Thursday, September 18, 2014

MSF ဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများလုပ်ကိုင်ရန် ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာခြင်းအပေါ် ဒေသခံများက အသိအမှတ်ပြုမည် မဟုတ်ကြောင်း ပြောကြား



ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း လက်ခံသည့်အတွက်MSF အဖွဲ့ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယခင်အတိုင်း ပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းသို့ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာခြင်းအပေါ် ဒေသခံများနှင့် မသက်ဆိုင်ကြောင်းနှင့် ဒေသခံများအနေဖြင့် လက်ခံအသိအမှတ်ပြုမည် မဟုတ်ကြောင်းဒေသခံများက ပြောကြားသည်။
“ဒါက အစိုးရအနေနဲ့ လက်ခံတာဖြစ်တယ်။ ဒေသခံတွေအနေနဲ့ကတော့ အသိအ မှတ်ပြု လက်ခံမှာမဟုတ်ဘူး။ အစိုးရက ခေါ်တာဖြစ်တဲ့အတွက် အစိုးရမှာပဲ တာဝန်ရှိတယ်။ ခေါ်မလာပါနဲ့လို့လည်း ကျွန်တော် တို့က တားပိုင်ခွင့်မရှိဘူး။ ပြည်နယ် အစိုးရ ကလည်း တာဝန်ယူတယ်လို့ ပြောထားတာရှိတယ်။ ဒေသခံမြို့သူမြို့သားတွေကလည်း လုံးဝလက်မခံဘူးလို့ သဘောထားကြေညာချက် ထုတ်ထားတာရှိတယ်။ အဲဒီသဘောထားကိုလည်း ဩဂုတ် ၂၅ ရက်က ထုတ်ခဲ့တာဖြစ်တယ်။ ပြည်နယ်အစိုးရနဲ့ စာချုပ်ချုပ်မယ်ဆို ရင်လည်း ပြည်သူတွေရဲ့ သဘောထားကို မေးမြန်းသင့်တယ်လို့ ယူဆတယ်။ အစိုးရက ပြည်သူနဲ့တစ်သားတည်း ကျစေချင်ရင် ပြည်သူတွေကိုခေါ်ယူပြီး ညှိသင့်တယ်လို့ ယူဆတယ်” ဟု စစ်တွေမြို့မှ ဒေသခံ တစ်ဦးဖြစ်သူ ဦးစိုးနိုင်က ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် MSF- Holland(AZG) တို့ စက်တင်ဘာ ၈ ရက်က နယ်ပြည်တော်တွင်MoU လက်မှတ်ရေးထိုး ထားပြီးဖြစ်သည့်အပြင် မကြာခင်လတွင်း ရခိုင်ပြည်သို့ ဝင် ရောက်လာမည်ဖြစ်ကြောင်းလည်း သိရသည်။

“ရခိုင်မှာရှိတဲ့လုပ်ငန်းတွေကို အရင်အတိုင်း ပြန်လုပ်ဖို့အတွက်က အခုမှ အစီအစဉ်ပြန်ဆွဲနေတယ်။ နားလည်မှုစာချွန်လွှာ ထိုးတယ်ဆိုတာကလည်း မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရောဂျက်တွေ အားလုံးအတွက် လက်မှတ်ထိုးတာပါ။ တခြားဒေ သတွေမှာတော့ လုပ်ငန်းကပုံမှန်အတိုင်း အစကတည်းက လည်ပတ်နေပါတယ်။ ရခိုင်မှာပြန်လုပ်ဖို့ကတော့ ဆွေးနွေး စရာတွေအများကြီး ရှိပါသေးတယ်။ လုပ်ငန်းက ဘယ်အချိန်မှာ စတင်နိုင်မလဲ ဆိုတာတော့ သေချာမသိနိုင်သေးဘူး။ လုပ်ငန်းတွေ၊ ပရောဂျက်တွေကတော့ အရင်အတိုင်းပြန်လုပ်ဖို့ လက်မှတ်ထိုးထားတုန်းပဲရှိ ပါသေးတယ်” ဟု နယ်စည်း မထား ဆရာဝန်များအဖွဲ့(ဟော်လန်)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါသဘောတူညီချက် သက်တမ်းမှာ နှစ်နှစ်တာခံမည်ဖြစ်ပြီး ရခိုင်၊ ချင်း၊ က ချင်၊ ရှမ်းပြည်နယ်တို့အပြင် ရန်ကုန် တိုင်းဒေသကြီး တို့တွင်လည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ငှက်ဖျားရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်း၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဒေါ်လာ ၂၉ ဒသမ ၇ သန်းခန့် သုံးစွဲသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေး မှူး ဦးဝင်းမြိုင်က “အခုလောလောဆယ်တော့ ပြည်ထောင်စုအစိုးရနဲ့MoU ထိုးတယ်။ ထိုးပြီးသွားတော့ ပြည်နယ်မှာရှိတဲ့ ကျန်းမာရေးဌာနနဲ့ ပြန်ညှိရမယ်။ ပြီးမှသူတို့လုပ်မယ့် လုပ်ငန်းတွေကို ECCကို တင်ပြရမယ်။ တစ်လတာလုပ်ငန်းတွေကို တင်ပြရမယ်။ အရင်တုန်းကလိုတော့ လုပ်လို့မရဘူး။ အရင်တုန်းကလည်း သူတို့အဖွဲ့က ရည်ရွယ်ချက်ကောင်းပေမယ့် ဒီမှာလာလုပ်နေတဲ့ လူတွေက သတ်မှတ်ချက်ထက် ပိုလုပ်တာတွေ၊ မဟုတ်တာတွေပြောတာတွေ၊ ဆိုတာတွေကို ဒေသခံတိုင်းရင်းသားတွေက လက်မခံလို့ပြန်ထွက် သွားရတာဖြစ်တယ်။ အခုအခါမှာလည်း သူတို့လုပ်ချင်တာလုပ်ရင်တော့ အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားနိုင်တယ်။ စနစ်တကျ ဆောင်ရွက်မယ်ဆိုရင်တော့ ပြည်သူက လက်မခံနိုင်စရာ အကြောင်း မရှိပါဘူး။ ရခိုင်မှာ ဘယ်နေ့စလုပ်မယ် ဆိုတာတော့ မသိသေးဘူး” ဟု ပြောကြားသည်။

ယခုနှစ်ဖေဖော်ဝါရီ ၂၆ ရက်တွင် အစိုးရမှ ရခိုင်ပြည်နယ်ရှိ MSF ၏ လုပ်ငန်းဆောင်ရွက်မှုများအား ရပ်ဆိုင်းရန် အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အိတ်ခ်ျအိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားလူနာ နှစ်ထောင် ကျော်နှင့် ကယ်ဆယ်ရေးစခန်းရှိ လူဦးရေခြောက်သောင်းကျော်အား ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု များကို အစားထိုး ဆောင်ရွက်ခဲ့ကြောင်းနှင့် ဇူလိုင် ၂၄ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် MSF အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအား ရခိုင်ပြည်နယ်ရှိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယခင်ကအတိုင်းပြန်လည် လုပ်ဆောင်ရန် ဖိတ်ခေါ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကျန်းမာရေး ဝန်ကြီးဌာနနှင့်MSF တို့ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

MSF သည် ရခိုင်ပြည်နယ်တွင် ၂ဝ၁၃ ခုနှစ်အတွင်း နေရပ်တိမ်းရှောင်စွန့်ခွာသူများ စခန်း ၂၄ ခုနှင့် သီးခြားဖြစ်သော ကျေးရွာများတွင် ခုခံအားကျဆင်းမှုရောဂါ၊ တီဘီရောဂါ၊ အာဟာရချို့တဲ့ခြင်း၊ ငှက်ဖျားရောဂါ အပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတို့နှင့် ပတ်သက်သည့် ကုသမှုပေါင်း လေးသိန်းကျော်ကို ကုသပေးခဲ့ကြောင်းလည်း သိရသည်။ (MSF) အဖွဲ့အား လက်မခံကြောင်း ဒေသခံများကMSF ရုံးများရှေ့တွင် ဆန္ဒထုတ်ဖော် မှုများကိုလည်း ယခင်နှစ်က ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းသို့ ကန့်ကွက်ခဲ့သည့် အတွက် ရခိုင်ပြည်နယ်မှ ထွက်ခွာခဲ့ရကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List