြချင်ပါတယ်” ဟု ရှေးဟောင်း သုတေသန အရာရှိတစ်ဦးက ဆွေးနွေးပွဲတွင် အကြံပြုခဲ့သည်။
ပြည်တွင်းဘုရားဖူးများ ပုဂံသို့ ရောက်ရှိပါက ရွှေစည်းခုံစေတီ၊ တုရင်တောင်စေတီ၊ လောကနန္ဒာစေတီနှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း မကွေးတိုင်းဒေသကြီးအတွင်းရှိ တန့်ကြည့်တောင်စေတီလေးဆူ အား စွယ်တော်လေးဆူအဖြစ် ဖူးမြော်လေ့ရှိပြီး ပုဂံဒေသ၏ Landmark သဖွယ် အချက်အခြာနေရာကျသော တန့်ကြည်တောင်စေတီဝန်းကျင်အား သတ်မှတ်ဇုန်အတွင်း ထည့်သွင်းသွားသင့်ကြောင်း ယူနက်စကိုမှ ပညာရှင်အချို့ကလည်း အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
“World Heritage တင်ရင် ဆောင်ရန်၊ ရှောင်ရန်တွေပါ။ Outstanding Universal Value ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး ဘယ်အပိုင်းနဲ့ တင်ပြမလဲ။ ဒါတွေဟာ Living Monument တွေ ဖြစ်တဲ့အတွက် ပြည်သူတွေက လည်း ပြင်နေမှာပဲ။ ဒါပေမဲ့ Limited ရှိရမယ်။ ဘုရားတိုင်း ထီးတင်ချင်လို့ မရဘူး။ တင်ပြီးသားကိုလည်း ပြန်ချဖို့ မဖြစ်နိုင်ဘူး။ Monument နဲ့ Community ဆက်သွယ်နေတဲ့ အတွက်ကြောင့်ပေါ့။ ယူနက်စကိုက သတ်မှတ်ထားတဲ့ အချက် (၆) ထဲက သုံးချက်လောက် တင်ရမယ်။ ပုဂံမှာ အားကောင်းတဲ့အချက်တွေ ရှိတယ်” ဟု ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းသတ်မှတ်နိုင်ရေး ဆွေးနွေးပွဲ တက်ရောက်နေသော ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment