ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းဖွဲ့စည်းထားသော ရခိုင် အမျိုးသားပါတီ (ANP) အနေနှင့် မည်သည့် နိုင်ငံရေးပါတီ တပ်ပေါင်းစုတွင် ဆက်လက်ပါဝင်မည် ဆိုသည်ကို စက်တင်ဘာလ နောက်ဆုံး ပတ်အတွင်း ပြုလုပ်မည့် ပါတီညီလာခံတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင် ဦးဦးလှစောက ပြောဆိုသည်။
ANP ပါတီအဖြစ် မပူးပေါင်းမီက ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှာ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင်ဖြစ်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် (UNA) အဖွဲ့ဝင်အဖြစ် အသီးသီး ပါဝင်ခဲ့ခြင်းကြောင့် ယခုအခါ မည်သည့် အစုအဖွဲ့တွင် ပါဝင်ရေး ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“ငပလီမှာ မကြာခင်လုပ်မယ့် ပါတီညီလာခံမှာ ဒီကိစ္စကို အပြီးအပြတ် ဆုံးဖြတ်ရပါမယ်။ လောလော ဆယ်တော့ နားလည်မှုနဲ့ပဲ NBF မှာရော UNA မှာပါ ခေါင်းဆောင်တွေ ဆက်ပါနေကြတာ” ဟု ဦးဦးလှစော က ရှင်းပြသည်။
လက်ရှိအချိန်တွင် အပစ်အခတ် ရပ်စဲရေးအပြီး ဆက်လက်ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များနှင့် ပတ်သက်၍ NBF နှင့် UNA တို့မှာ သဘောထား ကွဲလျက်ရှိပြီး မူဘောင်များကို သီးခြားရေးဆွဲရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ယင်းသို့ မူဘောင်ရေးဆွဲမှုတွင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က UNA အဖွဲ့တွင် ပါဝင်နေပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NBF တွင် ပါဝင်လျက်ရှိသည်။
ယင်းသို့ ပါတီခေါင်းဆောင်များ နိုင်ငံရေးပါတီ တပ်ပေါင်းစု ကွဲပြားနေခြင်းမှာ ယခင်ပါတီနှစ်ခု မပူးပေါင်းမီက အတိုင်း ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် မည်သည့်ပါတီ တပ်ပေါင်းစုတွင် ပါဝင်မည် ဆိုသည်ကို ပထမအကြိမ် ရခိုင်အမျိုးသားပါတီ ညီလာခံတွင် ဆုံးဖြတ်ရန် ဖြစ်ကြောင်း ဦးဦးလှစောက ထပ်မံရှင်းလင်း ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment