Friday, September 19, 2014

အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ကြေညာ



အသစ်ထုတ်ဝေမည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူပုံစံအား တွေ့ရစဉ်

အတုအပပြုလုပ်ခြင်းမှကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅ဝဝဝ တန်ငွေစက္ကူများကို အောက်တိုဘာ ၁ ရက် တွင် စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ်က စက်တင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ ၂ဝဝ၉ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သော ကျပ် ၅ဝဝဝ တန် ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မား စေရေး၊ အရည်အသွေးပိုမိုကောင်း မွန်စေရန် အသုံးပြု နိုင်မှုသက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေးကြိုးပုံစံ အသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ ၏မျက်နှာပြင်နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ထားသည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူကို ထုတ်ဝေမည်ဟု ကြေညာချက်တွင် ပါရှိသည်။
မူလ ကျပ် ၅ဝဝဝ တန်ငွေစက္ကူ၏ မျက်နှာစာတွင် ဒေါင်လိုက်ထည့်သွင်းထားသော အကန့်လိုက်ဆစ်ပိုင်းပြီး မြှုပ်နှံထားသော လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအသစ်ကို အကန့်လိုက်အဆစ်ပိုင်းပြီး ပြောင်းလဲထည့်သွင်း ထားမည်ဖြစ်ကြောင်း၊ လုံခြုံရေးကြိုးအသစ်သည် ယခင် လုံခြုံရေးကြိုးအဟောင်းထက် အရွယ်အစားပိုမိုကြီး၍ အရောင် လည်း ပြောင်းလဲနိုင်ပြီး ငွေစက္ကူကို ကြည့်သည့်အနေအထားပေါ်မူတည်၍ ကြိုး၏ အရောင်သည် ရွှေဝါရောင်မှ အစိမ်းရောင် သို့ ပြောင်းလဲနိုင်ကြောင်း၊ ငွေစက္ကူ ၏ မျက်နှာစာဘက် လက်ယာဘက်အပိုင်းတွင် ပုံစံအသစ်ဖြင့် ပြုလုပ်ထားသည့် ဆင် ဖြူတော်ပုံရေစာပါရှိပြီး ငွေစက္ကူကိုဖုံးအုပ်ထားသည့် ဗားနစ်(Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်းနိုင်သည့်အရာများကြောင့် ငွေစက္ကူ၏ အရောင်းအသွေးနိမ့်ကျ၍ ပျက်စီးခြင်းကို ကာကွယ်နိုင်ကြောင်းကြေ ညာချက်တွင် ပါရှိသည်။

ယခုထုတ်ဝေမည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူ၏ ငွေစက္ကူအရွယ်အစား၊ ပုံသဏ္ဌာန် နှင့် အရောင်သတ်မှတ်ချက်များမှာ မူလ ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတိုင်းဖြစ်ကြောင်းနှင့် လက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသော ကျပ် ၅ဝဝဝ တန်ငွေ စက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဟု ဗဟိုဘဏ်က ကြေညာခဲ့သည်။

ကျပ် ၅ဝဝဝ တန်ငွေစက္ကူ အတုများ နှင့် ကျပ် ၁ဝဝဝဝ တန်ငွေစက္ကူအတုများလည်း ပျံ့နှံ့ခဲ့ကြောင်း၊ စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျပ် ၁ဝဝဝဝ တန်ငွေစက္ကူအတု ရှစ်ရွက်နှင့် ထုတ်လုပ်သည့် ကာလာပရင်တာ များကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ယင်းသို့ ငွေစက္ကူအတုများ ပျံ့နှံ့ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ကျပ် ၅ဝဝဝ တန်ငွေစက္ကူ အား အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်ဟုဆိုကာ ငွေစက္ကူအသစ်များ ထုတ်ဝေမည်ဟု ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။


Eleven Media Group

No comments:

Post a Comment

My Blog List