Wednesday, September 17, 2014

ရန်ကုန်ရှိ ဆေးရုံခုနစ်ရုံတွင် မူးယစ်ဆေးစွဲနေသူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု စတင်မည်



မူးယစ်ဆေးစွဲသူများအတွက် နေရာတစ်ခုတည်း၌ အလုံးစုံအခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရေး (One Stop Shop)စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံခုနစ်ရုံတွင် ပထမဆုံးအကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။
‘‘ဒီနှစ်အတွင်းမှာ လုပ်နေပါပြီ။ ဆေးစွဲလူနာတွေ ဆေးကုသရေးဌာနကို လာတဲ့အခါမှာ အဆင်ပြေစေဖို့၊ လိုအပ်တဲ့ ၀န်ဆောင်မှုတွေကို ပြည့်ပြည့်၀၀ ရရှိစေဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီစီမံချက်ကို လုပ်ရခြင်းဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးကိုကို က ပြောသည်။

ရှေ့ပြေးစီမံကိန်းအနေဖြင့် မက်သာဒုန်းဆေးရည် တိုက်ကျွေးရေးဌာန ခုနစ်ခု၌ ဆောင်ရွက်မည်ဖြစ်သည်။ မူးယစ်ဆေး ၀ါးသွေးကြောတွင် ထိုးသွင်းသူများ အနေဖြင့် မက်သာဒုန်းဆေးရည်သောက်သုံးရေးတစ်ခုတည်း သာမက မိမိဆန္ဒအလျောက် သွေးစစ်ခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊ စိတ်လူမှုဆိုင်ရာ ပံ့ပိုးမှုများ၊ အေအာတီနှင့် တီဘီရောဂါဆေးများ ရရှိခြင်း၊ အိပ်ချိအိုင်ဗီပိုးနှင့် အသည်းရောင်အသားဝါ ပိုးများ ကာကွယ်ကုသရေး စသော ၀န်ဆောင်မှုများကို ခံစားရမည် ဖြစ်သည်။

ယခုစီမံကိန်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ကျန်းမာရေးစောင့် ရှောက်မှု အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Burnet Institute တို့ ပူးပေါင်းဆောင် ရွက် ခြင်း ဖြစ်သည်။ ယင်းဝန်ဆောင်မှုလုပ်ငန်းများ စတင်မည့်နေရာ ခုနစ်ခုမှာ မင်္ဂလာဒုံဆေးရုံ၊ အနောက်တိုင်းဆေးရုံ၊ သန်လျင် ဆေးရုံ၊ အရှေ့ပိုင်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ၊ ဝေဘာဂီဆေးရုံနှင့် သင်္ဃန်းကျွန်းဆေးရုံတို့ ဖြစ်သည်။

ယခုကဲ့သို့ တစ်နေရာတည်း၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးစနစ် (One Stop Service) ကို ကျင့်သုံးမည် ဆိုခြင်းသည် မူးယစ်ဆေးစွဲဝေဒနာရှင် များအတွက် ပိုမိုကောင်းမွန်သော်လည်း ဆေးရုံ၏လုံခြုံရေးအခြေအနေ ပိုင်း၌မူ အခက်အခဲများကြုံတွေ့ နိုင်ခြင်းကြောင့် အဆိုပါ အချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း သင်္ဃန်းကျွန်းဆေးရုံအုပ်ကြီး ဒေါက်တာခင်ဖြူဝင်းက ဆိုသည်။

‘‘ဆေးလာသောက်တဲ့သူတွေက လူနာဆောင်ထဲဝင်ပြီး ဆေးဝင်ထိုးတယ်။ လူနာတွေနဲ့ ၀န်ထမ်းအင်အား မမျှဘူး ဖြစ်နေတယ်။ ဒီစနစ်လုပ်ရင် အင်မတန် ကောင်းတယ်။ ဒါပေမဲ့ လုံခြုံရေးကို သေချာလုပ်ပေးနိုင်မှသာ ဆေးရုံက အခက် အခဲမရှိ ၀န်ဆောင် နိုင်မှာ ဖြစ်ပါတယ်’’ ဟု ၎င်းက သုံးသပ်ပြောကြား သည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲရောဂါကုဌာနပေါင်း ၇၃ ခုရှိပြီး မက်သာဒုန်း အစားထိုးဆေးရည် တိုက်ကျွေးရေးဌာနပေါင်း ၃၅ ခုရှိကာ ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ မူးယစ်ဆေး အကြောတွင်းထိုးသွင်းသူ ပေါင်း ၆၈၆၃ ဦးအား မက်သာဒုန်းဆေးရည် အစားထိုးတိုက်ကျွေးခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List