Thursday, September 18, 2014

ရုရှားသူဌေးကြီးတဦးကို ငွေကြေးခ၀ါချမှုဖြင့် တရားစွဲပြီး နေအိမ်အကျယ်ချုပ်ချ


ရုရှားအခြေစိုက် လုပ်ငန်းစုံလုပ်တဲ့ စစ်စတေမာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ အကြီးဆုံးရှယ်ယာရှင် ဖြစ်ပြီး ရုရှား နိုင်ငံရဲ့ အချမ်းသာဆုံးသူတွေထဲက တယောက်ဖြစ်တဲ့ ကုဋေကြွယ်သူဌေးကြီး ဗလာဒီမီယာ ရပ်တူရှန့်ကို ကို ငွေကြေးခဝါချမှုနဲ့ တရားစွဲခံထားရပြီး နေအိမ်အကျယ်ချုပ် ချထားခံရပါတယ်။

စွပ်စွဲချက်ကို သူ့ကုမ္ပဏီက ငြင်းဆိုထားပေမယ့် ပညာရှင်တွေက သက်သေတွေကို ချိန်ဆနေဆဲလို့ စုံစမ်း စစ်ဆေးရေးကော်မတီ ပြောခွင့်ရ ဗလာဒီမာ မာကင်မ်က ပြောပါတယ်။

ဘတ်ရှ်ကိုတိုစတန်ဒေသက ရေနံကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ခိုးယူမှုနဲ့ ရာဇဝတ်မှုအဖြစ် သုံးသပ်နေ တယ်လို့ ရုရှားရဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးကော်မတီက စက်တင်ဘာ ၁၆ ရက်နေ့က ပြောပါတယ်။

ရေနံကုမ္ပဏီ ဘတ်ရှ်နက်ဖ်ကို ဝယ်မှုနဲ့ ပတ်သက်တဲ့ ဒီစွပ်စွဲချက်က အခြေအမြစ်မရှိဘဲ နိုင်ငံရေးအရ လှုပ်ရှားမှုသာ ဖြစ်တယ်လို့ စက်မှုလုပ်ငန်းရှင်ကြီးများ အုပ်စုခေါင်းဆောင်က ဝေဖန်ပြောဆိုပါတယ်။

ရေနံကနေ တယ်လီကွန်ဆက်သွယ်ရေးထိ လုပ်ငန်းပေါင်းစုံ လုပ်တဲ့ ကုမ္ပဏီကြီး စစ်စတေမာကတော့ ဘတ်ရှ်ကိုတိုစတန်က ရေနံပိုင်ဆိုင်မှုတွေက တရားဝင်ပြီး ပွင့်လင်းမြင်သာရှိတယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့က ပြောပါတယ်။

အစိုးရက ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ အကြီးဆုံးရေနံ ကုမ္ပဏီ ရို့စ်နက်ဖ်က ဘတ်ရှ်နက်ဖ်ကို ဝယ်ဖို့ စိတ်ဝင်စားနေချိန်မှာ ခုလို အကျယ်ချုပ် ထိန်းသိမ်းမှု ဖြစ်လာတာလို့ တချို့ လေ့လာသူတွေက ပြောပါတယ်။

ရပ်တူရှန့်ကိုဟာ ရုရှားရဲ့ ၁၅ ယောက်မြောက် အချမ်းသာဆုံး သူဌေးကြီး ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ ဘီလီယံချမ်းသာတယ်လို့ အမေရိကန်မဂ္ဂဇင်း ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြ ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List