Friday, September 19, 2014

အငြင်းပွားဖွယ်ရာ ဘွဲ့ဝတ်စုံပါဖောမန့်များ


မကြာမီအချိန်တွင် အတည်ဖြစ်လာတော့မည့် အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို ပညာရေးအဖွဲ့အစည်း များ၊ ဆရာများ၊ သမဂ္ဂကျောင်းသားအဖွဲ့ အစည်းများနှင့် တက္ကသိုလ်ကောလိပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက ကန့်ကွက်ဆန္ဒထုတ်ဖော်လျက်ရှိကြသည်။

အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို ကန့်ကွက်ဆန္ဒပြသည့် ကျောင်းသားများသည် ဘွဲ့ဝတ်စုံများဝတ် ဆင်ကာ ပဲပြုတ်ရောင်းသည့်ပုံစံ၊ ဂျာနယ်ရောင်းချသည့် ပုံစံ၊ ဆိုက်ကားနင်း၊ ရေစည်လှည်းတွန်း စသည့်ပုံစံ တို့ဖြင့် ဆန္ဒထုတ်ဖော်နေ ကြခြင်းဖြစ်သည်။

ဘွဲ့ဝတ်စုံဖြင့် ဆန္ဒပြခြင်းသည် ဘွဲ့ဝတ်စုံအပေါ် စော်ကားမှု ရှိ၊ မရှိနှင့် ပတ်သက်၍လည်း အငြင်းပွားမှု များရှိနေသည်။

အဆိုပါ သရုပ်ဖော်ပြကွက်မှာ လက်တွေ့ဘ၀တွင် ၎င်းတို့ရရှိခဲ့သည့် ဘွဲ့များနှင့် တိုက်ရိုက်သက်ဆိုင်သော အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလျက်ရှိနေသည့် အတွက် လက်ရှိပညာရေးစနစ်ကို သရော်ခြင်းဖြစ် ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည့်  ကျောင်းသား၊ ကျောင်းသူများက ဆိုသည်။

‘‘တော်တော်များများက ထင်နေကြတာ ဘွဲ့ဝတ်စုံကို စော်ကားတဲ့ပုံစံမျိုးအသုံးပြုပြီး လုပ်ကြတယ်လို့ ထင်နေကြတယ်။ ကျွန်တော်တို့ရည်ရွယ်ချက်က ဘွဲ့ရပြီးတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အခြေအနေကို သရော်ချင်တာပါ။ ဘွဲ့ရပြီး  အလုပ်အကိုင်ရှားပါးတယ်ဆိုတာထက် ရတားတဲ့ဘွဲ့နဲ့ မကိုက်ညီတဲ့အလုပ် မျိုးတွေ လုပ်နေရတယ်။ အဲဒါကို အဓိကပြချင်တာပါ’’ဟု ဆန္ဒထုတ်ဖော်ခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုမင်းသုခက ပြောသည်။

ဆန္ဒထုတ်ဖော်ခဲ့ကြသည့် တက္ကသိုလ်ကျောင်းသားများသည် ပြည်ထောင်စု လွှတ်တော်က ပထမအကြိမ် အတည်ပြုထားသည့် အမျိုးသားပညာရေးဥပဒေ (မူကြမ်း)တွင်ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့်  အဆင့်မြင့် ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဖြုတ်သိမ်းပေးရန်၊ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရန်၊ အစိုးရ၊ လွှတ်တော်နှင့် NNET တို့ တွေ့ဆုံညှိနှိုင်းရေး စသည့်အချက်များကို တောင်းဆို ခဲ့ကြသည်။

ဘွဲ့ရပြီး အလုပ်အကိုင်မရရှိသည်မှာ ပညာရေးစနစ်ကြောင့် သက်သက်မဟုတ်ဘဲ မိမိကိုယ်တိုင် ကြိုးစား အားထုတ်မှုဖြင့်သာ သက်ဆိုင်ကြောင်း ဘွဲ့ဝတ်စုံဝတ်ဆင်၍ ဆန္ဒပြမှုအပေါ် ထောက်ပြဝေဖန်ခဲ့ကြသည်။

‘‘အဓိက,ကတော့ စနစ်မကောင်းဘူးကြီးပဲ ထိုင်အော်နေလို့မရဘူး။ ဘွဲ့ရပြီးတော့ အလုပ်က တန်းရမယ်လို့ လည်း ဘယ်သူမှ တာဝန်မယူထားဘူး။ လူတိုင်း၊ လူတိုင်းက ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကပဲ အဖြေပေး သွားတာပဲ။ ခေတ်ကြီးကိုက အလုပ်လက်မဲ့တွေ များပြားနေတာဟုတ်တယ်။ ဒါပေမဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေက မရှားဘူး။ တကယ်တတ်တဲ့လူတွေပဲ ရှားတာပါ’’ဟု MICT Park ရှိ နည်းပညာကုမ္ပဏီ တစ်ခုမှ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဖြစ်သည့် ကိုရာဇာက ပြောသည်။

ဘွဲ့ဝတ်စုံဖြင့် ဆန္ဒထုတ်ဖော်ရခြင်းမှာ လက်ရှိပညာရေးစနစ်သည် အနာဂတ်အတွက် အာမခံချက်မပေးနိုင် သည့်အပေါ် သရုပ်ဖော်ခြင်းသာဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ ပထမဆုံးထွက်ပေါ်လာမည့် အမျိုးသား ပညာရေးဥပဒေကြမ်းကို ကန့်ကွက်ခြင်းဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ဆိုသည်။

 ‘‘ဘွဲ့ဝတ်စုံနဲ့ ဆန္ဒဖော်ထုတ်တယ်ဆိုတာက အခုမှမဟုတ်ဘူး။ နိုင်ငံတကာမှာလည်း ဒီလိုဆန္ဒဖော်ထုတ် မှုတွေ ရှိနေတာပဲ။ ဆန္ဒပြတဲ့ ကျောင်းသားတွေကိုယ်တိုင်ကိုက ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ် သက်ပြီးတော့ ပညာရေးဆွေးနွေးပွဲတွေမှာ  ဆွေးနွေးအကြံပြုတဲ့နည်းလမ်းကို အသုံးပြုခဲ့ပြီးပြီ။ အခုအချိန်မှာ ဒီလိုဘွဲ့ဝတ်စုံနဲ့ ဆန္ဒပြတဲ့နည်းလမ်းပဲရှိတော့တဲ့အတွက်ကြောင့် ရွေးချယ်အသုံးပြုကြတာပါ’’ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က ပြောသည်။

‘‘ဒီဘွဲ့လက်မှတ်ကို ကိုင်ပြီးတော့ ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ဓာတ်ပုံရိုက်ခွင့်ရတဲ့လူတွေကို မေးကြည့်ပါ။ ဒီဘွဲ့ဟာ ဘဝအတွက် အာမခံချက်ရှိလားလို့။ ဘွဲ့အပြင် တခြား certificate တွေ ကိုင်နိုင်မှသာ အလုပ် အကိုင်အခွင့်အလမ်းက ပေါ်တာပါ’’ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ဦးနု ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမထဲတွင် ၎င်း၏ဘွဲ့လက်မှတ်ကို ဆုတ်ဖြဲ၍  ပညာရေးစနစ်ကို သရော်ခဲ့ဖူးသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ကိုစည်သူမောင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

‘‘ကျောင်းသားတွေ ဘွဲ့ဝတ်စုံကိုစော်ကားနေတာမဟုတ်ဘူး။ ဘွဲ့ဝတ်စုံမီးပုံမရှို့ဘူး။ ခြေထောက်နဲ့တက် မနင်းဘူး။ သူတို့ကိုယ်ပေါ်မှာ ရုံထားတယ်။ သူတို့ရည်ရွယ်ချက် အဓိကဖြစ်တဲ့ ဗဟိုချုပ်ကိုင်မှုများပြီး ကျောင်းသားအခွင့်အရေးအတွက် အာမခံချက်မပါတဲ့ဥပဒေကို ဆန့်ကျင်ရာမှာ လူအများအာရုံစိုက်လာစေဖို့ ပညာရေးစနစ်ညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ လူမှုဒုက္ခတွေပေါ်လွင်ဖို့သာ ဖြစ်တယ်လို့ မြင်ပါတယ်’’ဟု ကျောက်ဆည်တက္ကသိုလ်မှ လ/ထ ကထိက ဦးဇော်မျိုးလှိုင်က ပြောသည်။

ဘွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းမပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့သည်မှာ ဘွဲ့၏ဂုဏ်သိက္ခာကို စော်ကားခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်ရာတွင် ဘွဲ့ဝတ်စုံကို မဝတ်ဆင်သင့်ဘဲ အခြားနည်းလမ်းများကိုသာ ရွေးချယ်သင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ကြသည်။

‘‘ဘွဲ့ဆိုတာ ပညာသင်နှစ်တွေအများကြီးကို ဖြတ်ကျော်လာပြီးတော့မှ ယူခဲ့ရတာပါ။ ဘယ်သူမှ လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး။ အဲဒီလိုပဲ ဘွဲ့ဝတ်စုံဆိုတာက ဘွဲ့နှင်းသဘင်ခန်းမမှာ အခမ်းအနားနဲ့ တက်ယူရတာပါ။ ဂုဏ်ယူပြီးဝတ်ဆင်ခဲ့တဲ့ဝတ်စုံပါ။ အခုလို ပါဖောမန့်တစ်ခုအနေနဲ့ တွေ့ရတော့ မသင့်လျော်ဘူးလို့ မြင်ပါတယ်။ ဘွဲ့ဆိုတာ လူတိုင်းရနိုင်တဲ့ အခွင့်အရေးမဟုတ်ပါဘူး။ ဘွဲ့နဲ့အလုပ်ရတာ၊ မရတာက တစ်ပိုင်းပေါ့’’ဟု ဒဂုံတက္ကသိုလ်မှ ၂၀၀၄ ခုနှစ်တွင် ဓာတုဗေဒဘွဲ့ရရှိခဲ့သည့် ကိုလင်းထိုက်က ပြောသည်။

မိမိတို့ရရှိသည့် ဘွဲ့နှင့် ဘွဲ့ဝတ်စုံများအပေါ် တန်ဖိုးထားခြင်းသည် မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ခံယူချက်အပေါ်တွင်သာ မူတည်ကြောင်းနှင့် ဘွဲ့ဝတ်စုံဝတ်ဆင်၍ ဆန္ဒထုတ်ဖော်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးစနစ်အပေါ် ဆန္ဒထုတ်ဖော်ရာတွင် ပိုမိုထင်ရှားစေရန် ပြုလုပ်ခြင်းဖြစ် ကြောင်း ကောင်းသည်၊ မကောင်းသည်ကို ပြောရန်ခက်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားပညာရေးဥပဒေ (မူကြမ်း)အပေါ် နိုင်ငံတော်သမ္မတက ပြန်လည်ပေးပို့ ထားသည့် သဘောထားမှတ်ချက် ၂၅ ချက်ကို စက်တင်ဘာ ၁၁ ရက်တွင် ပြန်လည်စတင်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးသွားကြမည်ဖြစ်ပြီး မကြာမီအချိန်အတွင်းတွင် အတည်ဖြစ်လာတော့မည်ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ အတည်ဖြစ်လာပါက ဥပဒေတွင် ပြင်ဆင်ရမည့်အချက် များကို တက္ကသိုလ်ဆရာ၊ ဆရာများ အပါအဝင် ကျောင်းသား၊ ကျောင်းသူများ သိရှိလာစေရန် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ဆိုသည်။

7Day News Journal 

No comments:

Post a Comment

My Blog List