Wednesday, September 17, 2014

ဝေးလံခေါင်သီ ဒေသများမှ ကျောင်းများ အဆင့်မြှင့်ရန် ပညာရေးဝန်ကြီးဌာန တင်ပြမှု အားနည်းဟု ဦးခင်အောင်မြင့် ပြောကြား


မြန်မာနိုင်ငံအတွင်းရှိ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဝေးလံခေါင်သီ ဒေသများမှ စာသင်ကျောင်း များကို အဆင့်တိုးမြှင့် သတ်မှတ်ပေးရန်အတွက် ဆောင်ရွက်ရာတွင် ပညာရေး ဝန်ကြီးဌာနအတွင်း အဆင့်ဆင့်တင်ပြမှု အားနည်းလျက်ရှိကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဝေဖန်ပြော ကြားသည်။

စက်တင်ဘာ ၁၆ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောတော်ပလဲ၏ သံတောင် မြို့နယ် အတွင်း ကျောက်ကြီးတောင် အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကို အခြေခံပညာ အလယ်တန်း ကျောင်းအဖြစ် တိုးမြှင့် သတ်မှတ်ပေးရန်ရှိ၊မရှိ မေးခွန်းကို ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြန်လည် ဖြေကြားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ထောက်ပြခဲ့ခြင်း ဖြစ်သည်။ 

“အောက်ခြေ အဆင့်ဆင့်က တင်ပေးမှ လုပ်ပေးမယ်ဆိုရင် အောက်က တင်မပေးရင် ဘယ်လိုလုပ်မလဲ၊ အောက်က မတင်ပြပေးလို့ လွှတ်တော်မှာ တင်တာပေါ့၊ အဲဒါတွေကို ပြန်စဉ်းစားပါ” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဆိုသည်။

ကျောင်းအဆင့်တိုးမြှင့် ပေးရာတွင် ကျောင်းသားဦးရေ ပြည့်မီခြင်းရှိ၊ မရှိ ကျောင်းအဆောက်အအုံတွင် ပရိဘောဂ ပြည့်စုံမှု ရှိမရှိ အပေါ်တွင် သတ်မှတ်စဉ်းစားကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြောကြားသည့်အပေါ် ဦးခင်အောင်မြင့်က ကျောင်းအဆင့် တိုးမြှင့်ပေးခြင်းကို အဆောက်အအုံ ပရိဘောဂ ရှိ မရှိထက် ကျောင်းသား ရှိ မရှိကို အဓိကထားပြီး ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း တုံ့ပြန်ပြောကြားသည်။

သို့သော်လည်း မြန်မာနိုင်ငံ အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော တိုင်းရင်းသား ဒေသများတွင် ကျောင်းအဆင့် တိုးမြှင့်ရန် လိုအပ်နေပြီး သင်ပြမည့် ဆရာ၊ ဆရာမဦးရေ နည်းပါးလျက် ရှိကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပရဟိတ စာသင်ကျောင်းမှ အသက် (၃၀) အရွယ်ရှိ မူလတန်းပြ ဆရာတစ်ဦးက ပြောသည်။

လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု၊ ဒေသန္တရ အခြေအနေ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက်များအရ သတ်မှတ်ချက်အဆင့် မူဝါဒများကို ဖြေလျှော့ပြီး ပြည်နယ် အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်နှင့် တင်ပြလာပါက ကျောင်းများကို အဆင့်တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။

မြန်မာနိုင်ငံ အတွင်းရှိ အစိုးရ စာသင်ကျောင်းများကို မူလတန်းကျောင်း၊ မူလတန်း လွန်ကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း (ခွဲ)၊ အထက်တန်း ကျောင်းဟူ၍ သတ်မှတ် ထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List