Wednesday, September 17, 2014

ကျန်းမာရေး ဘတ်ဂျက် ဟိုလူနှိုက်၊ ဒီလူနှိုက် ဖြစ်နေ၍ အဖွဲ့ဖြင့် စစ်ရန်လိုဟု ဥက္ကဋ္ဌ ပြော



ကျန်းမာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများတွင် စံချိန်စံညွှန်းမမီဘဲဘတ်ဂျက်များကို ဟိုလူနှိုက်စား ဒီလူနှိုက် စားဖြစ်နေသည့်အတွက် တည်ဆောက်ရေးကာလတွင် အဖွဲ့တစ်ခုဖွဲ့စည်းပြီး စစ်ဆေးရန် လိုအပ်လျက်ရှိသည်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးကျင်းပသည့်ရက် သုံးရက်အတွင်း နှစ်ကြိမ်မြောက် ပြောခြင်းဖြစ်သည်။

“ဒီကိစ္စ ဟိုတစ်နေ့ကလည်း ပြောပြီးပြီ။ ဒါကြောင့်မို့ ဘတ်ဂျက်တွေ ခွင့်ပြု၊ ခွင့်ပြုပြီးတော့ ကြားထဲက ဟိုလူ နှိုက်စား ဒီလူနှိုက်စား ဖြစ်နေတဲ့ အနေအထားရှိတယ်။ ဒါက တိုင်း၊ ပြည်နယ်တွေကပဲ အဓိက အနီးကပ် သွားကြီးကြပ်တာပေါ့။ ပြည်ထောင်စုဝန်ကြီး သွားပြီးတော့ မကြီးကြပ်နိုင်ဘူး။ သို့သော် စနစ်တစ်ခုတော့ တီထွင်ဖို့လိုပြီ ထင်တယ်။ ဒီကာလမှာပေါ့ တည်ဆောက်ရေးကာလမှာပေါ့။ အရင်က လိုအပ်ချက်တွေကို အင်နဲ့အားနဲ့ဖြည့်နေတဲ့ ကာလအတွက် အထူးလုပ်ဆောင်ဖို့ စစ်ဆေးဖို့အဖွဲ့တစ်ခုတော့ရှိဖို့လိုပြီး ထင်တယ်” ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆလိုင်းခွဲယန်၏ ပလက်ဝမြို့နယ်၊ တိုင်ဝကျေးရွာနှင့် ကြက်မအိုင် ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန ခွဲအဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီမှုမရှိသဖြင့် မည်သို့အရေးယူဆောင် ရွက်ထားသည်ကို သိရှိလိုသည်ဟု ကြယ်ပွင့်ပြမေးခွန်းအပြီးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကန်ထရိုက်ရတဲ့ သူကဆောက်တာ မဟုတ်ဘဲနဲ့ ကန်ထရိုက်ရတဲ့သူက အဆင့်ဆင့်လွှဲပြီး ဆောက်တာပေါ့။ ဘာနဲ့တူသလဲ ဆိုတော့ ပွဲဈေးတန်းထဲမှာ ဆီးသီးဗန်း မှောက်ကျသလိုပဲ။ သူက ဆီးသီးရောင်းမလို့ ဆီးသီးဗန်းနဲ့ သွားတာပဲ။ မှောက်လည်း မှောက်ရော ဟိုလူက တစ်ဆုပ်ပ်နှိုက်စား ဒီလူက တစ်ဆုပ်နှိုက် စားနဲ့ တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘတ်ဂျက်ကိစ္စက အဲဒီလို ဖြစ်နေတာပေါ့”ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

အထက်ပါ အဆောက်အအုံ လက်ခံချိန်တွင် စံချိန်စံညွှန်းနှင့် ကိုညီမှုရှိ၊ မရှိကို ပလက်ဝမြို့တာဝန်ခံ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးရာတွင် လိုအပ်ချက်များကို ပြန် လည်ပြုပြင်aပးရန်မှာကြားခြင်း၊ ကွင်းဆင်း စစ်ဆေးချက်များကို ပြုပြင်ပြီးကြောင်း မှတ်တမ်းဓာတ်ပုံများ တင်ပြစေခြင်းများကို ဆောက်ရွက်ပြီးမှသာလျှင် ငွေလက်ကျန် များကို ထုတ်ယူပေးရန် စီစဉ်ထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ လဲ့ဝင်းက ပြောသည်။

“သေသေချာချာလည်း စစ်ဆေးခိုင်းပါအုံး။ ဒုတိယဝန်ကြီးရယ် ပေါ်တီကို (ဆင်ဝင်အောက်) မှာတင် ကိစ္စချောသွားနိုင်တယ်။ ရထားတဲ့ အထောက် အထားက တော်တော်ဆိုးပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒုတိယဝန်ကြီးဖြေပြီးချိန်တွင် ထပ်မံပြောဆိုလိုက်သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက်အစည်းအဝေကျင်းပသည့် ဒုတိယမြောက်နေ့တွင်လည်း ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ အဆောက်အအုံများ တည်ဆောက်ရာတွင် စံချိန်စံညွှန်း မမီသည့်အတွက် ပြောဆိုခဲ့ပြီး တတိယမြောက်နေ့တွင် ထပ်မံပြောဆို ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List