Thursday, September 18, 2014

အာရှကို ခြိမ်းခြောက်လာသော အစ္စလာမ္မစ်နိုင်ငံတော်


အစ္စလာမ္မစ် နိုင်ငံတော်ဆိုသည့် စကားလုံးသည် ကမ္ဘာ့အရှေ့ဖျား နိုင်ငံများတွင် ရေပန်းစားလာသည့် စကားလုံး ဖြစ်လာပြီး အာရှကို ခြိမ်းခြောက် လာနေကြောင်း ကျွမ်းကျင်သူ ပညာရှင်များက သတိပေးကြ သည်။ အစ္စလာမ္မစ် နိုင်ငံတော်ဆိုသည့် အုပ်စုသည် ယခင်က အီရတ်နှင့် လီဗန့် အစ္စလာမ္မစ် နိုင်ငံတော်ကို ကိုယ်စားပြု သုံးစွဲကြခြင်း ဖြစ်သည်။ 

ထိုအုပ်စုသည် ယနေ့တိုင် အီရတ်နှင့် ဆီးရီးယား နိုင်ငံများတွင် လက်နက်ကိုင် လှုပ်ရှားနေသည့် အုပ်စုများ ဖြစ်ကြသည်။ ယခုအခါ ထိုအဖွဲ့သည် အာရှနှင့် ပစိဖိတ်ဘက်သို့ ခြေဦးလှည့်ကာ လူသစ်များ စုဆောင်းခြင်း၊ တိုက်ပွဲဝင်မည့်သူများ စုဆောင်းခြင်း တို့ကို ပြုလုပ်နေကြသည်။

အစိုးရ အဖွဲ့များနှင့် နိုင်ငံရေး ကျွမ်းကျင်သူများက ကမ္ဘာ့အရှေ့ဖျား နိုင်ငံများတွင် အစ္စလာမ္မစ် လက်နက်ကိုင် အဖွဲ့များ တိုးပွားလာကြောင်း သတိပေး ထားကြသည်။ သူတို့သည် ဆိုရှယ် မီဒီယာများတွင် ဝင်ရောက်ပြီး လှုံ့ဆော်မှုများ ပြုလုပ်နေကြသည်။ သူတို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံပေါင်းများစွာတွင် လက်နက် ကိုင် အင်အားစုများသည် တိုးပွားလာခဲ့ပြီး ဒေသဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက် လာခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်သည်။

မွတ်ဆလင်များသည် လီဗန့်သို့ တိုက်ပွဲဝင်ရန်ဆိုကာ ထွက်နေကြခြင်းသည် တစ်ချိန်တွင် နိုင်ငံလုံခြုံရေး အတွက် ခြိမ်းခြောက် လာနိုင်သည့် ပြဿနာများ ဖြစ်လာနိုင်ကြောင်း သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ အရှေ့အလယ်ပိုင်းဒေသ ကျွမ်းကျင်သူ၊ အမျိုးသား လုံခြုံရေးဌာနမှ ရော်ဂျာရှာနာဟန်က ဆိုသည်။

လီဗန့်သို့ တိုက်ပွဲဝင်ရန် ထွက်ခွာနေကြသည့် မွတ်ဆလင်များသည် တစ်ချိန်တွင် အုပ်စုများ၊ အဖွဲ့များ ထပ်မံဖွဲ့စည်း ပေါ်ပေါက်လာပြီးနောက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက်မှုများ ပြုလုပ်ကာ နိုင်ငံများကို ခြိမ်းခြောက် လာလိမ့်မည်ဟု ရော်ဂျာက သတိပေးထားသည်။ 

“အနာဂတ်မှာ ကမ္ဘာ့ဂျီဟတ် အဖွဲ့ဝင်တွေဟာ ဆီးရီးယားနဲ့ အီရတ် အဆက်အသွယ်တွေနဲ့ ကွန်ရက်ကြီး တစ်ခုကို ထူထောင်ကြလိမ့်မယ်” ဟုလည်း သူကဆိုသည်။

TRAC (Terrorism Research & Analysis Consortium) အဖွဲ့မှ ညွှန်ကြားရေးမှူး ဗာယန်ခမ်း ဆိုသူက အရှေ့အလယ်ပိုင်း ဒေသတွင် အာရှပစိဖိတ် ဒေသများမှ ရောက်လာသည့် တိုက်ခိုက်ရေး သမားပေါင်း ၅၀၀ ခန့် ရှိနေပြီဟု ဆိုသည်။ ဇူလိုင် ၁၁ ရက်နေ့က ဖိလစ်ပိုင်နှင့် သြစတြေးလျ ရဲများသည် ယခင်အိုင်းရစ်ရှ်-အီတလီ နောက်ခံရှိပြီး ကက်သလစ် ဘာသာဝင် တစ်ဦးဖြစ်ကာ၊ အသက် ၁၇ နှစ်အရွယ်တွင် အစ္စလာမ် ဘာသာဝင် အဖြစ်သို့ ကူးပြောင်းသွားသူ ရောဘတ် ‘မူဆာ’ စီရန်တိုနီယို ဆိုသူကို ဖမ်းဆီးရမိခဲ့သည်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း မြို့သား ဖြစ်သည့် ရောဘတ်ကို ဖိလစ်ပိုင် နိုင်ငံအတွင်းရှိ မွတ်ဆလင်များကို အရှေ့အလယ်ပိုင်း ဒေသတွင် သွားရောက် တိုက်ခိုက်ရန် စည်းရုံး လှုံ့ဆော်မှုဖြင့် ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။

ယခု အသက် ၂၉ နှစ် ရှိပြီဖြစ်သော ရောဘတ်သည် ဖိလစ်ပိုင် တောင်ပိုင်းရှိ မင်ဒါနိုကျွန်းသို့ လာရောက်ပြီး စည်းရုံး လှုံ့ဆော်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ မင်ဒါနိုကျွန်းတွင် ဖိလစ်ပိုင်နိုင်ငံ၏ မွတ်ဆလင် ၁၀ ဒသမ ၃ သန်းခန့် နေထိုင်သဖြင့် အင်အားအများဆုံး ဒေသလည်း ဖြစ်သည်။ ထိုကျွန်းသည် အယ်လ်ကေဒါ အဖွဲ့နှင့် ပူးပေါင်းထားသည့် အဘူဆာရက်ဖ်အုပ်စု ကြီးစိုးထားသည့် နေရာဖြစ်ပြီး ဖိလစ်ပိုင်နှင့် မလေးရှား နိုင်ငံတို့တွင် တိုက်ခိုက်မှုများ၊ ပြန်ပေးဆွဲမှုများကို ထိုအဖွဲ့က လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
အစွန်းရောက်တို့၏ အမြင်များနှင့် ကျွမ်းကျင်မှုများ

သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့သည် ဆီရန်တိုနီယိုကို နိုင်ငံသားအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။ သူ့ကို သြစတြေးလျ အာဏာပိုင်များသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း၊ စီဘူးကျွန်းတွင် ဖမ်းဆီးရမိခဲ့သည်။ ဆီရန်သည် ဇွန်လတွင် ဆိုရှယ်မီဒီယာ တစ်ခုဖြစ်သည့် Twitter ပေါ်၌ “ငါတို့ဟာ အရှင်မြတ်ထံ ပြန်လာနိုင်တဲ့အထိ အစ္စလာမ္မစ် နိုင်ငံတော်ရဲ့ သစ္စာရှိ စစ်သားတွေ ဖြစ်ရမယ်” ဟု ရေးတင်ခဲ့သည့်အပြင် နိုင်ငံခြားရေး ဝန်ကြီးကိုလည်း ‘လူလိမ်’ ဟု ခေါ်ဝေါ်သုံးစွဲ စွပ်စွဲထားသေးသည်။

ဆီရန်တိုနီယိုကို ဖမ်းဆီးမိပြီးသည့် နောက်တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘစ်ရှော့သည် သူမ၏ နိုင်ငံသားများကို နိုင်ငံရပ်ခြား တိုင်းပြည်များသို့ တိုက်ပွဲဝင်ရန် မစေလွှတ်တော့ကြောင်း ကတိပေးလိုက် သည်။ သူက သူတို့ နိုင်ငံသားများသည် အစွန်းရောက်သမားများ ဖြစ်သွားပြီး နိုင်ငံသို့ ပြန်ရောက်လာသည့် အခါတွင် အစွန်းရောက် အမြင်များနှင့် ကျွမ်းကျင်မှုများ ပါလာသောကြောင့်ဟု ဆိုသည်။

ဆီရန်ကို ဖမ်းဆီးမိပြီးမှ အာဏာပိုင်များသည် ဆိုရှယ် မီဒီယာပေါ်တွင် သူ့ကိုပိုပြီး ထင်ရှားအောင် လုပ်ပေးလိုက်သလို ဖြစ်သွားမည်ကိုလည်း စိုးရိမ်နေကြသည်။Guardian သတင်းစာတွင် ဆီးရီးယားနိုင်ငံ၏ Twitter သုံးစွဲသူများကြား၌ အနောက်တိုင်း ဂျီဟတ် အဖွဲ့ဝင်များထဲတွင် ဆီရန်သည် တတိယ Like အများဆုံး ရရှိနေသည့် ပုဂ္ဂိုလ် ဖြစ်နေကြောင်း ဖော်ပြထားသည်။ ဆီရန်၏ Twitter ပေါ်ရှိ သူ့စာမျက်နှာ သည် အစ္စလာမ္မစ် နိုင်ငံတော်အလံကို နောက်ခံထားပြီး ဖွင့်ထားခြင်း ဖြစ်သည်။ သူ့တွင် Follow ပေါင်း ထောင်ချီပြီး ရှိနေသည်။ သူ့ကို ဖမ်းဆီး ရမိပြီးသည့်နောက် သူဖွင့်ထားခဲ့သည့် Facebook စာမျက်နှာသည် Like ပေါင်း ၃၀၀၀ နီးပါး ဖြစ်သွားသည်။ သူ့ Facebook ကို အကြမ်းဖက်မှုများ အားပေးကူညီသူအဖြစ် သတ်မှတ်ပြီး ပိတ်သိမ်းခဲ့ကြသည်။

ထိုအချိန်တွင် YouTube ပေါ်၌လည်း ဗီဒီယို clip များကို လက်နက်ကိုင်များဖြင့် တင်ထားမှုအား တွေ့ကြ ရပြန်သည်။ ထိုသူများသည် သူတို့မျက်နှာများကို ဖုံးကွယ်ထားကြပြီး ဖိလစ်ပိုင် ဘာသာစကားကို ပြောဆို ကာ အာရဗီ ဘာသာစကားများ ရေးသားထားသည့် အစ္စလာမ္မစ် နိုင်ငံတော်အုပ်စု၏ အလံကို သူတို့ရှေ့တွင် ကိုင်ထားကြသည်။

အခြား ဗီဒီယို ပြကွက်တစ်ကွက်တွင် ဖိလစ်ပိုင် အကျဉ်းသား ဒါဇင်ပေါင်းများစွာကို တွေ့ရပြီး အကျဉ်း စခန်း၏ ခန်းမအတွင်း သူတို့ ဘာသာစကားအပြင် အာရဗီ ဘာသာစကား များကိုပါ ပြောဆိုကာ၊ အနက်ရောင် အောက်ခံပေါ်တွင် အဖြူရောင် စာသားများ ရေးထားသည့် အလံကိုကိုင်ပြီး ကြွေးကြော် သံများကို ဟစ်အော် နေကြသည်။ သူတို့သည် အစ္စလာမ္မစ် နိုင်ငံတော်အုပ်စု၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ အဘူဘာကာ အယ်လ်ဘာ့ဂ်ဒါဒီကို သစ္စာစောင့်သိမည် ဖြစ်ကြောင်း အဓိဋ္ဌာန် ပြုနေကြသည်။

အီရတ်နှင့် ဆီးရီးယားတွင် ဖိလစ်ပိုင် နိုင်ငံသား မည်မျှရောက်ရှိနေပြီး တိုက်ပွဲ ဝင်နေကြကြောင်း မသိရပေ။ ဖိလစ်ပိုင် နိုင်ငံသားများသည် ၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ရုရှားကို ဆန့်ကျင်သော အာဖဂန် စစ်ပွဲတွင်လည်း အခြား အရှေ့တောင်အာရှ တိုက်ပွဲဝင် သူများနှင့်အတူ ဝင်ရောက် တိုက်ခိုက် ပေးခဲ့ကြသူများ ဖြစ်သည်။ စစ်ပွဲပြီးဆုံးချိန်တွင် သူတို့သည် ဖိလစ်ပိုင်နိုင်ငံသို့ ပြန်ရောက်လာကြပြီး မင်ဒါနိုတွင် အဘူဆာရက်ဖ် အုပ်စုကို ဖွဲ့စည်း ထူထောင်ခဲ့ကြသည်။ သူတို့သည် အင်ဒိုနီးရှား နိုင်ငံတွင် ဖွဲ့စည်း ထူထောင်ထားသည့် ဂျာမား အစ္စလမ္မီယာ အုပ်စုနှင့်လည်း အဆက်အသွယ် ရှိပြီး ၂၀၀၂ ခုနှစ်တွင် ဘာလီ၌ ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုတွင် များစွာ ပတ်သက်မှု ရှိခဲ့သည်။

မျိုးဆက်သစ် လက်နက်ကိုင် တိုက်ပွဲဝင် နေကြသည့် လူငယ်များ၏ နည်းဗျူဟာအား ပြန်လည် သုံးသပ် လေ့လာကြည့်ရာတွင် သူတို့သည် ဆိုရှယ် မီဒီယာများကို အသုံးပြုပြီး သူတို့အဖွဲ့များကို ထောက်ခံ အားပေးလာစေရန် လုပ်ဆောင် နေကြသည်ကို တွေ့ရကြောင်း TRAC အဖွဲ့မှ လုံခြုံရေး ကျွမ်းကျင်သူ ဗာယန်ခမ်းက ဆိုသည်။ ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သူရေးသား ပြုစုခဲ့သော အစီရင်ခံစာတွင် အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့နှင့် ပတ်သက်ပြီး TRAC အဖွဲ့ကိုယ်စား ဤသို့ သုံးသပ် ပြထားသည်ကို တွေ့ရသည်။

“လူငယ် ဂျီဟတ်တွေကို မွေးထုတ်ပေးပြီး သူတို့၏ ထောက်ခံမှုများနှင့် အနာဂတ် ဂျီဟတ် အကြမ်းဖက် အဖွဲ့ကြီးကို ထူထောင်သွားရန် ဆုံးဖြတ်ထားသည်” ဟု ဆိုသည်။

အရှေ့တောင်အာရှမှ တိုက်ခိုက်ရေးသမားများ

အရှေ့တောင် အာရှသားတို့သည် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ရောက်လာပြီး တိုက်ပွဲ ဝင်နေကြကြောင်း မလေးရှားနိုင်ငံ အမျိုးသားတက္ကသိုလ်မှ အမျိုးသားလုံခြုံရေး တာဝန်ယူထားရသည့် ပါမောက္ခ နော်အာ စီဇန်ဘင်အီဒရစ်က ဆိုသည်။“ခုဆိုရင် သူတို့ဟာ အရှေ့အလယ်ပိုင်းကိုထွက်ပြီး သွားရောက် တိုက်ခိုက်ပေးဖို့ပဲ အာရုံ ထားနေကြသေးတယ်။ အနာဂတ်မှာ သူတို့ရဲ့ ပစ်မှတ်ဟာ အာရှ ဖြစ်လာနိုင် တယ်” ဟု ပြောသည်။

Channel News Asia ကလည်း အစ္စလာမ္မစ် အုပ်စု၏ လူသစ် စုဆောင်းနေမှုများကို အတည်ပြုသည်။ အသက် ၂၆ နှစ်အရွယ် မလေးရှားနိုင်ငံသား အာမက်တာမီမီ မာလီကီသည် မေလ ၂၆ ရက်နေ့က ပေါက်ကွဲ စေတတ်သည့် ပစ္စည်းများ တင်ဆောင်ထားသော စစ်သုံးယာဉ် တစ်စီးကို အန်ဘာပြည်နယ် အတွင်းရှိ အီရတ် အထူးတပ်ဖွဲ့ ဌာနချုပ် စခန်းထဲသို့ မောင်းဝင်ပြီး အသေခံ တိုက်ခိုက်ခဲ့ရာ သူအပါအဝင် စစ်သားပေါင်း ၂၅ ဦး ကျဆုံးခဲ့ရသည်ဟု ယင်းသတင်းက ဆိုသည်။

ယခုလ အတွင်းကလည်း မလေးရှား ရဲတပ်ဖွဲ့သည် အစ္စလာမ္မစ် အုပ်စုနှင့် တရားမဝင် ဆက်သွယ်နေကြသည့် လူ ၁၅ ဦးကို ဖမ်းဆီးလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ယင်းတို့အထဲမှ တစ်ဦးသည် အသက် ၃၀ အရွယ်ခန့်ရှိပြီး ရေတပ်တွင် စစ်မှုထမ်း သက်ဆယ်နှစ်ခန့် ရှိသည့် အရာရှိတစ်ဦး ဖြစ်နေသည်။

စင်ကာပူနိုင်ငံသား အချို့သည် ဆီးရီးယားနိုင်ငံသို့ တိုက်ပွဲဝင်ရန် ထွက်ခွာနေကြကြောင်း စင်ကာပူနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် တောင်ချီဟင်းက ပါလီမန်တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ သူက “ကျွန်တော်တို့ နိုင်ငံထဲက ယခင်နိုင်ငံခြား တိုင်းပြည်တွေမှာ သွားရောက်ပြီး တိုက်ပွဲ ဝင်ခဲ့ဖူးသူတွေရော၊ အရှေ့တောင်အာရှနဲ့ အခြားအိမ်နီးချင်း နိုင်ငံတွေက အဲဒီနိုင်ငံတွေကို သွားရောက်ပြီး တိုက်ပွဲ ဝင်ခဲ့ဖူးသူတွေဟာ အာရှရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်” ဟုဆိုသည်။

စင်ကာပူ နိုင်ငံသားအဖြစ် ခံယူထားသည့် ဟာဂျာဖာကူရူဒင် အူစ်မန် အလီဆိုသူသည် သူ့ဇနီး၊ ကလေး သုံးယောက်တို့နှင့်အတူ ဆီးရီးယားနိုင်ငံသို့ ထွက်ခွာသွားကြသည်။ အခြား စင်ကာပူနိုင်ငံသား အမျိုးသမီး တစ်ဦးကလည်း သူ့ခင်ပွန်းနှင့် ကလေး နှစ်ယောက်ကိုခေါ်ပြီး ဆီးရီးယားနိုင်ငံကို ထွက်သွားကြကြောင်း ဒုဝန်ကြီးချုပ်က ပြောကြားသည်။ ယခုအခါ ထိုနိုင်ငံသို့ မိမိတို့ နိုင်ငံသားများ ထွက်ခွာခွင့်ကို ရပ်ဆိုင်း ထားလိုက်ရကြောင်း သူကဆိုသည်။

အင်ဒိုနီးရှား နိုင်ငံတွင်လည်း ထင်ရှားသည့် တရားဟော ဆရာတစ်ဦးကို ဂျာဗားတွင် လုံခြုံရေး အစောင့်များ ထူထပ်စွာ ချထားပြီး ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အပြစ်ပေးခဲ့သည်။ ထိုတရားဟော ဆရာသည် သူ့နောက်လိုက် တပည့်များကို အစ္စလာမ္မစ် အုပ်စုအတွက် တိုက်ပွဲဝင်ကြရန် တောက်လျှောက် ဟောပြောစည်းရုံး လှုံ့ဆော်ခဲ့သူ တစ်ဦးဖြစ်သည်။

အဘူဘာကာ ဘာရှားသည် အမေရိကန် ပြည်ထောင်စုတွင် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုကို ထူထောင်ရန် စိုင်းပြင်းနေသည့် ဂျာမားအန်ရှိုရု တာဟစ်အဖွဲ့ကို ထောက်ခံကြောင်း သတင်း ပါးလိုက်သည်ဟု Jakarta Post သတင်းတွင် ဖော်ပြထားသည်။ ထိုအဖွဲ့ကပင် နိုင်ငံရပ်ခြားရှိ တိုက်ပွဲဝင်မည့် သူများသို့ ဆက်လက် ထောက်ပံ့မှုများ ပေးသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် အစ္စလာမ္မစ် အုပ်စုနှင့် ဆက်သွယ် လှုပ်ရှားနေသူ ၅၀ ဦးခန့် ရှိသည်။ ယင်းတို့ အထဲမှ အသက် ၁၉ နှစ်အရွယ် ဝီလ်ဒင် မူကာဟာလက် ဆိုသူသည် ဆီးရီးယားနိုင်ငံသို့ သွားရောက် တိုက်ပွဲဝင်ခဲ့ဖူးသူ ဖြစ်ကြောင်း၊ ဘဂ္ဂဒက်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြင့် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ကြောင်း Jakarta Post သတင်းတွင် ရေးသားထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် သြစတြေးလျ နိုင်ငံသား တစ်ဦးဖြစ်သူ ဆီရန်တိုနီယိုကို နိုင်ငံမှ နှင်ထုတ်ရန် စီစဉ်ထားကြသည်။ သူ့ကို ဖမ်းမိထားချိန်တွင် ဆီရန်တိုနီယိုသည် အာဏာပိုင်များကို စကားတစ်ခွန်းမျှ မပြောဘဲ နှုတ်ပိတ်ရေငုံ နေခဲ့သည်။ သို့သော် ဖိလစ်ပိုင်တွင် သူနေစဉ်က သမီးရည်းစား ဖြစ်ခဲ့သည့် ဖိလစ်ပိုင်သူလေးက သတင်းထောက်များကို ဆီရန်တိုနီယိုသည် အပြစ်ကင်းသည့် ရိုးသားသူ တစ်ဦးဖြစ်ကြောင်းကို-

“သူဟာ ပုရွက်ဆိတ် တစ်ကောင်တောင် မသတ်ပါဘူး” ဟု သက်သေပြု ပြောကြားခဲ့သည်။


The Voice Weekly 

No comments:

Post a Comment

My Blog List