Wednesday, September 17, 2014

နိုင်ငံတော်နှင့် ကုမ္ပဏီများက ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၏ အကျိုးအမြတ်များကို ပွင့်လင်းမြင်သာမှုရှိစေရန် စိစစ်၊ စစ်ဆေးခံရန် လိုအပ်ဟု အမျိုးသားလွှတ်တော်၌ ဆွေးနွေး


နိုင်ငံတော်နှင့် ကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံမှုအရ ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၏ အကျိုးအမြတ်များကို ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် စိစစ်၊ စစ်ဆေးခံရန်လိုအပ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က စက်တင်ဘာ ၁၆ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ဆွေးနွေးပြောကြားသည်။

ဦးမျိုးမြင့်က နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၊ လုပ်ငန်းများကို နိုင်ငံတော်မှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ပါဝင်ရင်းနှီးမြှုပ်နှံမှုများဖြင့် နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၊ လုပ်ငန်းများ၊ ဆက်စပ်လုပ်ကိုင်နေသည့် လုပ်ငန်းပိုင်း၊ ငွေကြေး၊ ကြာမြင့်ချိန်ကာလ၊ ထွက်ပေါ်လာမည့် အကျိုးအမြတ်များကို အထောက်အထားများဖြင့် နည်းလမ်းတကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အတွက် ပွင့်လင်းမြင်သာမှုရှိစေရေး စစ်ဆေး၊ စိစစ်ခံကြရန်လိုအပ်ကြောင်း ဆွေးနွေးသည်။

ပြီးစီးထားသည့် စီမံကိန်းများ ဆက်လက်ရှင်သန်နေစေရန်အတွက် ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေခေါင်း စဉ်အောက်မှ ဆောင်ရွက်ရသည့် သဘာဝရှိကြောင်း၊ အဆိုပါ ပြီးစီးထားသည့် လုပ်ငန်းများကို ၀န်ကြီးဌာန (သို့) လုပ်ငန်းဌာန၏ အစီအမံဖြင့် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေခေါင်း စဉ်အောက်မှ တင်ပြတောင်းခံသုံးစွဲခြင်းသည် ဘဏ္ဍာရေးစည်းမျဉ်းစည်း ကမ်းများနှင့် ငွေစာရင်းနည်းလမ်းကျနခြင်း မရှိကြောင်း ဆက်လက်ပြောကြား သည်။

“ဆောင်ရွက်ဆဲစီမံကိန်းတွေအတွက် ငွေလုံးငွေရင်း အသုံးစရိတ် ခေါင်းစဉ်အောက်မှ ကျခံသုံးစွဲတဲ့အပြင် ခွင့်ပြုပြီး သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်ကနေ ခွဲဝေသုံးစွဲနေခြင်းတွေကို ရှောင်ရှားသင့်ပါတယ်။ လွှတ်တော်ရေးရာ ကော်မတီတွေက ဘဏ္ဍာနှစ်အတွင်း တောင်းခံရန်ပုံငွေတွေကို စိစစ်ချိန်မှာ အချို့လုပ်ငန်းဌာနများအနေဖြင့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်၊ ခွင့်ပြုချက် အထောက်အထားတွေကို တောင်းခံရာတွင် တင်ပြနိုင်ခြင်း မရှိကြတာကို တွေ့ရပါတယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

စီမံကိန်းခန့်မှန်းခြေစာရင်းများသည် စီမံကိန်းစတင်သည်မှ ပြီးဆုံးချိန်အထိ တည်ငြိမ်နေရမည်ဟု မဆိုလိုကြောင်း၊ နှစ်စဉ်ဖြစ်လာမည့် ငွေကြေးဖောင်းပွမှုနှုန်း၊ သဘာဝဘေးများကြောင့် စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ဆောင်ရွက်ဆဲကာလ တစ်ခုအတွင်း ကျော်လွန်နိုင်ကြောင်း ကျိုးကြောင်းဖော်ပြ မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မူလလုပ်ငန်းဌာနများအနေဖြင့် လက်ဝယ်တွင် ထားရှိကာ စစ်ဆေးစိစစ်မှု တာဝန်ယူသည့် အဖွဲ့အစည်းများသို့ နှစ်အတန်ကြာထိ မတင်ပြသည့်အတွက် ဈေးနှုန်းပြောင်းလဲမှု၊ ဆောင်ရွက်ပြီးစီးထားမှုများ ပျက်စီးခြင်းကြောင့် ထပ်မံပြင်ဆင်ရသည့် ကွင်းဆက်များ ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်က ပြောကြားသည်။

ဘဏ္ဍာနှစ်တိုင်းတွင် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု အစီအစဉ်နှင့် ယင်းအစီအစဉ်ပါ မူလနှင့်လျာထားလုပ်ငန်းထုထည် ပမာဏများ ပြောင်းလဲမှုရှိနေကြောင်း၊ စီမံကိန်းတန်ဖိုးများကို မိမိဦးစီးဌာန၊ လုပ်ငန်းဌာန အစီအမံများဖြင့် ပြောင်းလဲတိုးမြှင့်ကြခြင်း၊ အချို့စီမံကိန်းလုပ်ငန်းများကို ဘဏ္ဍာနှစ် တစ်ခုတည်းတွင်ပင် ယင်းဘဏ္ဍာနှစ်မတိုင်မီ ရှေ့ပိုင်းဘဏ္ဍာရေးနှစ်တွင် ဖော်ပြကိန်းဂဏန်း ကွဲလွဲမှု၊ တောင်းခံဘဏ္ဍာနှစ် မူလခန့်မှန်းခြေစာရင်းတွင် ထပ်မံပြုပြင်ပြီး စီမံကိန်းခန့်မှန်းတန်ဖိုး ကိန်းဂဏန်းကွဲလွဲမှုနှင့် ဒုတိယအကြိမ်ပြုပြင်ပြီး စီမံကိန်းတန်ဖိုး ထပ်မံကွဲလွဲမှုများကို လေ့လာတွေ့ရှိ ရကြောင်း၊ အဆိုပါကိန်းဂဏန်းများကို ကနဦးကတည်းက တတိယအဖွဲ့အစည်းသို့ ပေးပို့ထားပါက လုပ်ထုံးလုပ်နည်းနှင့်ညီညွတ်ပြီး လုပ်ငန်းဌာန အစီအမံဖြင့် လွယ်ကူစွာ ပြင်ဆင်ဆောင်ရွက်ကြမည် မဟုတ်ဟု ယူဆမိကြောင်း ဦးမျိုးမြင့်က အကြံပြုခဲ့သည်။

စက်တင်ဘာ ၁၆ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဦးမျိုးမြင့်တင်သွင်းခဲ့သည့် စီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်းများ အကောင်အထည်ဖော်မှု အစီအစဉ်နှင့် စီမံကိန်းခန့်မှန်းခြေစာရင်းများ တည်ငြိမ်ရေး အတွက် တာဝန်ယူစစ်ဆေးရသော အဖွဲ့အစည်း၏ စိစစ်ထောက်ခံချက်ဖြင့် အစိုးရ၏ခွင့်ပြုချက် ရယူ လိုက်နာဆောင်ရွက်စေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော် တွင် ကန့်ကွက်သူမရှိ သည့်အတွက် ဆွေးနွေးရန်သဘောတူခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List