Wednesday, September 17, 2014

IS အုပ်စုချေမှုန်းရေး စစ်ဗျူဟာအတိုင်း ပထမဆုံးအကြိမ် အမေရိကန်ထိုး စစ်ဆင်၊ အမေရိကန်နှင့် မဟာမိတ်တို့ကို တန်ပြန် တိုက်ခိုက်မည်ဟု ယင်းအုပ်စုကြေညာ



အမေရိကန် ပြည်ထောင်စုသည် မကြာသေးခင်က သမ္မတ ဘားရက်အိုဘားမား ထုတ်ဖော် ချပြထားသည့် မဟာဗျူဟာအရ အီရတ်နိုင်ငံရှိ အစ္စလာမ္မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အုပ်စုများအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ပထမဆုံး အကြိမ် အဖြစ် စတင်ဆင်နွှဲလိုက်ပြီ ဖြစ်သည်ဟု ပင်တဂွန် စစ်ဌာနချုပ်က ကြေညာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြ သည်။ 


အဆိုပါ ထိုးစစ်ဆင်မှုများကို အီရတ်မြို့တော် ဘဂ္ဂဒက် အနောက်တောင်ဘက် ဒေသတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် စစ်ဘက်က ထုတ်ဖော်ပြောဆိုပြီး ယင်းထိုးစစ်ကြောင့် အီရတ် အစိုးရ တပ်ဖွဲ့များကို တိုက်ခိုက်လျက်ရှိသည့် IS အုပ်စုများ၏ စခန်းများကို ချေမှုန်းဖျက်ဆီး ပစ်လိုက်နိုင်သည်ဟု ဆိုသည်။ 

အမေရိကန်သမ္မတ အိုဘားမားက IS အုပ်စုများကို အလုံးစုံ ချေမှုန်းသုတ်သင်မည့် မဟာဗျူဟာ တစ်ရပ်အား ထုတ်ဖော်ချပြ ခဲ့ပြီးနောက် ငါးရက်မျှ အကြာတွင် ယင်းဗျူဟာအရ ပထမဆုံးထိုး စစ်ဆင်တိုက်ခိုက်ခြင်း ဖြစ်သည်။ 

ထိုသို့ အမေရိကန်စစ်ဘက်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပေါ်ပေါက်လာသည့် နေ့တွင်ပင် IS အုပ်စု၏ ခေါင်းဆောင် တစ်ဦး သို့မဟုတ် ထောက်ခံသူတစ်ဦးဟု ယူဆရသူတစ်ဦးက အကယ်၍ မိမိတို့ အင်အားစုများအပေါ် ဆက်လက် ထိုးစစ်ဆင်မှုများ ပြုလုပ်နေမည် ဆိုပါက အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်များကို တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အွန်လိုင်းတွင် ပြုလုပ်သော အစ္စလာမ္မစ် စစ်သွေးကြွများ ဖိုရမ်မှတစ်ဆင့် ကြေညာသည်။ 

“အမေရိကန်တို့ ပြုလုပ်သည့် ထိုးစစ်အင်အားနှင့် ညီမျှသည့် အင်အားဖြင့် အမေရိကန် ပြည်ထောင်စုသာမက ၎င်း၏ မဟာမိတ်နိုင်ငံများကိုပါ ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု အသိပေးအပ်သည်” ဟု ယင်းအစ္စလာမ္မစ် စစ်သွေးကြွများ၏ ကြေညာချက်က ဆိုသည်။

အမေရိကန် ပြည်ထောင်စုသည် အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့၌ နယ်မြေ အမြောက်အမြား သိမ်းပိုက်ကာ အစ္စလာမ် နိုင်ငံတော် ထူထောင်မည်ဟု ကြွေးကြော်ထားသည့် IS အုပ်စုများအပေါ် ထိုးနှက် တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်လျက် ရှိပြီး အဆိုပါ IS အုပ်စု ချေမှုန်းရေး စစ်ပွဲတွင် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ ပူးပေါင်း ပါဝင်ရန်လည်း နည်းလမ်း ရှာဖွေလျက် ရှိသည်။ 

“ဘဂ္ဂဒက် အနောက်တောင်ဘက် ဒေသအပေါ် လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုသည် ပြီးခဲသည့် ရက်သတ္တတစ်ပတ် အတွင်း သမ္မတအိုဘားမား ထုတ်ဖော်ချပြထားသည့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပထမဆုံး လုပ်ဆောင်ခြင်း ဖြစ်သည်” အမေရိကန် စစ်ဘက်ဗဟို ကွပ်ကဲရေးဌာနက ကြေညာသည်။ 

ယခုတိုက်ခိုက်မှုသည် IS အုပ်စု ချေမှုန်းရေး မဟာဗျူဟာအရ ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ အမေရိကန် စစ်ဘက်သည် လေကြောင်းမှ ထိုးစစ်ဆင်မှု အကြိမ် ၁၆၀ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း စစ်ဘက် အရာရှိများ၏ အဆိုအရ သိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List